စာကြည့်တိုက်(၁)
အဲဒီနေရာက
မိခင်လောင်းရဲ့သားအိမ်မြတ်လို
သားသမီးရတနာတွေ
ထွန်းကားလာမယ့်နေရာ
ရွှေထုပ်တဲ့ပုဝါဆိုတော့
ဒိုင်ယာနာ ကိုယ်ဝန်ဆောင်သလို
ကျက်သရေရှိဖို့လည်း လိုတယ်လေ။
မောင်ထိန်လင်း(မြို့သာ)
၉.၉.၂၀၁၇
စာကြည့်တိုက်(၂)
စာသင်တဲ့ကျောင်းဆိုတာ
လယ်ယာမြေကောင်းဆိုရင်
ပေါင်းတွေမြက်တွေရှင်းလင်း
သိခြင်းဆိုတဲ့ပညာ
ဆင်ခြင်ခြင်းဆိုတဲ့ပညာ
ဘယ်နေရာကလာသလဲ?
ခုလိုမိုးကောင်းတဲ့ရက်မြတ်
မေတ္တာအစိုဓာတ်တွေ
နူးအိနေတဲ့ကာလ
အနာဂါတ်မျိုးစေ့တွေကျဲချတဲ့အခါ
အဖျင်းအလေးတွေကင်းဝေးစေတဲ့
ပေါင်းသတ်ဆေးပိုးသတ်ဆေးဆိုတာ
စာကြည့်တိုက်လို့ ခေါ်ချင်ပါတယ်။
မောင်ထိန်လင်း(မြို့သာ)
၉.၉.၂၀၁၇
စာကြည့်တိုက်(၃)
သူ့ခမျာ
ပွင့်ချင်တိုင်းလည်းမပွင့်ရ
ရင့်ချင်တိုင်းလည်းမရင့်ရ
မွှေးချင်တိုင်းလည်းမမွှေးရ
သွေးချင်တိုင်းလည်းမသွေးရ
လန်းချင်တိုင်းလည်းမလန်းရ
ဆန်းချင်တိုင်းလည်းမဆန်းရ
ဝဋ်နာကံနာတစ်ခုလို
နုလျှက်နဲ့ နေလောင်
ရင့်မှည့်ချင်ယောင်ဆောင်ခဲ့ရတဲ့
လူစဉ်မမီသစ်သီးတွေ
ဘ၀ပေတံကြားမှာ ခါးမှာစိုးသတဲ့လေ။
သူက။
မောင်ထိန်လင်း(မြို့သာ)
၉.၉.၂၀၁၇
စာကြည့်တိုက်(၄)
ရွှေသိုက် ငွေသိုက်
ရတနာသိုက်မဟုတ်တော့
မြန်မာပြည်မှာ
စာကြည့်တိုက်လေးခမျာ အားငယ်နေရရှာတယ်
ပြိုးပြိုးပျက်ပျက်
ဇိုးဇိုးဇက်ဇက်တွေမပါဘူး
မီဒီယာအင်အားသုံး
မျက်နှာဖုံးပေါ်က မဟုတ်ဘူး
လူမှုရေးဝက်ဆိုက်ပေါ်က
မအေးသောင်းမဟုတ်ဘူး
မအိမ်ကံမဟုတ်ဘူး
သိုက်ကလာတာမဟုတ်ဘူး
ဂျင်းကောင်မဟုတ်ဘူး
ဒါပေမယ့်
ညောင်စေ့လေးလောက်ပျိုးရုံနဲ့
ညောင်ပင်ကြီးလောက်ပြန်မိုးပေးတတ်တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၀.၉.၂၀၁၇
စာကြည့်တိုက်(၅)
စာအုပ်စာပေ လူ့မိတ်ဆွေ”တဲ့
ဒီလိုဆိုတော့
စာအုပ်တွေအများကြီးရှိတဲ့
စာကြည့်တိုက်က
မိတ်ဆွေအင်ပါယာကြီးပေါ့
ရန်သူတစ်ယောက်ရှိတာ များပြီး
မိတ်ဆွေတစ်ရာရှိတာ နည်းသတဲ့
ဒါဆို စာကြည့်တိုက်တွေ
အများကြီးလိုတာပေါ့
ထူးတာပေါ့
ခင်ဗျား ကောက်ပစ်လိုက်တဲ့
ကြယ်ငါးလေးအတွက် ထူးတာပေါ့။
မောင်ထိန်လင်း (မြို့သာ)
၁၀.၉.၂၀၁၇
စာကြည့်တိုက်(၆)
ဒီလိုဗမာဂျပုလေးကို
ကုလသမဂ္ဂအတွင်းရေးမှူးလို
အဆင့်မြင့်နေရာပေးရသလား …
ရှုတ်ချတော့
ကျုပ် အရပ်
နပိုလီယံထက် တစ်လက်မ သာသတဲ့
အဲဒီ စာပေချစ်တဲ့ ဦးသန့်
ဒီနေရာကနေ တောင်ပံဖြန့်ခဲ့တာပေါ့။
မောင်ထိန်လင်း(မြို့သာ)
၁၁.၉.၂၀၁၇
စာကြည့်တိုက်(၇)
တကယ့်စာကြည့်တိုက်များ
အသက်ဝင်ရင်
ပွဲစားတစ်ယောက်လိုပဲ
နိဗ္ဗာန်ရောက်ကြောင်းတွေတောင်
ရွှန်းရွှန်းဝေကုန်တာပဲ
တကယ့်စာကြည့်တိုက်များ
အသက်ဝင်ရင်
မိုးမျှော်လှေကားလိုပဲ
တက်သလောက်
အမြင့်ရောက်တော့တာပဲ
တကယ့်စာကြည့်တိုက်များ
အသက်ဝင်ရင်
မျက်စိပြန်မြင်တဲ့သူလိုပဲ
တန်ဖိုးရှိရှိ
ကြည့်တတ်သွားတာပဲ။
မောင်ထိန်လင်း(မြို့သာ)
၁၁.၉.၂၀၁၇
စာကြည့်တိုက်(၈)
သူက ၀န်ဇင်းမင်းရာဇာကို
ပြုံးပြီး ခေါင်းခါတယ်
စာရှည်ငညိုသာဆို
ကမ္ဘာကျော်မယ်တဲ့လေ
သူက ဟစ်တလာကိုလည်း
ပြုံးပြီး ခေါင်းခါတယ်
သမိုင်းစာ စိတ်ဝင်စားရင်
ကောင်းစွာကျော်ကြားမယ်တဲ့လေ
သူက နိုဗယ်လ်ရဲ့ ဒိုင်းနမိုက်ထဲ
အတွင်းအောင်ခြင်းတွေ
ထည့်ပေးချင်သတဲ့
သူက ကင်ဂျုံအန်းရဲ့ ပဲ့ထိန်းဒုံးကျည်ထဲ
အနန္တဂရုဏာတွေ
ထည့်ပေးချင်သတဲ့
ဝင်းတံခါးဖွင့်ပြီး
ကမ္ဘာပတ်ဖို့ ထွက်လာခဲ့တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၁.၉.၂၀၁၇
စာကြည့်တိုက်(၉)
ဘယ်လိုဖက်မျိုးက စပယ်ရနံ့မွှေးမှာလဲ
ကတ်မီးလှုံသူ ဘယ်နှယောက်
အောင်သင်း ဖြစ်ခဲ့သလဲ
ဆိုးသွမ်းသူ ဘယ်နှယောက်
ပခုက္ကူ ဦးအုံးဖေ ဖြစ်ခဲ့သလဲ
အရက်ဆိုင်ထဲက ဘယ်နှယောက်
စာကြည့်တိုက်ထဲက ဘယ်နှယောက်
ပေါက်ရောက်အောင်မြင်သလဲ
မဲခွဲဆုံးဖြတ်စရာမလိုဘူးလေ
စာပေမျက်လုံးတွေ
မျက်စဉ်းခပ်စရာမလိုဘူးလေ။
မောင်ထိန်လင်း(မြို့သာ)
၁၂.၉.၂၀၁၇
စာကြည့်တိုက်(၁၀)
သူ့ရင်ဘတ်ကိုကြည့်ပြီး
ဒေးဗစ်ကိုပါဖီး ဖြုံသွားတယ်
ယုံတောင်မယုံနိုင်ပါလားကွယ်”တဲ့
သမ္မတကြီးတွေထုတ်ပြလိုက်
လူထုခေါင်းဆောင်ကြီးတွေထုတ်ပြလိုက်
သိပ္ပံပညာရှင်တွေ
ဝိဇ္ဇာကြီးတွေ
အနုပညာရှင်တွေ မကုန်နိုင်မခမ်းနိုင်
အဆောက်အဦး သေးသေးလေးကို
ငေးကြည့်နေရတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၂.၉.၂၀၁၇
စာကြည့်တိုက်(၁၁)
ချို့တဲ့သူတွေအတွက် အရင်းအနှီး
ကြွယ်ဝသူတွေအတွက် အကျိုးအမြတ်
ဒီလိုအနက်ဖွင့်ကြတော့
ဒါက
ကမ္ဘာ့သမ္မာသမာဓိပွဲရုံကြီးပေါ့နော်
ဖရန်စစ်ဘေဂွန်က
ပါဝါအစစ်အမှန်ကို
မီးမောင်းထိုးပြလိုက်တော့
ဒါက
စွမ်းအင်သိုလှောင်ရုံကြီးကို ဖြစ်လို့
ကိုယ်က မီးမကျွမ်းတဲ့ မီးသီးပဲ
ဖြစ်ဖို့လိုတော့တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၃.၉.၂၀၁၇
စာကြည့်တိုက်(၁၂)
ပညာဟာ
ခေတ်တစ်ခေတ်ကို ထူထောင်ပြီး
ယစ်မူးမနေ
ကမ္ဘာအနှံ့ခြေဆန့်ပြီး
သဲပုံမှာ သစ်ခက်စိုက်ထိုးပစ်ခဲ့တယ်
ဦးနှောက်ယိုစီးတာတို့
ဦးနှောက် ဖောက်စားတာတို့
ခေတ်စားလာချိန်မှာ
စာကြည့်တိုက်ကို
ကိုယ့်အိမ်ကိုယ့်ယာလို့ သဘောထားလာကြတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၄.၉.၂၀၁၇
စာကြည့်တိုက်(၁၃)
နေရိပ်လိုချင်ရင် နေပူကစောင့်တဲ့
စာကြည့်တိုက်ထဲမှာတော့
အမြဲအရိပ်ရနေရဲ့
အသာစံရဖို့ အနာခံရမယ်ဆိုတာ
ဘုရားဟောမဟုတ်ဘူး
ငရျဲပည္ကေန
ဗြဟ္မာနှစ်ဆယ်
တန်းမရောက်ဘူးလေ
စာကြည့်တိုက်ကတော့
အမြဲအသာရနေရဲ့။
မောင်ထိန်လင်း(မြို့သာ)
၁၅.၉.၂၀၁၇
စာကြည့်တိုက်(၁၄)
တောင်ချောက်ကြားကဆူးကို
ဘယ်သူ ချွန်ပေးခဲ့သလဲ
သူ့ဘာသာသူချွန်စေတာတဲ့
သဘာဝအတိုင်းဆို
ထက်လှ တစ်ချောင်း နှစ်ချောင်းပေါ့
သံမှိုစက်က ထွက်သမျှထဲမှ
ပျက်လှ တစ်ချောင်း နှစ်ချောင်းပေါ့
စာကြည့်တိုက်ထဲက ထွက်လာရင်
မိဘတွေ ရင်အေးရတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၆.၉.၂၀၁၇
စာကြည့်တိုက်(၁၅)
ဘယ်လိုပဲ အရောင်တွေ စွန်းထင်းနေပါစေ
သူ့လက်ဖ၀ါးထဲမှာ ဖြူဖွေးသန့်စင်ကုန်တယ်
ဘယ်လိုပဲ မှေးမှိန်ဖျော့တော့နေပါစေ
သူ့အမွှေးသူ့အတောင်အတိုင်း
တောက်ပြောင်ပေါ်လွင်စေတယ်
ရောင်စုံပန်းတစ်ခင်းရှိတယ်လေ
မွှေးရနံ့ကလည်း
ပဲရစ်က လာသလားလို့ မိန်းမောသွားစေတယ်
ဗြဟ္မာ့ပြည်အထိလှုပ်ခတ်လို့
ထိတွေ့မိသူတိုင်း
ပါးနှစ်ဖက် ၀င်းပြောင်နေတယ်လေ။
မောင်ထိန်လင်း(မြို့သာ)
၁၇.၉.၂၀၁၇
စာကြည့်တိုက်(၁၆)
ငါတို့ ဘာမှ မစွမ်းနိုင်ပါလား”
ငြီးတွားရတဲ့အခါ
သတိရလာတယ်
ငါတို့ ချောက်ထဲရောက်နေပါလား”
သတိရတဲ့အခါ
ငြီးတွားမိပြန်တယ်
နောင်တမုတ်သုန်မိုးစက်ထဲမှာ
ဖိနပ်တောင်မပါကြပါလားကွယ်။
မောင်ထိန်လင်း(မြို့သာ)
၁၈.၉.၂၀၁၇
စာကြည့်တိုက်(၁၇)
ငါတို့
ဘယ်သူ့ဘက်ကရပ်တည်ရမယ်
ဘာကြောင့်ရပ်တည်ရတယ်
ဘယ်အချိန်ထိရပ်တည်ရမယ်
ဆိုတာ
ဆင်ခြင်နိုင်စွမ်းမရှိဘဲ
မဆုံးဖြတ်နိုင်ဘူး
သင်ယူရမယ်
လေ့လာရမယ်
ချိန်ဆရမယ်
ညှိယူရမယ်
ကျင့်သုံးရမယ်
ပြီးတော့ မျှဝေရမယ်
ဒီဖြစ်စဉ်ကြီးစဖို့အတွက်
အခြေခံဗဟုသုတလိုတယ်လေ
ဗဟုသုတအခြေခံနိုင်ဖို့အတွက်
စာကြည့်တိုက်တွေလည်း လိုတယ်လေ
အားလုံးလက်လှမ်းမီဖို့အရေးဟာ
လူ့အခွင့်အရေးတစ်ရပ်ပဲမို့လား။
မောင်ထိန်လင်း(မြို့သာ)
၁၉.၉.၂၀၁၇
စာကြည့်တိုက်(၁၈)
သတိတရရှိကြသူတွေ
ထပ်ပြန်တလဲလဲ သတိတရရှိကြသူတွေကို
မေးကြည့်တယ်
ဘာကြောင့်လဲ
မမေ့မလျော့ခြင်းကို မေ့လျော့နေတဲ့အထဲမှာ
သတိရခြင်းအမြစ်တွယ်နေကြလဲ
ကျေးဇူးတရားကြောင့်တဲ့
ငါတို့
မမေ့သင့်ဘူးလေ။
မောင်ထိန်လင်း(မြို့သာ)
၂၀.၉.၂၀၁၇
စာကြည့်တိုက်(၁၉)
ကျားသေကိုအသက်သွင်းတာမှ
မဟုတ်တာ
နောင်တရစရာမရှိဘူးလေ
အိပ်မက်ကိုအသက်သွင်းတဲ့လက်
နှလုံးသားရဲ့ကကွက်
ပညာဆန်တဲ့စုတ်ချက်တိုင်းမှာ
လှိုင်းတွေ
မရပ်မနား လှိုင်းတွေ
ရင်ခွင်ကမ်းစပ်ရိုက်ခတ်နေမယ်
နားထောင်ကြည့်ပါ့လား
ပီတိရွှန်းလဲ့သံစဉ်တွေဝဲပျံ…..
မောင်ထိန်လင်း(မြို့သာ)
၂၁.၉.၂၀၁၇
စာကြည့်တိုက်(၂၀)
နာမည်ကျော်ကြား
ထရိတ်ဒါးဟော်တယ်လောက်လား
ပြည့်စုံခမ်းနား
ဆီဒိုနားဟော်တယ်လောက်လား
မဟုတ်ဘူး
မဟုတ်ဘူး
သူဌေးတစ်ဦးရဲ့ကားဂိုထောင်
မီးဖိုချောင်လောက်ပါပဲ
ကြံဖန်ပြီးဝမ်းမနည်းဘူး
ခုရေတွင်းတူး
မပြန်မဖောက်
ချက်ချင်းရေကြည်သောက်ချင်တဲ့သူတွေကြားမှာ
မြို့ငယ်လေးကိုတော့အားနာပါရဲ့
တစ်မြို့နယ်လုံး
ကျောင်းသားအများဆုံး
အောင်ချက်အကောင်းဆုံးဂုဏ်
ဖုန်နေတဲ့လမ်း
စန်းပွင့်နေတဲ့ဈေးကွက်
ဈေးအတက်ကြမ်းတဲ့မြေ…..
ဒါတွေ ထားလိုက်ပါတော့၊
အဲဒီစာသင်ကျောင်းထဲမှာ
ကားဂိုထောင်လောက်ဆောက်ပြီး
စာအုပ်ကလေးတွေထားချင်တယ်။
မောင်ထိန်လင်း(မြို့သာ)
၂၁.၉.၂၀၁၇
စာကြည့်တိုက်(၂၁)
ကြည့်စမ်း
ကောင်းကင်ပျောက်နေတဲ့
ငှက်ကလေးတွေ
ကြည့်စမ်း
ရင်ခွင်ပျောက်နေတဲ့
ကလေးတွေ
ကြည့်စမ်း
လေကြောင်းပျောက်နေတဲ့
ရွက်လှေလေးတွေ
ကြည့်စမ်း
ဘ၀လမ်းမှာ ပန်းမပါ နံ့သာကင်း
ခေါင်းမစားရလို့ မင်း”မဖြစ်ရတဲ့
မင်းလောင်းတွေ
ရှိနေပါ့လား
ဒီတစ်ခါတော့
မရဘူး။
မောင်ထိန်လင်း(မြို့သာ)
၂၂.၉.၂၀၁၇
စာကြည့်တိုက်
“ငြိမ်းချမ်းရေးအစ
သင့်နှလုံးသားက”တဲ့။
“ပညာပြည့်ဝ၊ နှလုံးလှသော်
ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်
ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ
ပြီးနိုင်စွာ၏”တဲ့။
ဦးနှောက်နဲ့နှလုံးသား၊ဆတူကြီးထွားမှ
မုသားကမ္ဘာမှာ
ဘာကအကောင်း၊ ဘာကအဆိုး
ရှုထောင့်အမျိုးမျိုးသုံးသပ်
တည့်တည့် မတ်နိုင်ပေလိမ့်။
သုတစာပေ၊ အသိပန်း ဝေ
ရသစာပေ၊ စာနာတတ်ပေ
မြနဲ့ရွှေပမာ
စာပေနှစ်ပါး၊ ရင်ဝယ်ထားက
တစ်ယောက်စ တစ်ရာ
ငြိမ်းချမ်းရေးကမ္ဘာ မွေးဖွားပေလိမ့်။
အမျိုးသားစည်းကမ်းအစ
စာသင်ကျောင်းက…ဆိုရင်
အမျိုးသားငြိမ်းချမ်းရေးအစ
စာကြည့်တိုက်က…လို့ ဆိုချင်ပါတယ်၊
မြန်မာပြည်အနှံ့၊ မြေပြန့်တောင်ပေါ်
စာကြည့်တိုက်တွေပေါ်ပေါက်
တောက်ပရှင်သန်၊ တာဝန်ကျေပွန်
မွန်မြတ်လုပ်ငန်း၊ ပန်းရနံ့မွှေး
ငြိမ်းချမ်းရေးလည်းပွင့်ဝေလိမ့်။
မောင်ထိန်လင်း(မြို့သာ)
၂၂.၉.၂၀၁၇
စာကြည့်တိုက်(၂၂)
ဘယ်လိုလူမျိုးက ဗုဒ္ဓလဲ
ဘယ်လိုဌာနက စေတီထိုက်သလဲ
မဲခွဲဆုံးဖြတ်စရာမလိုဘူး
ပရိသတ်အယောက်တစ်ရာ
ရှာစရာမလိုဘူး
လက်ဝယ်တင်ထား ပတ္တမြား”လို၊
နှလုံးသားတွေမှာ တည်တဲ့ ဘုရား
လင်းတ ဘယ်လို နားနိုင်မယ်
နေရောင်မစားနိုင်ဘူးလေ။
မောင်ထိန်လင်း(မြို့သာ)
၂၃.၉.၂၀၁၇
စာကြည့်တိုက်(၂၃)
စာ= စာနာတတ်သူတို့
ကြည့်= ကြည့်ရှုစောင်မမှုဖြင့်
တိုက်= တိုက်တစ်လုံးဖြစ်လာသော
စာကြည့်တိုက်
အဲသလို ၀ိသေသလက္ခဏာနဲ့
ဘာသာပြန်ကြည့်လိုက်တော့
တို့စာကြည့်တိုက်ကလေးခမျာ
စာနာထောက်ထားတတ်သူတွေကို
မေးကလေးထောက်
စောင့်မျှော်နေရှာပေါ့။
မောင်ထိန်လင်း(မြို့သာ)
၂၄.၇.၂၀၁၇
စာကြည့်တိုက်(၂၄)
သုံးနှစ်လောက်မိုးခေါင်နေတဲ့
ကိုးချောင်းရွာလေး သိလား
စာကြည့်တိုက်ရှိလို့ သတိထားမိတယ်
တခမ်းတနား
မြင့်မားတဲ့ရည်ရွယ်ချက်နဲ့
အအေးဓာတ်တွေ စွတ်စိုနေပုံက
တစ်ရွာလုံးစာရေခပ်ထားသလို
တစ်ရွာလုံးစာစိုက်ပျိုးထားသလို
တစ်ရွာလုံးစာ…
တစ်ရွာလုံးစာ…
ပျောက်နေတဲ့ရွာထဲရောက်သွားကြသလို
စာကြည့်တိုက်ကိုစိုက်ပျိုးထားတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၅.၉.၂၀၁၇
စာကြည့်တိုက်(၂၅)
ဝမ်းစာမိုးတွင်းကြီးထဲမှာ
ပွဲမပြီးသေးခင်
မီးက သေချင်နေတယ်
ကိုယ်ပဲ အဆမတန် မြိုမိထားသလား
တစ်ခါတလေတွေးမိတယ်၊
အမှောင်ကျင့်သားရ မျက်လုံးတွေ
လျှပ်စီးတပြက် လျှပ်ရုံနဲ့
ဘ၀ပျက်မတတ်ခြောက်ခြားသလို
ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့
ဝန်လေးနေကြတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၆.၉.၂၀၁၇
စာကြည့်တိုက်(၂၆)
စာထဲမှာ ဆား”တွေ အများကြီး
လူပေါ့တွေ လေးအောင်
စာအုပ်လိုက်ပစ်ထည့်လိုက်တယ်
စိတ်လျှာနဲ့
လိပ်ပြာကလေးတွေ မြည်းစမ်းကြည့်
သိတယ်လေ… သိတယ်
ပြောတဲ့သူတွေ
ထိမိပါစေ။
မောင်ထိန်လင်း(မြို့သာ)
၂၇.၉.၂၀၁၇
စာကြည့်တိုက်(၂၇)
ဝမ်းစာပြည့်ဝသူတွေသာ
ထွက်ပေါ်လာ
ထွက်ပေါ်လာသူတွေသာ
ခေတ်ကိုထူမတ်
ထူမတ်လာတဲ့ခေတ်သာ
သမိုင်းဖြစ်တည်
ဖြစ်တည်လာတဲ့သမိုင်းထဲမှာ
ဝမ်းစာရှာဖွေတဲ့သူတွေ
ဒုနဲ့ဒေး
သွေးနွေးသူတွေသာ
စာကြည့်တိုက်ကို ရှာဖွေနိုင်လိမ့်။
မောင်ထိန်လင်း(မြို့သာ)
၂၈.၉.၂၀၁၇
စာကြည့်တိုက်(၂၈)
နိုင်ငံတော်ကို
ဒီလိုပဲ နိုင်ငံနဲ့ချီပြီး ပြောလိုက်တော့မယ်
နိုင်ငံတော်ကို
ဒီမိုကရေစီလမ်းကြောင်းပေါ် ဆွဲတင်တဲ့အခါ
နိုင်ငံသားတွေကိုယ်တိုင် ကြိုးစကိုင်ရမှာ
ဘယ်ကြိုးစ ဘယ်လိုကိုင် ဘယ်လိုဆွဲဆိုတာ
စာကြည့်တိုက်တွေကလည်း တစ်ခန်းတစ်ကဏ္ဍပဲလေ။
မောင်ထိန်လင်း(မြို့သာ)
၂၉.၉.၂၀၁၇
စာကြည့်တိုက်(၂၉)
ထုတ်ကုန်ကောင်းကောင်းတွေ
သောင်းသောင်းဖြဖြကြိုဆိုကြ
ချီးကျူးကြ
အားပေးကြ
စားသုံးသူဘ၀နဲ့လေ
ထုတ်ကုန်ကောင်းဖို့
ကုန်ကြမ်းကောင်းကောင်းလိုတာ
မေ့နေလိုက်ကြတာ။
မောင်ထိန်လင်း(မြို့သာ)
၃၀.၉.၂၀၁၇
စာကြည့်တိုက်(၃၀)
မသိလိုက်ကြဘူး
အနစ်နာခံသွားတဲ့ သူရဲကောင်းတွေ
အများကြီး
မသိလိုက်ကြဘူး
စတေးခံလိုက်တဲ့ အနုပညာသမားတွေ
အများကြီး
မသိလိုက်ကြဘူး
မပိုင်ဆိုင်ရတဲ့ ကြွယ်ဝမှုတွေ
အများကြီး
မသိလိုက်ကြဘူး
မတူးဖော်ရတဲ့ သယံဇာတတွေ
အများကြီး
မသိလိုက်ကြဘူး
မသိလိုက်တာတွေ
အများကြီး
မသိလိုက်ကြဘူး။
မောင်ထိန်လင်း(မြို့သာ)
၁.၁၀.၂၀၁၇
စာကြည့်တိုက်(၃၁)
ကြည့်တတ်သူ မြင်လိမ့်
ဒီလို ကျိမ်စာဆိုလိုက်တယ်
ပန်းကလေးတွေ လှလိုက်တာ…တဲ့
သူ့မှာ
ဓာတ်ကြီးလေးပါး နဲ့ အာကာသ
မျှမျှတတပေါင်းစပ်တတ်ဖို့
အကြိမ်ပေါင်းထောင်သောင်းမက
ထုဆစ်ခဲ့ရရှာတယ်
ကြည့်တတ်သူ မြင်လိမ့်
ဒီလို ကျိမ်စာဆိုလိုက်တယ်။
မောင်ထိန်လင်း(မြို့သာ)
၂.၁၀.၂၀၁၇
စာကြည့်တိုက်(၃၂)
ဘာမှရေးမထားတော့ ဗလာစာအုပ်
ကဗျာရေးထားတော့ ကဗျာစာအုပ်
ဝတ္ထုရေးထားတော့ ၀တ္ထုစာအုပ်
ဆောင်းပါးရေးထားတော့
ဆောင်းပါးစာအုပ်
ပြဇာတ်ရေးထားတော့ ပြဇာတ်စာအုပ်
သမိုင်းရေးထားတော့ သမိုင်းစာအုပ်
ဘ၀က
စာအုပ်တစ်အုပ် ဆိုပါတော့
ကျောင်းတစ်ကျောင်း ကျောင်းက
စာတစ်ကြောင်း နှစ်ကြောင်း
ရေးပေးဖူးမှာပါ
စာလုံးပေါင်းဖတ်ကြည့်။
မောင်ထိန်လင်း(မြို့သာ)
၃.၁၀.၂၀၁၇
စာကြည့်တိုက်(၃၃)
ရည်ရွယ်ချက်နဲ့
အသက်မ၀င်အောင် အမိန့်ပေးထားခဲ့တယ်
ခုချိန်ထိ
အရှိန် သေ
လေလွင့်သူတွေ လေလွင့်သူစာအုပ်ထက် များပြား
ရေသောက်ရင်တောင်မချိုအောင်
ဘ၀တွေခါးကုန်တာကြည့်
ရှင်သန်နိုင်ချိန်မှာ
ပျံဝဲကြည့်လိုက်ပါ
ကောင်းကင်ကြီးက ပြာ လို့။
မောင်ထိန်လင်း(မြို့သာ)
၎.၁၀.၂၀၁၇
စာကြည့်တိုက်(၃၄)
ပျော်စရာသီတင်းကျွတ်ညလေး
ဆီမီးလေးတွေ စီစီရီရီ ပူဇော်လို့
အလှနဲ့အလင်းပြိုင်တူထွန်းညှိထား
ပါဖို့မင့်ပန်းချီကားတစ်ချပ်
ကြည်နှူးမှုဓာတ်ကူး
မီးရှူးမီးပန်းတွေ
တဒိုင်းဒိုင်း ရှူးဒိုင်းတွေ
လှပ်ကနဲ ဆတ်ကနဲ ပျော်စရာ
စာကြည့်တိုက်လေးရှေ့
မီးထွန်းပြီးပြီလား
တကမ္ဘာလုံး လင်းသွားမယ်
ထာဝရပျော်ရမယ်။
မောင်ထိန်လင်း(မြို့သာ)
၅.၁၀.၂၀၁၇
စာကြည့်တိုက်(၃၅)
စာဖတ်သောလူမျိုးသည် တိုးတက်သည်…တဲ့
ဒါဆို စာအုပ်တွေက လှေကားထစ်တွေ
စာကြည့်တိုက်က ဘာလဲ
ဒါဆို စာကြည့်တိုက်က ဘယ်လဲ
ဒါ ဆို
စာ
ကြည့်
တိုက်
က
ဘာ လုပ် ဖို့ လဲ….
မောင်ထိန်လင်း(မြို့သာ)
၆.၁၀.၂၀၁၇
စာကြည့်တိုက်(၃၆)
ရိုလာကိုစတာ စီးသလိုပေါ့လေ
အဖက်ဖက်က ပြည့်စုံနေရင်တောင်
ကိုယ့်အနေအထား မထားတတ်ရင်
ဇတ်နာ ပုခုံးနာရသလိုပေါ့
တိုင်းပြည်ကို ပြည့်စုံအောင်ကြိုးစားဆဲကာလမှာ
ဇတ်နာ ပုခုံးနာမဖြစ်ဖို့
အနေအထားမှန်မှန်နေတတ်ရမယ်။
မောင်ထိန်လင်း(မြို့သာ)
၇.၁၀.၂၀၁၇
စာကြည့်တိုက်(၃၇)
ပုံပြင်ခေတ်တုန်းက
သူရဲကောင်းဇာတ်လိုက်
ကာတွန်းခေတ်တုန်းက
ကာတွန်းဇာတ်လိုက်
ဗီဒီယိုရာဇ၀င်ခေတ်တုန်းက
မင်းသားဇာတ်လိုက်
စူပါမင်း
ပါဝါရိန်းဂျား
သိပ္ပံနယ်လွန်လူစွမ်းကောင်းတွေ
စိတ်ကူးယဉ်အိပ်မက်မက်ခဲ့ကြ
အဖြေဟာ လက်တွေ့ဘ၀ထဲရောက်လာခဲ့
မြေ၊ရေ၊လေ…အာကာသအထိ
ဘာလို့ပိုင်စိုးနိုင်တာလဲ?
မောင်ထိန်လင်း(မြို့သာ)
၈.၁၀.၂၀၁၇
စာကြည့်တိုက်(၃၈)
စာပေဆိုတာ ထင်းပဲ
ပညာမီး မွှေးရတယ်လေ
မီးကို ကောင်းကျိုးအတွက် သုံးမလား
ဆိုးကျိုးအတွက် သုံးမလားဆိုတာမှာ
စာပေက မီး ဖြစ်သွားပြန်တယ်
ဒါတော့ အလင်းအတွက်လေ။
မောင်ထိန်လင်း(မြို့သာ)
၉.၁၀.၂၀၁၇
စာကြည့်တိုက်(၃၉)
အချိန်ရထားကြီးက
သူ့ဘာသာအလံစိမ်းချိုး ထွက်ခွာသွားချေပေါ့
နောင်တလက်မှတ်လေး
ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားသူတွေ
ငေးကြည့်နေကြဆဲ
ကိုယ်တိုင်ခူး ကိုယ်တိုင်ပန်မယ်ဆိုရင်
ဆံတုံးရှိပြီး
အုန်းဆီမရှိတဲ့ ကျောင်းကလေးရှိတယ်
သူ့ရင်
လွင်ပြင်ထဲ
စံပယ်ပန်းတွေ ဖွေးဖွေးလှုပ်နေပေါ့။
မောင်ထိန်လင်း(မြို့သာ)
၁၀.၁၀.၂၀၁၇
စာကြည့်တိုက်(၄၀)
ကျီးတွေက မကန်းဘူး
ကမ်းတာ
အုပ်လိုက် ပျံသန်း
အစာတွေ့ရင်၊ ဒုက္ခတွေ့ရင် ၀ိုင်းအာ
သမဂ္ဂစိတ်နဲ့
ရင်ဘတ်တံဆိပ်ထိုး မျိုးချစ်သူတွေ
ကျီးတွေလို မကမ်းဘဲ ကန်းနေတဲ့သူတွေ
ရှိနေကြတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၂.၁၀.၂၀၁၇
စာကြည့်တိုက်(၄၁)
ကိုယ် မရခဲ့တဲ့ အခွင့်အရေး
သူတပါးလည်း မရစေဘူး စိတ်ယုတ်မာ…
ကိုယ် မရခဲ့တဲ့ အခွင့်အရေး
သူတို့ စံစားရပါစေ…. မုဒိတာ
မဟာဗြဟ္မာတို့ရဲ့ ပေးမှတ်
၁၀၀ ပြည့်ဖို့ခက်တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၂.၁၀.၂၀၁၇
စာကြည့်တိုက်(၄၂)
အရင်ကလေးတွေက
မိုး ဘာကြောင့်ရွာ
သိကြားမင်းကြီးကြောင့် ရွာ၊
ခုကလေးတွေက
မိုးဆိုတာ…အစချီပြီး
အကြောင်းအကျိုးပြ၊
သိပ္ပံနည်းကျကျရှင်းပြလိမ့်မယ်
စာကြည့်တိုက်ထဲက စာအုပ်တွေကို ထောက် ထောက်ပြီးတော့လေ။
မောင်ထိန်လင်း(မြို့သာ)
၁၃.၁၀.၂၀၁၇
စာကြည့်တိုက်(၄၃)
သက်ကြီးကောင်ဘ၀ရောက်မှ
ခြင်တွေကိုနှိမ်နင်းနိုင်ဖို့ ခက်တယ်
မသွန် မလှယ်နိုင်တဲ့ ရေအိုးတွေ
အဘိတ်ဆေးခပ်ထားရုံပဲ၊
ကလေးတွေ
စာကြည့်တိုက်ကို ခေါ်ခဲ့ပါ။
မောင်ထိန်လင်း(မြို့သာ)
၁၄.၁၀.၂၀၁၇
စာကြည့်တိုက်(၄၄)
မရှိမဖြစ်လား? ဆိုတော့
မဟုတ်ဘူး
မရှိမဖြစ်လား? ဆိုတော့
ဟုတ်တယ်
စိန်နဲ့ ပုလင်းကွဲ ခွဲခြားတတ်ပါစေ။
မောင်ထိန်လင်း(မြို့သာ)
၁၅.၁၀.၂၀၁၇
စာကြည့်တိုက်(၄၅)
လက်လွှတ်တာပဲ ဖြစ်ဖြစ်
လက်လွတ်တာပဲ ဖြစ်ဖြစ်
ဘာလို့ လွှတ်တယ်၊ လွတ်တယ်ဆိုတာ အဖြေရှိရမယ်
အဖြေမရှိတာပဲ ဖြစ်ဖြစ်
အဖြေမသိတာပဲ ဖြစ်ဖြစ်
လုပ်ပြီးရင်တော့ ပြန်ပြင်မရတော့ဘူး
သင်ခန်းစာအဖြစ်
ကျန်ရစ်ခဲ့မယ်
အမြှော်အမြင်ရှိတဲ့သူတွေ ချန်ထားခဲ့တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၆.၁၀.၂၀၁၇
စာကြည့်တိုက်(၄၆)
အသံကောင်းဟစ်တယ်ဆိုရာမှာ
အသံကောင်းတဲ့သူ ဟစ်ရမှာမို့လား?
ကီးချော်နေတဲ့ လမ်းပေါ်က
ကီးချော်နေတဲ့သူတွေအတွက်
ကီးကြောင်နေတဲ့အဆိုတော်တွေရှိတယ်
စာကြည့်တိုက်ကလေးတောင်
အသံဝင်ဖို့ကြိုးစားနေသတဲ့။
မောင်ထိန်လင်း(မြို့သာ)
၁၇.၁၀.၂၀၁၇
စာကြည့်တိုက်(၄၇)
အုတ်သက်သက်
ဘိလပ်မြေသက်သက်
သဲသက်သက်
ကျောက်သက်သက် မဟုတ်ဘူး
စာအုပ်တွေချည်းထည့်ထားမှာ မဟုတ်ဘူး
အနာဂတ်ပန်းတွေအတွက်
လမ်းခင်းထားမယ့် စေတနာတွေ
နွေးထွေးမှုတွေ ပေါင်းစပ်ထားတဲ့
ဓါတုဓါတ်ပေါင်းစု
နှလုံးသားနုနုကလေးတွေနဲ့ တည်ဆောက်ကြမှာလေ။
မောင်ထိန်လင်း(မြို့သာ)
၁၈.၁၀.၂၀၁၇
စာကြည့်တိုက်(၄၈)
အားလုံးနဲ့ သက်ဆိုင်တဲ့အရာတွေ
အားလုံးက မသက်ဆိုင်ဘူးလို့
မှတ်ယူထားကြ
သက်ဆိုင်တဲ့အရာတွေကိုသာ
ပိုက်ထွေးကွယ်ဝှက်
မနက်ဖြန်အတွက် ချန်ရစ်ခဲ့တဲ့ ဒိန်ခဲတွေ
မနက်ဖြန်မှာ မသက်ဆိုင်နိုင်မှန်း
မသိကြဘူး အားလုံးက။
မောင်ထိန်လင်း(မြို့သာ)
၁၉.၁၀.၂၀၁၇
စာကြည့်တိုက်(၄၉)
ဘာသာရေးမှိုင်းတိုက်မှုတွေ
ဥပဒေအလွဲသုံးစားမှုတွေ
ကာမလိမ်လည်မှုတွေ
ဆင်းရဲမွဲတေမှုတွေ
အားလုံးကို
တစ်လုံးထဲနဲ့ စွပ်စွဲလို့ရတယ်
စာကြည့်တိုက်ယဉ်ကျေးမှု
မထွန်းကားတဲ့အမှုလို့။
မောင်ထိန်လင်း(မြို့သာ)
၂၀.၁၀.၂၀၁၇
စာကြည့်တိုက်(၅၀)
ကိုယ့်တာဝန်ကိုယ်ယူတဲ့
လူ့ယဉ်ကျေးဆိုတာ
ခြုံကြား ထဲကထွက်လာမဟုတ်ဘူး
စာအုပ်ပုံကြား ထဲကထွက်လာတာ။
မောင်ထိန်လင်း(မြို့သာ)
၂၁.၁၀.၂၀၁၇
စာကြည့်တိုက်(၅၁)
ကဗျာဆိုတာ
ရှုထောင့်ပေါင်းစုံက တွေးရင်
မြင်ကွင်းမျိုးစုံတွေ့နိုင်တယ်
ဂါထာတစ်ပိုင်းနဲ့
တရားထူးရနိုင်တာပဲ ကြည့်
အရာအားလုံးပြည့်စုံစေတဲ့အရာ
ဘယ်အရာလဲ
အရာအားလုံးပြည့်စုံစေတဲ့နေရာ
ဘယ်နေရာလဲ
စာကြည့်တိုက်သရဏံ ဂစ္ဆာမိ လို့တောင်
ဂုဏ်တော်ပွားလိုက်ချင်တယ်။
မောင်ထိန်လင်း(မြို့သာ)
၂၂.၁၀.၂၀၁၇
စာကြည့်တိုက်(၅၂)
တန်ဖိုးထားတတ်သူရဲ့လက်ထဲမှာသာ
တန်ဖိုးရှိတဲ့အရာ
တန်ဖိုးရှိနေလေရဲ့
ကျနော်တို့
ဘာကို
ဘယ်လို
တန်ဖိုးထားမှာလဲ
တန်ဖိုးထားတတ်သူရဲ့လက်ထဲမှာလေ။
မောင်ထိန်လင်း(မြို့သာ)
၂၃.၁၀.၂၀၁၇
စာကြည့်တိုက်(၅၃)
အသိတစ်ခုကို သိလိုက်ရတာ
ကြည်နူးစရာ
အသိတစ်ခုကို အသုံးကျတဲ့နေရာမှာ
အသုံးချလိုက်ရတာ
ပြုံးရွှင်စရာ
စာကြည့်တိုက်ဆိုတာ ပြုံးရွှင်စေဖို့ ကြည်နူးစရာတွေ
ဖြည့်ဆည်းပေးတဲ့နေရာပဲလေ၊
ကြည်နူးပြုံးရွှင်နိုင်ပါစေ။
မောင်ထိန်လင်း(မြို့သာ)
၂၄.၁၀.၂၀၁၇
စာကြည့်တိုက်(၅၄)
တက်ညီ လက်ညီ တဲ့
တက်ကညီပေမယ့် လက်မညီရင်
အရွေ့တစ်ခု ရမှာမဟုတ်ဘူး
လက်ညီပေမယ့် တက်မညီရင်
ပင်ပန်းရကျိုး မနပ်ဘူး
စာကြည့်တိုက်တည်ဆောက်တဲ့အခါ
ပြောတာပါလေ။
မောင်ထိန်လင်း(မြို့သာ)
၂၅.၁၀.၂၀၁၇
စာကြည့်တိုက်(၅၅)
အဲသလို မျောက်လက်ထဲ
စက်သေနတ်ရောက်သွားတာဖြစ်ဖြစ်
အဲသလို မျောက် အုန်းသီးရသွားတာဖြစ်ဖြစ်
မဂ်အတုကို မဂ်အတုလို့ မသိရင်
ယမမင်းကြီး သိပ်ချော သိပ်ခန့်တာပဲ စကား
သမိုင်းတွင်သွားလိမ့်မယ်။
မောင်ထိန်လင်း(မြို့သာ)
၂၆.၁၀.၂၀၁၇
စာကြည့်တိုက်(၅၆)
အမျိုးသားစာပေဆုတို့
စာပေဗိမာန်ဆုတို့
စာပေနဲ့ဆက်စပ် မြင့်မြတ်တဲ့ဆုတွေ
ထူးချွန်သာလွန်တာထက်
သက်ရှိသက်မဲ့ကမ္ဘာ
သာသာယာယာဖြစ်အောင်
တစ်နည်းတစ်ဖုံဆောင်ကြဉ်းပေးကြလို့
ရတဲ့ဆုတွေ
ဒီလိုမှတ်ယူခံစားမိတယ်၊
သူတို့တတွေ
စာကြည့်တိုက်နဲ့ မကင်း
ရင်းနှီးကြမယ်ထင်ပါရဲ့။
မောင်ထိန်လင်း(မြို့သာ)
၂၇.၁၀.၂၀၁၇
စာကြည့်တိုက်(၅၇)
စာအုပ်စာပေက
အထပ်ထပ်စစ်ထားတဲ့ သောက်ရေ
အင်တာနက်စာပေက
အထပ်ထပ်စစ်သောက်ရမယ့် ရေ
H2O ဓါတ်သတ္တိတန်ဖိုးတူပေမယ့်
လက်တွေ့မျက်တွေ့တန်ဖိုး တူနိုင်ပါ့မလား
ဒါကြောင့် စာကြည့်တိုက်ကို အားပေးနေတာ။
မောင်ထိန်လင်း(မြို့သာ)
၂၈.၁၀.၂၀၁၇
စာကြည့်တိုက်(၅၈)
တီးဝိုင်းတွေ
မြိုင်မြိုင်ဆိုင်ဆိုင်
စီးချက်ညီညီတီးခတ်နေတာ
စိတ်လက်ချမ်းသာ ခံစားရတယ်
တို့တတွေလည်း
ကိုယ်ပိုင်ရာနိုင်ရာ
ညီညီညာညာတီးခတ်စေချင်တယ်
သံစုံတီးဝိုင်းထဲမှာလေ။
မောင်ထိန်လင်း(မြို့သာ)
၂၉.၁၀.၁၇
စာကြည့်တိုက်(၅၉)
နတ်ရေကန်ထဲ ချလိုက်သလိုမျိုး
ဝိသကြုံနတ်သား ဖန်ဆင်းသလိုမျိုး
သြပပါတိကပဋိသန္ဓေ ဘွားကနဲပေါ်သလိုမျိုး
တန်ခိုးအာဏာ မရှိတဲ့အထဲမှာ
တို့စာကြည့်တိုက်လေးလည်း ပါတယ်။
မောင်ထိန်လင်း(မြို့သာ)
၃၀.၁၀.၂၀၁၇
စာကြည့်တိုက်(၆၀)
တစ်လစာမရှိတဲ့ လစာကို
လစာအဖြစ်နဲ့ ကျေနပ်ခဲ့
ငါသာ
စာကြည့်တိုက်ထဲမှာ အချိန်ကြာကြာ
ဒိထပ်အချိန်ကြာကြာ
လူ့စွမ်းအားတွေ
ရှာဖွေတည်ဆောက်ခဲ့ရင်
ကျေနပ်စရာ လစာ
ဒါမှမဟုတ်
သေးနုတ်တဲ့ဥခွံထဲကခွဲထွက်
ဘ၀မားမတ် လူမားမတ်
အသက်မွေးကျောင်းလွယ်မှာပေါ့။
မောင်ထိန်လင်း(မြို့သာ)
၃၁.၁၀.၂၀၁၇
စာကြည့်တိုက်(၆၁)
မိသားစုစုံစုံလင်လင်ထမင်းဝိုင်းမှာ
မတင်းတိမ်နိုင်တာနဲ့
သူတော်ကောင်းကြီးတွေ
ကောင်းမှုမြတ်နိုးရာ မရောင့်ရဲနိုင်တာ
မတူဘူး တူတယ်ပေါ့
စာချစ်တဲ့သူ စာပေရူးသွပ်မှုအပေါ်
အာသာမပြေတာနဲ့ရော
ဂုဏ်ရည်တန်းညှိနိုင်ပါ့မလား။
မောင်ထိန်လင်း(မြို့သာ)
၁.၁၁.၂၀၁၇
စာကြည့်တိုက်(၆၂)
ဘုံလမ်း
ထွက်ပြင်တဲ့ရွာက ထွက်ပြင်ပေးကြ
နို့သက်ခံတဲ့ရွာတွေက
အချောင်ကြိုက် မရှက်တတ်ကြ
နို့မျက် နို့ငတ်မှ သိမယ်…..
အဲဒီပျက်ချိန်မှ
အနာပြဆေးလိပ်မသောက်ရလို့
မခြောက်ချင်ဘူး
ခု ၆၂ ရောက်ပြီ။
မောင်ထိန်လင်း(မြို့သာ)
၂.၁၁.၂၀၁၇
စာကြည့်တိုက်(၆၃)
ဆေးပေါင်းခဖို့ဆိုတာ
ကြယ်တွေ ဂြိုလ်တွေ နက္ခတ်တွေ
အကြောင်းတိုက်ဆိုင်
အချိန်အခါခဏလေးကြာမြင့်
တစ်ဘ၀စာဆေးပေါင်းခဖို့ဆိုတာ
ဇော်ဂျီလို ဆေးရှာဆေးကြိတ်ဖို့မလို
စာတစ်ကြောင်းစာနားလည်ရင်
တစ်ကြောင်းစာ
စာတစ်ပိုဒ်စာနားလည်ရင်
တစ်ပိုဒ်စာ
စာတစ်ပုဒ်စာနားလည်ရင်
တစ်ပုဒ်စာ
စာတစ်အုပ်စာနားလည်ရင်
တစ်အုပ်စာ
ဘ၀တွေဟာစာမျက်နှာတွေပဲလေ။
မောင်ထိန်လင်း(မြို့သာ)
၃.၁၁.၂၀၁၇
စာကြည့်တိုက်(၆၄)
ခရီးသွားခြင်းဟာ
စာဖတ်ခြင်းတစ်မျိုးတဲ့
ဘယ်နေရာမှာ ဘယ်လိုလူတွေ
ဘယ်လိုနေထိုင်စားသောက်ကြတယ်
ကွင်းဆင်းလေ့လာသလိုပေါ့
ဒါပေမယ့်
စာကြည့်တိုက်ထဲမှာ
တစ်နိုင်ငံလုံးစာ
တစ်ကမ္ဘာစာ
တစ်ဘ၀စာ
တစ်သံသရာစာ
ခရီးသွားမှတ်တမ်းတွေရှိနေတယ်၊
ခေတ်နဲ့အညီ
နှလုံးသွင်းတတ်ဖို့တော့လိုတာပေါ့။
မောင်ထိန်လင်း(မြို့သာ)
၎.၁၁.၂၀၁၇
စာကြည့်တိုက်(၆၅)
မြေ၀ိုင်းသဘင်ကနေ
အမျိုးသားကဇာတ်ရုံတွေဘာတွေဖြစ်လို့
ဇာတ်သဘင်ရဲ့အစီအစဉ်ထဲမှာ
ဘုရားရှိခိုး၊ အပျိုတော်၊ အော်ပရာ၊
မြန်မာသံစဉ်၊ စတိတ်ရှိုး၊ ပြဇာတ်၊
နှစ်ပါးသွား၊နောက်ပိုင်းဇာတ်ထုပ်…..
ခေတ်ဆိုတာ အရှင်အရွေ့
သေနေတဲ့အရာတွေ အနည်ကျသွားမယ်
ပျောက်ကွယ်သွားမယ်
စာကြည့်တိုက်တွေ
သေကုန်တာ မဆန်းဘူး။
မောင်ထိန်လင်း(မြို့သာ)
၅.၁၁.၂၀၁၇
စာကြည့်တိုက်(၆၆)
ကျော်အောင်ညာကြတာလား။
ဒီကြော်ငြာမှာ
ကိုယ်တိုင်ဇာတ်လိုက်ပေါ့
ပရိုမိုရှင်းတွေက
လူ့ပြည်
နတ်ပြည်
နိဗ္ဗာန်
ပုလင်းအဖုံးကိုဖွင့်လိုက်ပြီး
ဖုန်းတစ်ချက်ဆက်လိုက်ရုံပဲ။
မောင်ထိန်လင်း(မြို့သာ)
၆.၁၁.၂၀၁၇
စာကြည့်တိုက်(၆၇)
နေ့ခင်းကြောင်တောင်
အိမ်ထဲက ပိုက်ဆံအိတ်ပျောက်သွားလို့
ATM ကဒ်ကနေ ဘဏ်စာအုပ်ထဲပြောင်း
စာကြည့်တိုက်အကြောင်းမရေးချင်ဘူး
ခဏ စိတ်ကို အေးပါစေပေါ့
ဒါပေမယ့် စာကြည့်တိုက်ဆိုတာ
သူခိုးဂျပိုးပျောက်ဆေးလို့သိထားတော့
နောက်ဆံမတင်းချင်ဘူးလေ။
မောင်ထိန်လင်း(မြို့သာ)
၇.၁၁.၂၀၁၇
စာကြည့်တိုက်(၆၈)
ပိုက်ဆံအိတ်ခွံ ပြန်ရပေမယ့်
ယူသွားသူခမျာ
သိက္ခာအခွံ ကျန်ပါ့မလား စိတ်ပူမိတယ်
တစ်နယ်တည်းသားတွေပဲလေ
တစ်တိုင်းတည်း
တစ်မြေတည်း
တစ်ကမ္ဘာတည်း
ဒီလိုချဲ့ကြည့်လိုက်တော့
ကိုယ့်အသားကိုယ်ကြိတ်လှီးရသလိုနာတယ်
ငါတို့ စာကြည့်တိုက်တွေများများဆောက်ရမယ်။
မောင်ထိန်လင်း(မြို့သာ)
၈.၁၁.၂၀၁၇
စာကြည့်တိုက်(၆၉)
NLD အစိုးရကို မဲပေးခဲ့တာ
နှစ်နှစ်ကြာခဲ့တဲ့နေ့
ဟန်ပြစာကြည့်တိုက်တွေ အသံမမြည်လို့
ဒေါ်ခင်ကြည်တို့ရွေ့လျားစေခဲ့
အကျိုးရလာဒ်တွေဟာ
ဂဏန်းသင်္ချာနဲ့မျက်နှာမရသေး
ဧရာဝတီ
ငြိမ့်ငြိမ့်လေးစီးဆင်းနေတယ်။
မောင်ထိန်လင်း(မြို့သာ)
၉.၁၁.၂၀၁၇
စာကြည့်တိုက်(၇၀)
ကိုယ့်ကုသိုလ်ဟာ ကိုယ့်ကုသိုလ်ပဲ
သူတစ်ပါး မျှဝေလို့
တစ်ပြားမှလျော့မသွားဘူး။
ကိုယ့်အသိပညာဟာ ကိုယ့်အသိပညာပဲ
သူတစ်ပါး ဝေမျှလို့
အလကားဖြစ်မသွားဘူး။
မောင်ထိန်လင်း(မြို့သာ)
၁၀.၁၁.၂၀၁၇
စာကြည့်တိုက်(၇၁)
အလှကိုယ်စီရှိသတဲ့
အစွမ်းကိုယ်ငှ ရကြတယ်ပေါ့လေ
လက်ရုံးရည်ဆိုတာ နှလုံးရည်ကို ကွင်းဝတ်ထားတဲ့ရွှေ
ဆိုချင်တာက
လူကောင်းရော လူတော်ရော ဖြစ်ဖို့ပဲ
စာပေမျိုးစုံဖတ်ဖို့ပဲ။
မောင်ထိန်လင်း(မြို့သာ)
၁၁.၁၁.၂၀၁၇
စာကြည့်တိုက်(၇၂)
အဟောင်းတွေချည်းပဲလား
အမှိုက်ထဲမှာလည်း ရွှေ ပါတတ်တယ်
အသစ်ကိုမြတ်နိုးတာလား
ရေသန့်မှာလည်း အမှုန် ပါတတ်တယ်
ရင်ကိုဖွင့်ထားစမ်းပါ။
မောင်ထိန်လင်း(မြို့သာ)
၁၂.၁၁.၂၀၁၇
စာကြည့်တိုက်(၇၃)
ဘုရားဖူး ကြည်နူးစရာကောင်းတယ်
သောကတူးတာ မဖြစ်ခဲ့ရင်ပေါ့၊
ဘုရားကို ဆင်းတုတော်မကွယ်ရင်
စာတစ်လုံးဘုရားတစ်ဆူပဲ။
မောင်ထိန်လင်း(မြို့သာ)
၁၃.၁၁.၂၀၁၇
စာကြည့်တိုက်(၇၄)
စဉ်းစားကြည့်တော့ ရီစရာတော့အကောင်းသား
လူနာက လူနာကို ဆေးကုညွှန်ပြလို့……
ဆရာဖြစ်ချင်ရင် စာအရင်ဖတ်ရမယ်လေ
တစ်မိနစ်စော စာဖတ်မိရင် တစ်မိနစ်စော ဆရာဖြစ်မယ်။
မောင်ထိန်လင်း(မြို့သာ)
၁၄.၁၁.၂၀၁၇
စာကြည့်တိုက်(၇၅)
စိတ်တူပေမယ့် ကိုယ်မတူရင်
ကိုယ်တူပေမယ့် စိတ်မတူရင်
အဖူးပြူတစ်တောင်
ဖြစ်မလာနိုင်ဘူး
ကိုယ့်အမျိုးကိုယ်ချစ်တယ်ဆိုတာ
တကယ်ပါလို့ ကျမ်းကျိမ်ပြနေရမယ်။
မောင်ထိန်လင်း(မြို့သာ)
၁၅.၁၁.၂၀၁၇
စာကြည့်တိုက်(၇၅)
စာ
ကြည့်
တိုက်
တဲ့၊
စာကြည့်တဲ့သူတွေ တိုက်နဲ့နေရမယ်လား?
မောင်ထိန်လင်း(မြို့သာ)
၁၆.၁၁.၂၀၁၇
စာကြည့်တိုက်(၇၆)
ဘာဖြစ်တာလဲ ကိုပဲ စိတ်ဝင်စားကြတယ်
ဘာကြောင့်လဲလို့ မတွေးမိကြဘူး
ဘယ်သူမှမတွေးတဲ့အတွေးကိုတွေးမိကြသူတွေ
ထူးချွန်တဲ့အခွင့်အရေးကိုတွေးမိခဲ့ကြတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၇.၁၁.၂၀၁၇
စာကြည့်တိုက်(၇၇)
နေရာလေးတစ်နေရာပေါ့
ဒိသာပါမောက္ခရဲ့ ဦးနှောက်ထဲမှာ
တိုင်လေးလုံးနဲ့ဆောက်ထားတဲ့ တိုက်
အာဇာနည်မြင်းမ သားပေါက်ရာ အရပ်
ဘိုးဘိုးအောင်ရဲ့ အောင်ဓါတ်တွေ ကိန်းနေတဲ့ နေရာ
လိုတရကမ္ဘာပြုမိုးရွာ၊ ကြာဖူးကြာငုံတွေ အရောင်မျိုးစုံ စေ့ငုံနေတဲ့ ကန်တော်မင်္ဂလာ။
မောင်ထိန်လင်း(မြို့သာ)
၁၈.၁၁.၂၀၁၇
စာကြည့်တိုက်(၇၈)
လောကမှာ အံ့ဖွယ်သရဲတွေ အများကြီး
အဲဒီအထဲမှာ
စာမဖတ်ဘဲ စာတတ်ချင်တာ
ပိုအံ့ဩစရာပဲ။
မောင်ထိန်လင်း(မြို့သာ)
၁၉.၁၁.၂၀၁၇
စာကြည့်တိုက်(၇၉)
အိုင်တီခေတ်မှာ စာကြည့်တိုက် လိုသလား…
ဘယ်ခေတ်မဆို လိုတယ်
စာဖတ်တဲ့သူလာရင် စာကြည့်တိုက်
သုတေသီလာရင် သုတေသနဌာန
ကျောင်းသားတွေလာရင် ကျောင်းဥယျာဉ်
ဘယ်သူမှ မလာရင်လည်း
မော်ကွန်းတိုက်
ပြတိုက်
အောင်မြေ
လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှုအမွေပဲ။
မောင်ထိန်လင်း(မြို့သာ)
၂၀.၁၁.၂၀၁၇
စာကြည့်တိုက်(၈၀)
အမေး နွားကျောင်းသား…တဲ့
မေးခွန်းတွေက ထောင့်မျိုးစုံကနေ
တ၀ှီးဝှီး ပျံဝဲလာနိုင်တယ်
ဘုရားလောင်းဖြစ်ချင်ရင်
အရင် စာကြည့်တိုက်ထဲ ၀င်နေလိုက်။
မောင်ထိန်လင်း(မြို့သာ)
၂၁.၁၁.၂၀၁၇
စာကြည့်တိုက်(၈၁)
ဘာလို့ ငှက်ကလေးတွေ တေးမသီသလဲ
ဘာလို့ ပန်းကလေးတွေ ၀င့်မချီတာလဲ
ယေဘုယျသဘောတရားတွေနဲ့သာ
နှစ်သိမ့်ခဲ့ရ
တစ်ဦးတစ်ယောက်အတွက်
တစ်စုတစ်ဖွဲ့အတွက်
တစ်နယ်တပယ်အတွက်
တစ်တိုင်းတစ်ပြည်အတွက်
ပုဂ္ဂလဆန်ဆန်ထိုးထွင်းသိဖို့ဆိုတာ
လွယ်တော့မလွယ်ဘူး
မလွယ်တာကို လွယ်အောင်လုပ်နိုင်တာ ပညာပဲမို့လား။
မောင်ထိန်လင်း(မြို့သာ)
၂၂.၁၁.၂၀၁၇
စာကြည့်တိုက်(၈၂)
သူတို့
မချိုးနိုင်တဲ့ ထင်းစည်းမှာ
ချစ်ခြင်းမေတ္တာနဲ့စည်းနှောင်ထားတယ်
ချစ်ခြင်းရဲ့အကြောင်းအကျိုးကို
မီးမောင်းထိုးပြနိုင်တဲ့
စာပေအနုပညာနဲ့
အဲဒီစာကြည့်တိုက်ကို
အလှဆင်ထားမယ်…
စာကြည့်တိုက်ဟာ
ငြိမ်းချမ်းရေးရဲ့မြစ်ဖျားဆိုတာ
ထင်ရှားစေမယ်လေ။
မောင်ထိန်လင်း(မြို့သာ)
၂၂.၁၁.၂၀၁၇
စာကြည့်တိုက်(၈၃)
ဘာမှမသေချာဘူး
ကြည့်လေ နှင်းပွင့်လွှာပျို
မိုးရေလက်မှာ ငို
သေချာတာကတော့
စာဖတ်တဲ့သူ စာသိမယ်
ငါသိဖြစ်ဖို့လွယ်မယ်။
မောင်ထိန်လင်း(မြို့သာ)
၂၃.၁၁.၂၀၁၇
စာကြည့်တိုက်(၈၄)
မပြည့်သောအိုးသည် ခြောက်ခြားတတ်၏…တဲ့
ဓမ္မပဒမှာ ဖတ်ခဲ့ဖူးပါရဲ့၊
မပြည့်ဝတဲ့တိုင်းပြည် ဘယ်မှာ တည်ငြိမ်မလဲ
ငြိမ်းချမ်းဖို့ဆိုတာ နှလုံးလှတွေ လိုတယ်
နှလုံးလှဖို့ဆိုတာ ပညာပြည့်ဝမှု လိုတယ်
ပညာပြည့်ဝဖို့ဆိုတာ စာကြည့်သူတွေ လိုတယ်
စာကြည့်ဖို့တာ စာရှိဖို့ လိုတယ် မဟုတ်လား။
မောင်ထိန်လင်း(မြို့သာ)
၂၄.၁၁.၂၀၁၇
စာကြည့်တိုက်(၈၅)
အစာပလာများတာ တချို့နေရာတွေမှာ မကောင်းဘူး
ဆိုင်းမှာ drum set အသံများနေတာမျိုးပေါ့
တချို့နေရာတွေမှာ ကောင်းတယ်
လက်ဖက်သုတ်မှာ ပဲကြော်များနေတာမျိုးပေါ့
စာကြည့်တိုက်မှာ စာအုပ်များနေတာမျိုးပေါ့။
မောင်ထိန်လင်း(မြို့သာ)
၂၅.၁၁.၂၀၁၇
စာကြည့်တိုက်(၈၆)
အလှူရှင်က လူတစ်ယောက်ကို ကျွေးလှ
ထမင်း သုံးလေးနပ်ပေါ့
စာပေကတော့ လူတစ်ယောက်ကို အတွေးလှလှနဲ့
တဘ၀လုံး အိမ်ဦးခန်း ခေါ်တင်ထားတတ်တယ်။
မောင်ထိန်လင်း(မြို့သာ)
၂၆.၁၁.၂၀၁၇
စာကြည့်တိုက်(၈၇)
ဗေဒါပန်းတွေ
စာကြည့်တိုက်ထဲမှာ ပွင့်နေရဲ့
ပန်လိုသူတွေ အလိုကျ
ပွင့်နေလေရဲ့။
မောင်ထိန်လင်း(မြို့သာ)
၂၇.၁၁.၂၀၁၇
စာကြည့်တိုက်(၈၈ )
ဆောင်းနဲ့နှင်း
ပန်းနဲ့ပျား
အလှနဲ့အပြုံး
အသက်နဲ့သီလ ယှဉ်တွဲပြအနုပညာလေ
မြို့၊ ရွာနဲ့ စာကြည့်တိုက်လည်း
လိုက်ဖက်တဲ့အလှပဲ။
မောင်ထိန်လင်း(မြို့သာ)
၂၉.၁၁.၂၀၁၇
စာကြည့်တိုက်(၈၉)
လောဘထဲမှာ
ပညာလောဘက
လောကကြီးမှာအမွန်မြတ်ဆုံး
လောကကြီးကို အလှဆင်နိုင်ဆုံး
လောကကြီးကို ငြိမ်းချမ်းစေနိုင်ဆုံး
သူတို့တတွေ နှလုံးသားမပျောက်ဆုံးရင်ပေါ့။
မောင်ထိန်လင်း(မြို့သာ)
၂၉.၁၁.၂၀၁၇
စာကြည့်တိုက်(၉၀)
ထာဝရကုသိုလ်တွေမှာ လမ်းဖောက်၊ လမ်းပြင် ပါတယ်
နောင်လာနောက်သားတွေအတွက်
အနာဂတ်အထိ လမ်းဖောက်လိုက်ရအောင်။
အပယ်တံခါးပိတ်စေတဲ့ကုသိုလ်တွေမှာ ဘုရားတည် ပါတယ်
နှလုံးသားတွေပေါ်မှာ ဘုရားတည်ကြရအောင်။
မှောင်မှန်းသိရင် မီးထွန်းရမှာပေါ့။
မောင်ထိန်လင်း(မြို့သာ)
၃၀.၁၁.၂၀၁၇
စာကြည့်တိုက်(၉၁)
ချမ်းအေးမှ ခြုံစောင်ကို သတိရသလိုမျိုး
ငြီးငွေ့မှ အိမ်ထမင်းကို သတိရသလိုမျိုး
ခက်ခဲမှ အဖော်ကောင်းကို သတိရသလိုမျိုး
စာကြည့်တိုက် ဆိုတာ
အကြံဆင်းရဲ
ဉာဏ်ဆင်းရဲ
ကံဆင်းရဲမှ သတိရသလိုမျိုး။
မောင်ထိန်လင်း(မြို့သာ)
၁.၁၂.၂၀၁၇
စာကြည့်တိုက်(၉၂)
ဆေးဆရာတစ်ယောက်က လူ ဘယ်နှယောက်ကယ်တင်နိုင်သလဲ
ဆရာတစ်ယောက်က ပို ကယ်တင်နိုင်တယ်
အသက်ဝင်နေတဲ့စာကြည့်တိုက်က ပို ကယ်တင်နိုင်တယ်။
မောင်ထိန်လင်း(မြို့သာ)
၂.၁၂.၂၀၁၇
စာကြည့်တိုက် ၉၃
ဘာလို့ ဒီလိုလုပ်သလဲ မေးရင်
အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိပါတယ်
လုပ်ချင်လို့ လုပ်တာ
ဒီလိုဖြေလိုက်မယ်
လုပ်သင့်တယ်ထင်လို့ လုပ်ချင်လာတာပါ။
မောင်ထိန်လင်း(မြို့သာ)
၃.၁၂.၂၀၁၇
စာကြည့်တိုက်(၉၄)
ဘယ်နေရာများ စီးဝင်သွားတာလဲ
ဘယ်နေရာများ ပျောက်ကွယ်သွားတာလဲ
အဲဒီ အပိုင်းအစလေးတွေ
တမှုန်စီ တစစီ တဖဲ့စီ ကောက်ဆက်လိုက်ရင်
စာအုပ်တွေ ခန်းနားတဲ့ နေရာ
ဖြစ်လာမယ်ဆိုတာ
မေ့နေလိုက်ကြတာ။
မောင်ထိန်လင်း(မြို့သာ)
၅.၁၂.၂၀၁၇
စာကြည့်တိုက်(၉၅)
လူ့လောကမှာ ဖျင်းတဲ့လူဆိုတာ မရှိဘူး
စာညံ့တာကို ပြောတာလား
အယ်ဒီဆင် စာညံ့
ဘွဲ့မရတာကို ပြောတာလား
ဘီဂိတ်ကြီး ဘွဲ့မရ
ဝင်ငွေကို ပြောတာလား
ဂေါ်ဂင်က ငမွဲ
မြန်မာပြည်သား ကဗျာဆရာလည်း ငမွဲ
ပျင်းတဲ့လူဆိုတာပဲ ရှိတယ်
ဒီနေ့ စာဖတ်ပျင်းရင် စာဖတ်တဲ့လူ နောက်လိုက်ပဲ။
မောင်ထိန်လင်း(မြို့သာ)
၆.၁၂.၂၀၁၇
စာကြည့်တိုက်(၉၆)
စောင့်နေတယ် မဆိုင်းဘူး
စောင့်နေတယ် မျှော်လင့်နေတယ်
ပင်ပန်းနေတဲ့သူကို ခရီးတတိုင်သွားခိုင်းသလိုပဲ
မျှော် တ လင့် လင့် စောင့်နေခိုင်းတာ ပင်ပန်းတယ်
စာကြည့်တိုက်ကလေးရေ ထွက်လာပါတော့ ပန်းပေးတယ်။
မောင်ထိန်လင်း(မြို့သာ)
၈.၁၂.၂၀၁၇
စာကြည့်တိုက်(၉၇)
ရှိမှာပါ
အနာဂတ်မြန်မာကို လှပစေချင်တဲ့ဆန္ဒ
တစ်ရာတစ်ယောက်မက ရှိမှာပါ
သော့နဲ့သော့တံလို မတိုက်ဆိုင်သေးလို့နေမှာပါ
တစ်ရာ တစ်ယောက်မက
တစ်ထောင် တစ်ယောက်မက
တစ်သောင်း တစ်ယောက်မက ဖူးကြပွင့်ကြလိမ့်ဦးမယ်။
မောင်ထိန်လင်း(မြို့သာ)
၈.၁၂.၂၀၁၇
စာကြည့်တိုက်(၉၈)
တချို့နောင်တတွေက ပြုပြင်လို့မရတဲ့ အမှားတွေ
အဲဒီအထဲမှာ
စာကြည့်တိုက်ကလေးထဲ မလှူလိုက်ရဘူး ဆိုတာမျိုး
မပါစေချင်ဘူး။
မောင်ထိန်လင်း(မြို့သာ)
၉.၁၂.၂၀၁၇
စာကြည့်တိုက်(၉၉)
ပွင့်နေ သီးနေတာသာ လူသိတာပါ
မျိုးစေ့ရှာ အပင်ပျိုး မြေဆွပေါင်းသင်ရတယ်ဆိုတာ
ဧည့်ခန်းထဲမှာချိပ်ထားတဲ့ဘွဲ့ဓါတ်ပုံလောက်
မလွယ်ဘူး။
မောင်ထိန်လင်း(မြို့သာ)
၁၀.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၀)
အဖြေမှန်တာလေးကြည့်ပြီး
အောင်မြင်တယ် ကျရှုံးတယ် သတ်မှတ်မယ်ဆိုရင်
တစ်ထစ်ချင်းတက်လာတဲ့ ချွေးစက်တွေကို
မထီမဲ့မြင်ပြုရာရောက်တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၁.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၁)
ကြည့်ရင် မြင်တယ်ဆိုတော့
မကြည့်ခဲ့လို့ မမြင်ခဲ့တာပေါ့လေ
ဘယ်ရွာ ဘယ်မြို့မှာ
စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားနေလဲ။
မောင်ထိန်လင်း(မြို့သာ)
၁၂.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၂)
မျှော်မှန်းလူ့သက်တမ်းကိုတောင် မစေ့ဘဲ
သေဆုံးရသူတွေလား
မေးမနေနဲ့
`မသိလို့´သေတာများတယ် တဲ့။
မောင်ထိန်လင်း(မြို့သာ)
၁၃.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၃)
အစာမှားရင် သေတာ ခပ်ရှားရှား
ဆရာမှားရင်
စာမှားရင် သေတာ ခပ်များများရယ်။
မောင်ထိန်လင်း(မြို့သာ)
၁၄.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၄)
မျှော်လင့်ခြင်းဆိုတာ
မျှော်လင့်ချက်ထားသူအတွက်
သီးသန့်ဝေတဲ့ “နှင်း´´
ကဲ… သက်ပြင်းတွေချမနေတော့နဲ့။
မောင်ထိန်လင်း(မြို့သာ)
၁၅.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၅)
ကိုယ့်ခြေထောက်တွေက
ဘယ်ကိုဆွဲခေါ်နေသလဲလို့ သိပါ
စာကြည့်တိုက်ထဲရောက်အောင်ခေါ်လာတဲ့ခြေထောက်
မိတ်ဆွေခြေထောက်။
မောင်ထိန်လင်း(မြို့သာ)
၁၆.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၆)
သေချာတယ်
ဒီအချိုး ဒီအကျင့်မျိုး ဆိုရင်
စာကြည့်တိုက်ထဲ ခြေမချဘူးတာ
သေချာတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၇.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၈)
ငါစွဲပြုတ်နေတဲ့ အချိန်တွေ ရှိတယ်
စာဖတ်နေပါ့လား
ငါစွဲပြုတ်နေတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၀.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၉)
သံကောင်းတိုင်း ဓါးကောင်းမရနိုင်ဘူး
စာကြည့်တိုက်ထဲက ထွက်လာရင်တော့
ဓါးကောင်းတစ်လက် ပိုင်နိုင်မှာပါ။
မောင်ထိန်လင်း(မြို့သာ)
၂၀.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၀)
စာအုပ်တွေနဲ့ ဘ၀ကို မတည်ဆောက်ဘဲ
အတ္တတွေနဲ့ တည်ဆောက်နေတော့
ဘယ်ကလာ တောက်ပြောင်နေမှာလဲ။
မောင်ထိန်လင်း(မြို့သာ)
၂၁.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၁)
နိဗ္ဗာန်မကူးနိုင်သေးရင်
အရူးတွေချည်းပဲ
အရူးကြီး၊ အရူးလေး ဒါပဲ ကွာမယ်
အရူးတွေထဲမှာတော့ စာရူးပေရူးက တမူးသာတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၂.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၂)
မည်သို့ပင်ဆိုစေကာမူ……တဲ့
အဂတိလေးပါးဆိုတာ
စာပေပညာဗဟုသုတနည်းပါးရခြင်းကို
မြစ်ဖျားခံလာတာချည်းပဲ။
မောင်ထိန်လင်း(မြို့သာ)
(Whatever Law says= မည်သို့ပင်ဆိုစေကာမူ(
၂၃.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၃)
အဓိကကတော့ စာနာစိတ်ပါပဲ
ကိုယ့်တုန်းက ရခဲ့ရင်လည်း ကိုယ့်လို ရပါစေပေါ့
ကိုယ့်တုန်းက မရခဲ့ရင်လည်း သူတို့လေးတွေ ရပါစေပေါ့။
မောင်ထိန်လင်း(မြို့သာ)
၂၄.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၄)
အကြွေးမှန်သမျှ အတိုးပေးရတာချည်းပဲ
စာကြွေးက ပိုဆိုးတယ်၊
ဘ၀နဲ့ရင်း ဆပ်ရလိမ့်မယ်။
မောင်ထိန်လင်း(မြို့သာ)
၂၅.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၅)
မှတ်ကျောက်တွေက အများကြီး
အချိန်မရွေး စစ်ဆေးနေမှာပဲ
အမြဲ ရွှေ ဖြစ်နေပါစေ။
မောင်ထိန်လင်း(မြို့သာ)
၂၆.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၆)
(ဗုဒ္ဓသာသနာ စိရံ တိဌတု ….ပါ ဘုရား(
ပြီးတော့လည်း ပြီးသွားတာမျိုး
မိရိုးဖလာမျိုး
တာဝန်ကျေအလှူမျိုး မလှူချင်ဘူး
အသက်ဝင်နေတဲ့စာကြည့်တိုက်လိုမျိုး
လင်းပွင့်စေချင်တာ။
မောင်ထိန်လင်း(မြို့သာ)
၂၇.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၇)
သမင်တွေကို ဘယ်သူ မျက်စဉ်းခပ်ပေးသလဲ….တဲ့
ဆီအိုးထဲကျတဲ့ ၀ါဂွမ်းလိုမျိုး သဒ္ဓါရှင်တွေကို
ကြည်ညိုတာ၊
နတ်မြင်းပျံတောင်ပံခတ်သလို မြင်တတ်စေချင်တာ။
မောင်ထိန်လင်း(မြို့သာ)
၂၈.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၈)
တစ်နှစ်သာ ကုန်လို့သွားတယ်
ဘာတွေများ ရလိုက်သလဲ ဆန်းစစ်မိတယ်၊
ကျောင်းစာကြည့်တိုက်လေးအတွက်
တတ်နိုင်သလောက်လှူမိတယ်၊
ညောင်ပင်ကြီးတွေ ပေါက်တော့မှာပဲ။
မောင်ထိန်လင်း(မြို့သာ)
၂၉.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၉)
ဆရာဆိုတာ
သက်ရှိ သက်မဲ့ အသက် ဂုဏ်ဝါနဲ့ မဆိုင်ဘူး
ဉာဏ်ရည်ထူး၊ စိတ်ခွန်အားနဲ့ပဲ ဆိုင်တယ်
သရက်ပင်ကြည့်ပြီး မဟာဇနက တောထွက်သွားပြီလေ။
မောင်ထိန်လင်း(မြို့သာ)
၃၀.၁၂.၂၀၁၇
စာကြည့်တိုက်(၁၂၀)
လှူတဲ့သူက လှူပြီးပြီလေ
ယူတဲ့သူက
ယူနိုင်အောင်ကြိုးစားရမယ်မို့လား။
မောင်ထိန်လင်း(မြို့သာ)
၃၁.၁၂.၂၀၁၇
စာကြည့်တိုက်(၁၂၁)
ကြည့်ပါ့လား
မြေကြီးမှီပြီး လုပ်ရတဲ့အလုပ်တွေက
အမှောင့်ပယောဂများတယ်
ဦးနှောက်ပေါ် စိုက်ပျိုးပါ။
မောင်ထိန်လင်း(မြို့သာ)
၂.၁.၂၀၁၈
စာကြည့်တိုက်(၁၂၂)
ကွန်ချက်ချည်းပဲပြမနေကြပါနဲ့…..
မနက်ဟင်းစာရအောင်
ငါးတစ်ကောင်၊ နှစ်ကောင်
အရင်ပေးပါ။
မောင်ထိန်လင်း(မြို့သာ)
၃.၁.၂၀၁၈
စာကြည့်တိုက်(၁၂၄)
မီး ပူတာပေါ့
ပညာနဲ့ကိုင်ရင် မပူဘူး။
(သီတဂူဆရာတော်(
မောင်ထိန်လင်း(မြို့သာ)
၅.၁.၂၀၁၈
စာကြည့်တိုက်)၁၂၅)
စိတ်ပါပြီးလက်မပါတဲ့အချိန်
လက်ပါပြီးစိတ်မပါတဲ့အချိန်
ခေါင်းနဲ့ကိုယ် အိုးစားကွဲနေတာပဲ။
မောင်ထိန်လင်း(မြို့သာ)
၆.၁.၂၀၁၈
စာကြည့်တိုက်(၁၂၆)
ဂုဏ်ပြုထိုက်တဲ့သူကို ဂုဏ်ပြုတာ
မင်္ဂလာဆိုရင်
ခင်ဗျားဇာတိမှာ စာကြည့်တိုက်ကောင်းကောင်း
ရှိပြီလား။
မောင်ထိန်လင်း(မြို့သာ)
၇.၁.၂၀၁၈
စာကြည့်တိုက်(၁၂၈)
ဘာအတွက်လှူကြတာလဲ……
လှူပြီး စိတ်ကျေနပ်
ကြည်နှူးဆွတ်ပျံ့နေရင်
နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့လေ။
မောင်ထိန်လင်း(မြို့သာ)
၉.၁.၂၀၁၈
စာကြည့်တိုက်(၁၃၀)
အဘိဓမ္မာမှာ
ရှောင်သင့်တာတင်မကဘူး
ပြုသင့်တာတွေပါ ဟောပြထားတယ်
သူ့အသတ် မသတ်ဘူး၊ သူ့အသက်လည်းရှည်စေရမယ်….တဲ့။
မောင်ထိန်လင်း(မြို့သာ)
၁၁.၁.၂၀၁၈
စာကြည့်တိုက်(၁၃၂)
လောကီအောင်မြင်မှုဆိုတာ
အောင်မြင်မှု သက်သက်မဟုတ်သလို
ကျဆုံးမှုဆိုတာလည်း ကျဆုံးမှုသက်သက်မဟုတ်ဘူး
အဲဒီလိုသိခဲ့တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၃.၁.၂၀၁၈
စာကြည့်တိုက်(၁၃၃)
တတ်နိုင်သူများအတွက် လွယ်လွန်းပြီး
မတတ်နိုင်သူတွေအတွက် ခက်လွန်းတယ်
အဲဒီ အစွန်းတွေကို မုန်းတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၄.၁.၂၀၁၈
စာကြည့်တိုက်(၁၃၄)
အပြောင်းအလဲကိုလိုလားရင်
ကိုယ်တိုင်လည်းအပြောင်းအလဲလုပ်ရမယ်….တဲ့
ဖောင်ဒေးရှင်းချပြီးမှ ဆောက်ပါ။
မောင်ထိန်လင်း(မြို့သာ)
၁၅.၁.၂၀၁၈
စာကြည့်တိုက်(၁၃၆)
ဘာသာရေးက မလိုပါဘူး
ကိုယ်ချင်းစာစိတ်လေးပဲ လိုတာ
ဘာသာရေးက မပိုပါဘူး
အတ္တစိတ်တွေသာ ပိုနေတာ။
မောင်ထိန်လင်း(မြို့သာ)
၁၇.၁.၂၀၁၈
စာကြည့်တိုက်(၁၃၇)
တောင်ကြီး ဖဝါးအောက်….
တစ်နေ့တစ်ခေါက် ဆိုကြည့်ရအောင်
စာကြည့်တိုက်လေး ဆောက်ချင်နေပြီ။
မောင်ထိန်လင်း(မြို့သာ)
၁၈.၁.၂၀၁၈
စာကြည့်တိုက်(၁၃၈)
လူမှောင်ခိုတွေသာမက
စာမှောင်ခိုတွေပါ ပေါများနေတဲ့အခါ
စာကြည့်တိုက်တွေက
အလင်းရောင်ကောင်းကောင်းရနေဖို့လိုတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၉.၁.၂၀၁၈
စာကြည့်တိုက်(၁၃၉)
အဲသလောက်ထိ ချစ်ပြ
အနစ်နာခံပြစရာ မလိုပါဘူး
အုတ်တစ်ချပ် သဲတစ်ပွင့်စာပဲလိုတာပါ။
မောင်ထိန်လင်း(မြို့သာ)
၂၀.၁.၂၀၁၈
စာကြည့်တိုက်(၁၄၁)
……… မှာ ……… သားတွေ နေတာ မဆန်းဘူး
……… သားတွေ နေတဲ့ ……… မှာ
စာကြည့်တိုက်မရှိတာ ဆန်းတယ်၊
ကယ်တင်ရှင်မျှော်နေကြတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၂.၁.၂၀၁၈
စာကြည့်တိုက်(၁၄၄)
ပျော်ချင်ရင်
လွတ်လွတ်လပ်လပ် ပျော်ချင်ရင်
ငိုချင်ရင်
အဓိပ္ပါယ်ရှိရှိ ငိုချင်ရင်
စာ များများဖတ်ရတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၅.၁.၂၀၁၈
စာကြည့်တိုက်(၁၄၅)
တချို့စကားလုံးတွေက ချရေးထားဖို့ မလွယ်ဘူး၊
တချို့စကားလုံးတွေက ချရေးထားရင် မလွယ်ဘူး၊
တချို့စကားလုံးတွေက ချရေးထားဖို့ မလိုဘူး၊
တချို့စကားလုံးတွေက ချရေးထားဖို့ လိုတယ်၊
ခေတ်အဆက်ဆက် ပြောင်လက်နေဖို့ဆိုတာ………။
မောင်ထိန်လင်း(မြို့သာ)
၂၆.၁.၂၀၁၈
စာကြည့်တိုက်(၁၄၆)
အိမ်ထဲဝင်မိတာနဲ့ နွေးထွေးသွားသင့်တယ်
မြို့ထဲရွာထဲဝင်မိတာနဲ့ နွေးထွေးသွားသင့်တယ်
ပြည့်စုံပါစေ။
မောင်ထိန်လင်း(မြို့သာ)
၂၇.၁.၂၀၁၈
စာကြည့်တိုက်(၁၄၇)
ဖြစ်ရပါလို၏….ဆိုပြီး လှူလိုက်ကြတယ်
ဖြစ်ကြပါစေ….ဆိုပြီး မလှူမိကြဘူး
ထူးဆန်းတယ်
စာကြည့်တိုက်မှာ ဆုတောင်းနေစရာ မလိုတာပဲ၊
ပြည့်စုံသွားမယ်လေ။
မောင်ထိန်လင်း(မြို့သာ)
၂၉.၁.၂၀၁၈
စာကြည့်တိုက်(၁၄၈)
တချို့အလုပ်တွေကတော့
အချိန်ယူရတယ်
အချိန်ယူမှ ကောင်းတယ်
တချို့အလုပ်တွေကတော့
အရှိန်ယူရတယ်
အရှိန်ယူမှ ကောင်းမယ်
စာကြည့်တိုက်လေးကတော့ အရှိန်ယူနေရတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၉.၁.၂၀၁၈
စာကြည့်တိုက်(၁၄၉)
စောင့်တိုင်း မစားရဘူး
စောင့်စားတိုင်း ကောင်းတယ် မထင်နဲ့
စောင့်ပြီးမှ စားရရင်လည်း
ကောင်းမယ်မထင်ဘူး။
မောင်ထိန်လင်း(မြို့သာ)
၃၀.၁.၂၀၁၈
စာကြည့်တိုက်(၁၅၀)
ငပုပ်က လ ကို တစ်ခါတလေမှ ဖမ်းမိတာပါ
စိတ်ကိုတော့ ဖမ်းထားလိုက်တာ
စာကြည့်တိုက်လေး စုန်းစုန်းမြုပ်လှပေါ့။
မောင်ထိန်လင်း(မြို့သာ)
၃၁.၁.၂၀၁၈
စာကြည့်တိုက်(၁၅၁)
လောကဓံ ဆိုတာ လောကဒဏ် မဟုတ်ဘူး
အသံတူပေမယ့်
အကြောင်းကွဲ တွေ များပြား
အခါး ဆိုတာတောင်
မခါးပါလားလို့ သိလာနိုင်တယ်။
မောင်ထိန်လင်း(မြို့သာ)
၁.၂.၂၀၁၈
စာကြည့်တိုက်(၁၅၂)
ထမင်းဝအောင်စားဖို့
ဝမ်းဗိုက်က မတင်းတိမ်သလို
မိုက်စိတ်ကလည်း မိုက်လုံးကြီးဖို့ မတင်းတိမ်ပေမယ့်
စာကြည့်တိုက်ကလေးတော့
ထမင်းတစ်စေ့အတွက် နပ်ကျော်ခဲ့ရပေါင်းများပြီ။
မောင်ထိန်လင်း(မြို့သာ)
၂.၂.၂၀၁၈
စာကြည့်တိုက်(၁၅၄)
အသေဝနာစ ဗာလာနံ….. တဲ့
စာကြည့်တိုက်ထဲ
ဝင်နေကြပါ။
မောင်ထိန်လင်း(မြို့သာ)
၎.၂.၂၀၁၈
စာကြည့်တိုက်(၁၆၀)
တစ်လောကလုံးကို ချစ်သောမျက်လုံးဖြင့်
ကြည့်ရှုတတ်ဖို့ဆိုတာ
ငါထဲမှာ စာကိုရှာနိုင်ရမယ်တဲ့။
မောင်ထိန်လင်း(မြို့သာ)
၁၁.၂.၂၀၁၈
စာကြည့်တိုက်(၁၆၁)
အရိပ်
လောင်းရိပ်
အေးရိပ်…..။
မောင်ထိန်လင်း(မြို့သာ)
၁၁.၂.၂၀၁၈
(၁၆၃) စာကြည့်တိုက်
လူတွေရဲ့ သဘောထား
နေရာဒေသ
အချိန်ကာလပေါ်မူတည်ပြီး
တန်ဖိုး
ပြောင်းလဲသွားတယ်နော်!
မောင်ထိန်လင်း(မြို့သာ)
၁၇.၂.၂၀၁၈
စာကြည့်တိုက်(၁၆၅)
ဒုက္ကရစရိယာကျင့်နေတဲ့
စာကြည့်တိုက်လေး
ဘယ်နေ့တရားဦးဟောမလဲ
ကျွတ်တမ်းဝင်မယ့်သူတွေ
တချို့ မြေကြီးဖြစ်ကုန်ပြီ။
မောင်ထိန်လင်း(မြို့သာ)
၁၉.၃.၂၀၁၈
စာကြည့်တိုက် (၁၆၆)
မွေးနေ့မှာ
မမေ့သင့်တာတွေ မမေ့တာ
ဉာဏ်ပညာရဲ့ သော့တံပဲလေ
စာကြည့်တိုက်ကို ဖွင့်ခဲ့တယ်မို့လား။
အလှူရှင်၊ မွေးနေ့ရှင်ကိုမျိုးနေဇာအတွက်…..
မောင်ထိန်လင်း(မြို့သာ)
၂၁.၁၁.၂၀၁၈
တချို့ကဗျာလေးတွေကို ရှာမတွေ့တော့ပါဘူး။ တောထဲကို စွန့်ပစ်ခံရဖို့ သွားတဲ့ သူဆင်းရဲမိဘနှစ်ပါးရဲ့ ကလေးငယ်လေး၊ ပေါင်မုန့်လေးတွေ ဖဲ့ပြီး လမ်းမှတ်မိအောင် ကြိုးစားသလို….
တွေ့သလောက် ပြန်ကောက်ပြီး လာလမ်းကို မှန်းပြန်ခဲ့တယ်…..။
မောင်ထိန်လင်း(မြို့သာ)
စာကြည့်တိုက်(၁)
အဲဒီနေရာက
မိခင်လောင်းရဲ့သားအိမ်မြတ်လို
သားသမီးရတနာတွေ
ထွန်းကားလာမယ့်နေရာ
ရွှေထုပ်တဲ့ပုဝါဆိုတော့
ဒိုင်ယာနာ ကိုယ်ဝန်ဆောင်သလို
ကျက်သရေရှိဖို့လည်း လိုတယ်လေ။
မောင်ထိန်လင်း(မြို့သာ)
၉.၉.၂၀၁၇
စာကြည့်တိုက်(၂)
စာသင်တဲ့ကျောင်းဆိုတာ
လယ်ယာမြေကောင်းဆိုရင်
ပေါင်းတွေမြက်တွေရှင်းလင်း
သိခြင်းဆိုတဲ့ပညာ
ဆင်ခြင်ခြင်းဆိုတဲ့ပညာ
ဘယ်နေရာကလာသလဲ?
ခုလိုမိုးကောင်းတဲ့ရက်မြတ်
မေတ္တာအစိုဓာတ်တွေ
နူးအိနေတဲ့ကာလ
အနာဂါတ်မျိုးစေ့တွေကျဲချတဲ့အခါ
အဖျင်းအလေးတွေကင်းဝေးစေတဲ့
ပေါင်းသတ်ဆေးပိုးသတ်ဆေးဆိုတာ
စာကြည့်တိုက်လို့ ခေါ်ချင်ပါတယ်။
မောင်ထိန်လင်း(မြို့သာ)
၉.၉.၂၀၁၇
စာကြည့်တိုက်(၃)
သူ့ခမျာ
ပွင့်ချင်တိုင်းလည်းမပွင့်ရ
ရင့်ချင်တိုင်းလည်းမရင့်ရ
မွှေးချင်တိုင်းလည်းမမွှေးရ
သွေးချင်တိုင်းလည်းမသွေးရ
လန်းချင်တိုင်းလည်းမလန်းရ
ဆန်းချင်တိုင်းလည်းမဆန်းရ
ဝဋ်နာကံနာတစ်ခုလို
နုလျှက်နဲ့ နေလောင်
ရင့်မှည့်ချင်ယောင်ဆောင်ခဲ့ရတဲ့
လူစဉ်မမီသစ်သီးတွေ
ဘ၀ပေတံကြားမှာ ခါးမှာစိုးသတဲ့လေ။
သူက။
မောင်ထိန်လင်း(မြို့သာ)
၉.၉.၂၀၁၇
စာကြည့်တိုက်(၄)
ရွှေသိုက် ငွေသိုက်
ရတနာသိုက်မဟုတ်တော့
မြန်မာပြည်မှာ
စာကြည့်တိုက်လေးခမျာ အားငယ်နေရရှာတယ်
ပြိုးပြိုးပျက်ပျက်
ဇိုးဇိုးဇက်ဇက်တွေမပါဘူး
မီဒီယာအင်အားသုံး
မျက်နှာဖုံးပေါ်က မဟုတ်ဘူး
လူမှုရေးဝက်ဆိုက်ပေါ်က
မအေးသောင်းမဟုတ်ဘူး
မအိမ်ကံမဟုတ်ဘူး
သိုက်ကလာတာမဟုတ်ဘူး
ဂျင်းကောင်မဟုတ်ဘူး
ဒါပေမယ့်
ညောင်စေ့လေးလောက်ပျိုးရုံနဲ့
ညောင်ပင်ကြီးလောက်ပြန်မိုးပေးတတ်တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၀.၉.၂၀၁၇
စာကြည့်တိုက်(၅)
စာအုပ်စာပေ လူ့မိတ်ဆွေ”တဲ့
ဒီလိုဆိုတော့
စာအုပ်တွေအများကြီးရှိတဲ့
စာကြည့်တိုက်က
မိတ်ဆွေအင်ပါယာကြီးပေါ့
ရန်သူတစ်ယောက်ရှိတာ များပြီး
မိတ်ဆွေတစ်ရာရှိတာ နည်းသတဲ့
ဒါဆို စာကြည့်တိုက်တွေ
အများကြီးလိုတာပေါ့
ထူးတာပေါ့
ခင်ဗျား ကောက်ပစ်လိုက်တဲ့
ကြယ်ငါးလေးအတွက် ထူးတာပေါ့။
မောင်ထိန်လင်း (မြို့သာ)
၁၀.၉.၂၀၁၇
စာကြည့်တိုက်(၆)
ဒီလိုဗမာဂျပုလေးကို
ကုလသမဂ္ဂအတွင်းရေးမှူးလို
အဆင့်မြင့်နေရာပေးရသလား …
ရှုတ်ချတော့
ကျုပ် အရပ်
နပိုလီယံထက် တစ်လက်မ သာသတဲ့
အဲဒီ စာပေချစ်တဲ့ ဦးသန့်
ဒီနေရာကနေ တောင်ပံဖြန့်ခဲ့တာပေါ့။
မောင်ထိန်လင်း(မြို့သာ)
၁၁.၉.၂၀၁၇
စာကြည့်တိုက်(၇)
တကယ့်စာကြည့်တိုက်များ
အသက်ဝင်ရင်
ပွဲစားတစ်ယောက်လိုပဲ
နိဗ္ဗာန်ရောက်ကြောင်းတွေတောင်
ရွှန်းရွှန်းဝေကုန်တာပဲ
တကယ့်စာကြည့်တိုက်များ
အသက်ဝင်ရင်
မိုးမျှော်လှေကားလိုပဲ
တက်သလောက်
အမြင့်ရောက်တော့တာပဲ
တကယ့်စာကြည့်တိုက်များ
အသက်ဝင်ရင်
မျက်စိပြန်မြင်တဲ့သူလိုပဲ
တန်ဖိုးရှိရှိ
ကြည့်တတ်သွားတာပဲ။
မောင်ထိန်လင်း(မြို့သာ)
၁၁.၉.၂၀၁၇
စာကြည့်တိုက်(၈)
သူက ၀န်ဇင်းမင်းရာဇာကို
ပြုံးပြီး ခေါင်းခါတယ်
စာရှည်ငညိုသာဆို
ကမ္ဘာကျော်မယ်တဲ့လေ
သူက ဟစ်တလာကိုလည်း
ပြုံးပြီး ခေါင်းခါတယ်
သမိုင်းစာ စိတ်ဝင်စားရင်
ကောင်းစွာကျော်ကြားမယ်တဲ့လေ
သူက နိုဗယ်လ်ရဲ့ ဒိုင်းနမိုက်ထဲ
အတွင်းအောင်ခြင်းတွေ
ထည့်ပေးချင်သတဲ့
သူက ကင်ဂျုံအန်းရဲ့ ပဲ့ထိန်းဒုံးကျည်ထဲ
အနန္တဂရုဏာတွေ
ထည့်ပေးချင်သတဲ့
ဝင်းတံခါးဖွင့်ပြီး
ကမ္ဘာပတ်ဖို့ ထွက်လာခဲ့တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၁.၉.၂၀၁၇
စာကြည့်တိုက်(၉)
ဘယ်လိုဖက်မျိုးက စပယ်ရနံ့မွှေးမှာလဲ
ကတ်မီးလှုံသူ ဘယ်နှယောက်
အောင်သင်း ဖြစ်ခဲ့သလဲ
ဆိုးသွမ်းသူ ဘယ်နှယောက်
ပခုက္ကူ ဦးအုံးဖေ ဖြစ်ခဲ့သလဲ
အရက်ဆိုင်ထဲက ဘယ်နှယောက်
စာကြည့်တိုက်ထဲက ဘယ်နှယောက်
ပေါက်ရောက်အောင်မြင်သလဲ
မဲခွဲဆုံးဖြတ်စရာမလိုဘူးလေ
စာပေမျက်လုံးတွေ
မျက်စဉ်းခပ်စရာမလိုဘူးလေ။
မောင်ထိန်လင်း(မြို့သာ)
၁၂.၉.၂၀၁၇
စာကြည့်တိုက်(၁၀)
သူ့ရင်ဘတ်ကိုကြည့်ပြီး
ဒေးဗစ်ကိုပါဖီး ဖြုံသွားတယ်
ယုံတောင်မယုံနိုင်ပါလားကွယ်”တဲ့
သမ္မတကြီးတွေထုတ်ပြလိုက်
လူထုခေါင်းဆောင်ကြီးတွေထုတ်ပြလိုက်
သိပ္ပံပညာရှင်တွေ
ဝိဇ္ဇာကြီးတွေ
အနုပညာရှင်တွေ မကုန်နိုင်မခမ်းနိုင်
အဆောက်အဦး သေးသေးလေးကို
ငေးကြည့်နေရတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၂.၉.၂၀၁၇
စာကြည့်တိုက်(၁၁)
ချို့တဲ့သူတွေအတွက် အရင်းအနှီး
ကြွယ်ဝသူတွေအတွက် အကျိုးအမြတ်
ဒီလိုအနက်ဖွင့်ကြတော့
ဒါက
ကမ္ဘာ့သမ္မာသမာဓိပွဲရုံကြီးပေါ့နော်
ဖရန်စစ်ဘေဂွန်က
ပါဝါအစစ်အမှန်ကို
မီးမောင်းထိုးပြလိုက်တော့
ဒါက
စွမ်းအင်သိုလှောင်ရုံကြီးကို ဖြစ်လို့
ကိုယ်က မီးမကျွမ်းတဲ့ မီးသီးပဲ
ဖြစ်ဖို့လိုတော့တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၃.၉.၂၀၁၇
စာကြည့်တိုက်(၁၂)
ပညာဟာ
ခေတ်တစ်ခေတ်ကို ထူထောင်ပြီး
ယစ်မူးမနေ
ကမ္ဘာအနှံ့ခြေဆန့်ပြီး
သဲပုံမှာ သစ်ခက်စိုက်ထိုးပစ်ခဲ့တယ်
ဦးနှောက်ယိုစီးတာတို့
ဦးနှောက် ဖောက်စားတာတို့
ခေတ်စားလာချိန်မှာ
စာကြည့်တိုက်ကို
ကိုယ့်အိမ်ကိုယ့်ယာလို့ သဘောထားလာကြတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၄.၉.၂၀၁၇
စာကြည့်တိုက်(၁၃)
နေရိပ်လိုချင်ရင် နေပူကစောင့်တဲ့
စာကြည့်တိုက်ထဲမှာတော့
အမြဲအရိပ်ရနေရဲ့
အသာစံရဖို့ အနာခံရမယ်ဆိုတာ
ဘုရားဟောမဟုတ်ဘူး
ငရျဲပည္ကေန
ဗြဟ္မာနှစ်ဆယ်
တန်းမရောက်ဘူးလေ
စာကြည့်တိုက်ကတော့
အမြဲအသာရနေရဲ့။
မောင်ထိန်လင်း(မြို့သာ)
၁၅.၉.၂၀၁၇
စာကြည့်တိုက်(၁၄)
တောင်ချောက်ကြားကဆူးကို
ဘယ်သူ ချွန်ပေးခဲ့သလဲ
သူ့ဘာသာသူချွန်စေတာတဲ့
သဘာဝအတိုင်းဆို
ထက်လှ တစ်ချောင်း နှစ်ချောင်းပေါ့
သံမှိုစက်က ထွက်သမျှထဲမှ
ပျက်လှ တစ်ချောင်း နှစ်ချောင်းပေါ့
စာကြည့်တိုက်ထဲက ထွက်လာရင်
မိဘတွေ ရင်အေးရတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၆.၉.၂၀၁၇
စာကြည့်တိုက်(၁၅)
ဘယ်လိုပဲ အရောင်တွေ စွန်းထင်းနေပါစေ
သူ့လက်ဖ၀ါးထဲမှာ ဖြူဖွေးသန့်စင်ကုန်တယ်
ဘယ်လိုပဲ မှေးမှိန်ဖျော့တော့နေပါစေ
သူ့အမွှေးသူ့အတောင်အတိုင်း
တောက်ပြောင်ပေါ်လွင်စေတယ်
ရောင်စုံပန်းတစ်ခင်းရှိတယ်လေ
မွှေးရနံ့ကလည်း
ပဲရစ်က လာသလားလို့ မိန်းမောသွားစေတယ်
ဗြဟ္မာ့ပြည်အထိလှုပ်ခတ်လို့
ထိတွေ့မိသူတိုင်း
ပါးနှစ်ဖက် ၀င်းပြောင်နေတယ်လေ။
မောင်ထိန်လင်း(မြို့သာ)
၁၇.၉.၂၀၁၇
စာကြည့်တိုက်(၁၆)
ငါတို့ ဘာမှ မစွမ်းနိုင်ပါလား”
ငြီးတွားရတဲ့အခါ
သတိရလာတယ်
ငါတို့ ချောက်ထဲရောက်နေပါလား”
သတိရတဲ့အခါ
ငြီးတွားမိပြန်တယ်
နောင်တမုတ်သုန်မိုးစက်ထဲမှာ
ဖိနပ်တောင်မပါကြပါလားကွယ်။
မောင်ထိန်လင်း(မြို့သာ)
၁၈.၉.၂၀၁၇
စာကြည့်တိုက်(၁၇)
ငါတို့
ဘယ်သူ့ဘက်ကရပ်တည်ရမယ်
ဘာကြောင့်ရပ်တည်ရတယ်
ဘယ်အချိန်ထိရပ်တည်ရမယ်
ဆိုတာ
ဆင်ခြင်နိုင်စွမ်းမရှိဘဲ
မဆုံးဖြတ်နိုင်ဘူး
သင်ယူရမယ်
လေ့လာရမယ်
ချိန်ဆရမယ်
ညှိယူရမယ်
ကျင့်သုံးရမယ်
ပြီးတော့ မျှဝေရမယ်
ဒီဖြစ်စဉ်ကြီးစဖို့အတွက်
အခြေခံဗဟုသုတလိုတယ်လေ
ဗဟုသုတအခြေခံနိုင်ဖို့အတွက်
စာကြည့်တိုက်တွေလည်း လိုတယ်လေ
အားလုံးလက်လှမ်းမီဖို့အရေးဟာ
လူ့အခွင့်အရေးတစ်ရပ်ပဲမို့လား။
မောင်ထိန်လင်း(မြို့သာ)
၁၉.၉.၂၀၁၇
စာကြည့်တိုက်(၁၈)
သတိတရရှိကြသူတွေ
ထပ်ပြန်တလဲလဲ သတိတရရှိကြသူတွေကို
မေးကြည့်တယ်
ဘာကြောင့်လဲ
မမေ့မလျော့ခြင်းကို မေ့လျော့နေတဲ့အထဲမှာ
သတိရခြင်းအမြစ်တွယ်နေကြလဲ
ကျေးဇူးတရားကြောင့်တဲ့
ငါတို့
မမေ့သင့်ဘူးလေ။
မောင်ထိန်လင်း(မြို့သာ)
၂၀.၉.၂၀၁၇
စာကြည့်တိုက်(၁၉)
ကျားသေကိုအသက်သွင်းတာမှ
မဟုတ်တာ
နောင်တရစရာမရှိဘူးလေ
အိပ်မက်ကိုအသက်သွင်းတဲ့လက်
နှလုံးသားရဲ့ကကွက်
ပညာဆန်တဲ့စုတ်ချက်တိုင်းမှာ
လှိုင်းတွေ
မရပ်မနား လှိုင်းတွေ
ရင်ခွင်ကမ်းစပ်ရိုက်ခတ်နေမယ်
နားထောင်ကြည့်ပါ့လား
ပီတိရွှန်းလဲ့သံစဉ်တွေဝဲပျံ…..
မောင်ထိန်လင်း(မြို့သာ)
၂၁.၉.၂၀၁၇
စာကြည့်တိုက်(၂၀)
နာမည်ကျော်ကြား
ထရိတ်ဒါးဟော်တယ်လောက်လား
ပြည့်စုံခမ်းနား
ဆီဒိုနားဟော်တယ်လောက်လား
မဟုတ်ဘူး
မဟုတ်ဘူး
သူဌေးတစ်ဦးရဲ့ကားဂိုထောင်
မီးဖိုချောင်လောက်ပါပဲ
ကြံဖန်ပြီးဝမ်းမနည်းဘူး
ခုရေတွင်းတူး
မပြန်မဖောက်
ချက်ချင်းရေကြည်သောက်ချင်တဲ့သူတွေကြားမှာ
မြို့ငယ်လေးကိုတော့အားနာပါရဲ့
တစ်မြို့နယ်လုံး
ကျောင်းသားအများဆုံး
အောင်ချက်အကောင်းဆုံးဂုဏ်
ဖုန်နေတဲ့လမ်း
စန်းပွင့်နေတဲ့ဈေးကွက်
ဈေးအတက်ကြမ်းတဲ့မြေ…..
ဒါတွေ ထားလိုက်ပါတော့၊
အဲဒီစာသင်ကျောင်းထဲမှာ
ကားဂိုထောင်လောက်ဆောက်ပြီး
စာအုပ်ကလေးတွေထားချင်တယ်။
မောင်ထိန်လင်း(မြို့သာ)
၂၁.၉.၂၀၁၇
စာကြည့်တိုက်(၂၁)
ကြည့်စမ်း
ကောင်းကင်ပျောက်နေတဲ့
ငှက်ကလေးတွေ
ကြည့်စမ်း
ရင်ခွင်ပျောက်နေတဲ့
ကလေးတွေ
ကြည့်စမ်း
လေကြောင်းပျောက်နေတဲ့
ရွက်လှေလေးတွေ
ကြည့်စမ်း
ဘ၀လမ်းမှာ ပန်းမပါ နံ့သာကင်း
ခေါင်းမစားရလို့ မင်း”မဖြစ်ရတဲ့
မင်းလောင်းတွေ
ရှိနေပါ့လား
ဒီတစ်ခါတော့
မရဘူး။
မောင်ထိန်လင်း(မြို့သာ)
၂၂.၉.၂၀၁၇
စာကြည့်တိုက်
“ငြိမ်းချမ်းရေးအစ
သင့်နှလုံးသားက”တဲ့။
“ပညာပြည့်ဝ၊ နှလုံးလှသော်
ကိစ္စကြီးငယ်၊ ဆောက်သဖွယ်လျှင်
ကျဉ်းကျယ်ထွင်းဖောက်၊ ဖြတ်တောက်လိုရာ
ပြီးနိုင်စွာ၏”တဲ့။
ဦးနှောက်နဲ့နှလုံးသား၊ဆတူကြီးထွားမှ
မုသားကမ္ဘာမှာ
ဘာကအကောင်း၊ ဘာကအဆိုး
ရှုထောင့်အမျိုးမျိုးသုံးသပ်
တည့်တည့် မတ်နိုင်ပေလိမ့်။
သုတစာပေ၊ အသိပန်း ဝေ
ရသစာပေ၊ စာနာတတ်ပေ
မြနဲ့ရွှေပမာ
စာပေနှစ်ပါး၊ ရင်ဝယ်ထားက
တစ်ယောက်စ တစ်ရာ
ငြိမ်းချမ်းရေးကမ္ဘာ မွေးဖွားပေလိမ့်။
အမျိုးသားစည်းကမ်းအစ
စာသင်ကျောင်းက…ဆိုရင်
အမျိုးသားငြိမ်းချမ်းရေးအစ
စာကြည့်တိုက်က…လို့ ဆိုချင်ပါတယ်၊
မြန်မာပြည်အနှံ့၊ မြေပြန့်တောင်ပေါ်
စာကြည့်တိုက်တွေပေါ်ပေါက်
တောက်ပရှင်သန်၊ တာဝန်ကျေပွန်
မွန်မြတ်လုပ်ငန်း၊ ပန်းရနံ့မွှေး
ငြိမ်းချမ်းရေးလည်းပွင့်ဝေလိမ့်။
မောင်ထိန်လင်း(မြို့သာ)
၂၂.၉.၂၀၁၇
စာကြည့်တိုက်(၂၂)
ဘယ်လိုလူမျိုးက ဗုဒ္ဓလဲ
ဘယ်လိုဌာနက စေတီထိုက်သလဲ
မဲခွဲဆုံးဖြတ်စရာမလိုဘူး
ပရိသတ်အယောက်တစ်ရာ
ရှာစရာမလိုဘူး
လက်ဝယ်တင်ထား ပတ္တမြား”လို၊
နှလုံးသားတွေမှာ တည်တဲ့ ဘုရား
လင်းတ ဘယ်လို နားနိုင်မယ်
နေရောင်မစားနိုင်ဘူးလေ။
မောင်ထိန်လင်း(မြို့သာ)
၂၃.၉.၂၀၁၇
စာကြည့်တိုက်(၂၃)
စာ= စာနာတတ်သူတို့
ကြည့်= ကြည့်ရှုစောင်မမှုဖြင့်
တိုက်= တိုက်တစ်လုံးဖြစ်လာသော
စာကြည့်တိုက်
အဲသလို ၀ိသေသလက္ခဏာနဲ့
ဘာသာပြန်ကြည့်လိုက်တော့
တို့စာကြည့်တိုက်ကလေးခမျာ
စာနာထောက်ထားတတ်သူတွေကို
မေးကလေးထောက်
စောင့်မျှော်နေရှာပေါ့။
မောင်ထိန်လင်း(မြို့သာ)
၂၄.၇.၂၀၁၇
စာကြည့်တိုက်(၂၄)
သုံးနှစ်လောက်မိုးခေါင်နေတဲ့
ကိုးချောင်းရွာလေး သိလား
စာကြည့်တိုက်ရှိလို့ သတိထားမိတယ်
တခမ်းတနား
မြင့်မားတဲ့ရည်ရွယ်ချက်နဲ့
အအေးဓာတ်တွေ စွတ်စိုနေပုံက
တစ်ရွာလုံးစာရေခပ်ထားသလို
တစ်ရွာလုံးစာစိုက်ပျိုးထားသလို
တစ်ရွာလုံးစာ…
တစ်ရွာလုံးစာ…
ပျောက်နေတဲ့ရွာထဲရောက်သွားကြသလို
စာကြည့်တိုက်ကိုစိုက်ပျိုးထားတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၅.၉.၂၀၁၇
စာကြည့်တိုက်(၂၅)
ဝမ်းစာမိုးတွင်းကြီးထဲမှာ
ပွဲမပြီးသေးခင်
မီးက သေချင်နေတယ်
ကိုယ်ပဲ အဆမတန် မြိုမိထားသလား
တစ်ခါတလေတွေးမိတယ်၊
အမှောင်ကျင့်သားရ မျက်လုံးတွေ
လျှပ်စီးတပြက် လျှပ်ရုံနဲ့
ဘ၀ပျက်မတတ်ခြောက်ခြားသလို
ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့
ဝန်လေးနေကြတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၆.၉.၂၀၁၇
စာကြည့်တိုက်(၂၆)
စာထဲမှာ ဆား”တွေ အများကြီး
လူပေါ့တွေ လေးအောင်
စာအုပ်လိုက်ပစ်ထည့်လိုက်တယ်
စိတ်လျှာနဲ့
လိပ်ပြာကလေးတွေ မြည်းစမ်းကြည့်
သိတယ်လေ… သိတယ်
ပြောတဲ့သူတွေ
ထိမိပါစေ။
မောင်ထိန်လင်း(မြို့သာ)
၂၇.၉.၂၀၁၇
စာကြည့်တိုက်(၂၇)
ဝမ်းစာပြည့်ဝသူတွေသာ
ထွက်ပေါ်လာ
ထွက်ပေါ်လာသူတွေသာ
ခေတ်ကိုထူမတ်
ထူမတ်လာတဲ့ခေတ်သာ
သမိုင်းဖြစ်တည်
ဖြစ်တည်လာတဲ့သမိုင်းထဲမှာ
ဝမ်းစာရှာဖွေတဲ့သူတွေ
ဒုနဲ့ဒေး
သွေးနွေးသူတွေသာ
စာကြည့်တိုက်ကို ရှာဖွေနိုင်လိမ့်။
မောင်ထိန်လင်း(မြို့သာ)
၂၈.၉.၂၀၁၇
စာကြည့်တိုက်(၂၈)
နိုင်ငံတော်ကို
ဒီလိုပဲ နိုင်ငံနဲ့ချီပြီး ပြောလိုက်တော့မယ်
နိုင်ငံတော်ကို
ဒီမိုကရေစီလမ်းကြောင်းပေါ် ဆွဲတင်တဲ့အခါ
နိုင်ငံသားတွေကိုယ်တိုင် ကြိုးစကိုင်ရမှာ
ဘယ်ကြိုးစ ဘယ်လိုကိုင် ဘယ်လိုဆွဲဆိုတာ
စာကြည့်တိုက်တွေကလည်း တစ်ခန်းတစ်ကဏ္ဍပဲလေ။
မောင်ထိန်လင်း(မြို့သာ)
၂၉.၉.၂၀၁၇
စာကြည့်တိုက်(၂၉)
ထုတ်ကုန်ကောင်းကောင်းတွေ
သောင်းသောင်းဖြဖြကြိုဆိုကြ
ချီးကျူးကြ
အားပေးကြ
စားသုံးသူဘ၀နဲ့လေ
ထုတ်ကုန်ကောင်းဖို့
ကုန်ကြမ်းကောင်းကောင်းလိုတာ
မေ့နေလိုက်ကြတာ။
မောင်ထိန်လင်း(မြို့သာ)
၃၀.၉.၂၀၁၇
စာကြည့်တိုက်(၃၀)
မသိလိုက်ကြဘူး
အနစ်နာခံသွားတဲ့ သူရဲကောင်းတွေ
အများကြီး
မသိလိုက်ကြဘူး
စတေးခံလိုက်တဲ့ အနုပညာသမားတွေ
အများကြီး
မသိလိုက်ကြဘူး
မပိုင်ဆိုင်ရတဲ့ ကြွယ်ဝမှုတွေ
အများကြီး
မသိလိုက်ကြဘူး
မတူးဖော်ရတဲ့ သယံဇာတတွေ
အများကြီး
မသိလိုက်ကြဘူး
မသိလိုက်တာတွေ
အများကြီး
မသိလိုက်ကြဘူး။
မောင်ထိန်လင်း(မြို့သာ)
၁.၁၀.၂၀၁၇
စာကြည့်တိုက်(၃၁)
ကြည့်တတ်သူ မြင်လိမ့်
ဒီလို ကျိမ်စာဆိုလိုက်တယ်
ပန်းကလေးတွေ လှလိုက်တာ…တဲ့
သူ့မှာ
ဓာတ်ကြီးလေးပါး နဲ့ အာကာသ
မျှမျှတတပေါင်းစပ်တတ်ဖို့
အကြိမ်ပေါင်းထောင်သောင်းမက
ထုဆစ်ခဲ့ရရှာတယ်
ကြည့်တတ်သူ မြင်လိမ့်
ဒီလို ကျိမ်စာဆိုလိုက်တယ်။
မောင်ထိန်လင်း(မြို့သာ)
၂.၁၀.၂၀၁၇
စာကြည့်တိုက်(၃၂)
ဘာမှရေးမထားတော့ ဗလာစာအုပ်
ကဗျာရေးထားတော့ ကဗျာစာအုပ်
ဝတ္ထုရေးထားတော့ ၀တ္ထုစာအုပ်
ဆောင်းပါးရေးထားတော့
ဆောင်းပါးစာအုပ်
ပြဇာတ်ရေးထားတော့ ပြဇာတ်စာအုပ်
သမိုင်းရေးထားတော့ သမိုင်းစာအုပ်
ဘ၀က
စာအုပ်တစ်အုပ် ဆိုပါတော့
ကျောင်းတစ်ကျောင်း ကျောင်းက
စာတစ်ကြောင်း နှစ်ကြောင်း
ရေးပေးဖူးမှာပါ
စာလုံးပေါင်းဖတ်ကြည့်။
မောင်ထိန်လင်း(မြို့သာ)
၃.၁၀.၂၀၁၇
စာကြည့်တိုက်(၃၃)
ရည်ရွယ်ချက်နဲ့
အသက်မ၀င်အောင် အမိန့်ပေးထားခဲ့တယ်
ခုချိန်ထိ
အရှိန် သေ
လေလွင့်သူတွေ လေလွင့်သူစာအုပ်ထက် များပြား
ရေသောက်ရင်တောင်မချိုအောင်
ဘ၀တွေခါးကုန်တာကြည့်
ရှင်သန်နိုင်ချိန်မှာ
ပျံဝဲကြည့်လိုက်ပါ
ကောင်းကင်ကြီးက ပြာ လို့။
မောင်ထိန်လင်း(မြို့သာ)
၎.၁၀.၂၀၁၇
စာကြည့်တိုက်(၃၄)
ပျော်စရာသီတင်းကျွတ်ညလေး
ဆီမီးလေးတွေ စီစီရီရီ ပူဇော်လို့
အလှနဲ့အလင်းပြိုင်တူထွန်းညှိထား
ပါဖို့မင့်ပန်းချီကားတစ်ချပ်
ကြည်နှူးမှုဓာတ်ကူး
မီးရှူးမီးပန်းတွေ
တဒိုင်းဒိုင်း ရှူးဒိုင်းတွေ
လှပ်ကနဲ ဆတ်ကနဲ ပျော်စရာ
စာကြည့်တိုက်လေးရှေ့
မီးထွန်းပြီးပြီလား
တကမ္ဘာလုံး လင်းသွားမယ်
ထာဝရပျော်ရမယ်။
မောင်ထိန်လင်း(မြို့သာ)
၅.၁၀.၂၀၁၇
စာကြည့်တိုက်(၃၅)
စာဖတ်သောလူမျိုးသည် တိုးတက်သည်…တဲ့
ဒါဆို စာအုပ်တွေက လှေကားထစ်တွေ
စာကြည့်တိုက်က ဘာလဲ
ဒါဆို စာကြည့်တိုက်က ဘယ်လဲ
ဒါ ဆို
စာ
ကြည့်
တိုက်
က
ဘာ လုပ် ဖို့ လဲ….
မောင်ထိန်လင်း(မြို့သာ)
၆.၁၀.၂၀၁၇
စာကြည့်တိုက်(၃၆)
ရိုလာကိုစတာ စီးသလိုပေါ့လေ
အဖက်ဖက်က ပြည့်စုံနေရင်တောင်
ကိုယ့်အနေအထား မထားတတ်ရင်
ဇတ်နာ ပုခုံးနာရသလိုပေါ့
တိုင်းပြည်ကို ပြည့်စုံအောင်ကြိုးစားဆဲကာလမှာ
ဇတ်နာ ပုခုံးနာမဖြစ်ဖို့
အနေအထားမှန်မှန်နေတတ်ရမယ်။
မောင်ထိန်လင်း(မြို့သာ)
၇.၁၀.၂၀၁၇
စာကြည့်တိုက်(၃၇)
ပုံပြင်ခေတ်တုန်းက
သူရဲကောင်းဇာတ်လိုက်
ကာတွန်းခေတ်တုန်းက
ကာတွန်းဇာတ်လိုက်
ဗီဒီယိုရာဇ၀င်ခေတ်တုန်းက
မင်းသားဇာတ်လိုက်
စူပါမင်း
ပါဝါရိန်းဂျား
သိပ္ပံနယ်လွန်လူစွမ်းကောင်းတွေ
စိတ်ကူးယဉ်အိပ်မက်မက်ခဲ့ကြ
အဖြေဟာ လက်တွေ့ဘ၀ထဲရောက်လာခဲ့
မြေ၊ရေ၊လေ…အာကာသအထိ
ဘာလို့ပိုင်စိုးနိုင်တာလဲ?
မောင်ထိန်လင်း(မြို့သာ)
၈.၁၀.၂၀၁၇
စာကြည့်တိုက်(၃၈)
စာပေဆိုတာ ထင်းပဲ
ပညာမီး မွှေးရတယ်လေ
မီးကို ကောင်းကျိုးအတွက် သုံးမလား
ဆိုးကျိုးအတွက် သုံးမလားဆိုတာမှာ
စာပေက မီး ဖြစ်သွားပြန်တယ်
ဒါတော့ အလင်းအတွက်လေ။
မောင်ထိန်လင်း(မြို့သာ)
၉.၁၀.၂၀၁၇
စာကြည့်တိုက်(၃၉)
အချိန်ရထားကြီးက
သူ့ဘာသာအလံစိမ်းချိုး ထွက်ခွာသွားချေပေါ့
နောင်တလက်မှတ်လေး
ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားသူတွေ
ငေးကြည့်နေကြဆဲ
ကိုယ်တိုင်ခူး ကိုယ်တိုင်ပန်မယ်ဆိုရင်
ဆံတုံးရှိပြီး
အုန်းဆီမရှိတဲ့ ကျောင်းကလေးရှိတယ်
သူ့ရင်
လွင်ပြင်ထဲ
စံပယ်ပန်းတွေ ဖွေးဖွေးလှုပ်နေပေါ့။
မောင်ထိန်လင်း(မြို့သာ)
၁၀.၁၀.၂၀၁၇
စာကြည့်တိုက်(၄၀)
ကျီးတွေက မကန်းဘူး
ကမ်းတာ
အုပ်လိုက် ပျံသန်း
အစာတွေ့ရင်၊ ဒုက္ခတွေ့ရင် ၀ိုင်းအာ
သမဂ္ဂစိတ်နဲ့
ရင်ဘတ်တံဆိပ်ထိုး မျိုးချစ်သူတွေ
ကျီးတွေလို မကမ်းဘဲ ကန်းနေတဲ့သူတွေ
ရှိနေကြတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၂.၁၀.၂၀၁၇
စာကြည့်တိုက်(၄၁)
ကိုယ် မရခဲ့တဲ့ အခွင့်အရေး
သူတပါးလည်း မရစေဘူး စိတ်ယုတ်မာ…
ကိုယ် မရခဲ့တဲ့ အခွင့်အရေး
သူတို့ စံစားရပါစေ…. မုဒိတာ
မဟာဗြဟ္မာတို့ရဲ့ ပေးမှတ်
၁၀၀ ပြည့်ဖို့ခက်တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၂.၁၀.၂၀၁၇
စာကြည့်တိုက်(၄၂)
အရင်ကလေးတွေက
မိုး ဘာကြောင့်ရွာ
သိကြားမင်းကြီးကြောင့် ရွာ၊
ခုကလေးတွေက
မိုးဆိုတာ…အစချီပြီး
အကြောင်းအကျိုးပြ၊
သိပ္ပံနည်းကျကျရှင်းပြလိမ့်မယ်
စာကြည့်တိုက်ထဲက စာအုပ်တွေကို ထောက် ထောက်ပြီးတော့လေ။
မောင်ထိန်လင်း(မြို့သာ)
၁၃.၁၀.၂၀၁၇
စာကြည့်တိုက်(၄၃)
သက်ကြီးကောင်ဘ၀ရောက်မှ
ခြင်တွေကိုနှိမ်နင်းနိုင်ဖို့ ခက်တယ်
မသွန် မလှယ်နိုင်တဲ့ ရေအိုးတွေ
အဘိတ်ဆေးခပ်ထားရုံပဲ၊
ကလေးတွေ
စာကြည့်တိုက်ကို ခေါ်ခဲ့ပါ။
မောင်ထိန်လင်း(မြို့သာ)
၁၄.၁၀.၂၀၁၇
စာကြည့်တိုက်(၄၄)
မရှိမဖြစ်လား? ဆိုတော့
မဟုတ်ဘူး
မရှိမဖြစ်လား? ဆိုတော့
ဟုတ်တယ်
စိန်နဲ့ ပုလင်းကွဲ ခွဲခြားတတ်ပါစေ။
မောင်ထိန်လင်း(မြို့သာ)
၁၅.၁၀.၂၀၁၇
စာကြည့်တိုက်(၄၅)
လက်လွှတ်တာပဲ ဖြစ်ဖြစ်
လက်လွတ်တာပဲ ဖြစ်ဖြစ်
ဘာလို့ လွှတ်တယ်၊ လွတ်တယ်ဆိုတာ အဖြေရှိရမယ်
အဖြေမရှိတာပဲ ဖြစ်ဖြစ်
အဖြေမသိတာပဲ ဖြစ်ဖြစ်
လုပ်ပြီးရင်တော့ ပြန်ပြင်မရတော့ဘူး
သင်ခန်းစာအဖြစ်
ကျန်ရစ်ခဲ့မယ်
အမြှော်အမြင်ရှိတဲ့သူတွေ ချန်ထားခဲ့တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၆.၁၀.၂၀၁၇
စာကြည့်တိုက်(၄၆)
အသံကောင်းဟစ်တယ်ဆိုရာမှာ
အသံကောင်းတဲ့သူ ဟစ်ရမှာမို့လား?
ကီးချော်နေတဲ့ လမ်းပေါ်က
ကီးချော်နေတဲ့သူတွေအတွက်
ကီးကြောင်နေတဲ့အဆိုတော်တွေရှိတယ်
စာကြည့်တိုက်ကလေးတောင်
အသံဝင်ဖို့ကြိုးစားနေသတဲ့။
မောင်ထိန်လင်း(မြို့သာ)
၁၇.၁၀.၂၀၁၇
စာကြည့်တိုက်(၄၇)
အုတ်သက်သက်
ဘိလပ်မြေသက်သက်
သဲသက်သက်
ကျောက်သက်သက် မဟုတ်ဘူး
စာအုပ်တွေချည်းထည့်ထားမှာ မဟုတ်ဘူး
အနာဂတ်ပန်းတွေအတွက်
လမ်းခင်းထားမယ့် စေတနာတွေ
နွေးထွေးမှုတွေ ပေါင်းစပ်ထားတဲ့
ဓါတုဓါတ်ပေါင်းစု
နှလုံးသားနုနုကလေးတွေနဲ့ တည်ဆောက်ကြမှာလေ။
မောင်ထိန်လင်း(မြို့သာ)
၁၈.၁၀.၂၀၁၇
စာကြည့်တိုက်(၄၈)
အားလုံးနဲ့ သက်ဆိုင်တဲ့အရာတွေ
အားလုံးက မသက်ဆိုင်ဘူးလို့
မှတ်ယူထားကြ
သက်ဆိုင်တဲ့အရာတွေကိုသာ
ပိုက်ထွေးကွယ်ဝှက်
မနက်ဖြန်အတွက် ချန်ရစ်ခဲ့တဲ့ ဒိန်ခဲတွေ
မနက်ဖြန်မှာ မသက်ဆိုင်နိုင်မှန်း
မသိကြဘူး အားလုံးက။
မောင်ထိန်လင်း(မြို့သာ)
၁၉.၁၀.၂၀၁၇
စာကြည့်တိုက်(၄၉)
ဘာသာရေးမှိုင်းတိုက်မှုတွေ
ဥပဒေအလွဲသုံးစားမှုတွေ
ကာမလိမ်လည်မှုတွေ
ဆင်းရဲမွဲတေမှုတွေ
အားလုံးကို
တစ်လုံးထဲနဲ့ စွပ်စွဲလို့ရတယ်
စာကြည့်တိုက်ယဉ်ကျေးမှု
မထွန်းကားတဲ့အမှုလို့။
မောင်ထိန်လင်း(မြို့သာ)
၂၀.၁၀.၂၀၁၇
စာကြည့်တိုက်(၅၀)
ကိုယ့်တာဝန်ကိုယ်ယူတဲ့
လူ့ယဉ်ကျေးဆိုတာ
ခြုံကြား ထဲကထွက်လာမဟုတ်ဘူး
စာအုပ်ပုံကြား ထဲကထွက်လာတာ။
မောင်ထိန်လင်း(မြို့သာ)
၂၁.၁၀.၂၀၁၇
စာကြည့်တိုက်(၅၁)
ကဗျာဆိုတာ
ရှုထောင့်ပေါင်းစုံက တွေးရင်
မြင်ကွင်းမျိုးစုံတွေ့နိုင်တယ်
ဂါထာတစ်ပိုင်းနဲ့
တရားထူးရနိုင်တာပဲ ကြည့်
အရာအားလုံးပြည့်စုံစေတဲ့အရာ
ဘယ်အရာလဲ
အရာအားလုံးပြည့်စုံစေတဲ့နေရာ
ဘယ်နေရာလဲ
စာကြည့်တိုက်သရဏံ ဂစ္ဆာမိ လို့တောင်
ဂုဏ်တော်ပွားလိုက်ချင်တယ်။
မောင်ထိန်လင်း(မြို့သာ)
၂၂.၁၀.၂၀၁၇
စာကြည့်တိုက်(၅၂)
တန်ဖိုးထားတတ်သူရဲ့လက်ထဲမှာသာ
တန်ဖိုးရှိတဲ့အရာ
တန်ဖိုးရှိနေလေရဲ့
ကျနော်တို့
ဘာကို
ဘယ်လို
တန်ဖိုးထားမှာလဲ
တန်ဖိုးထားတတ်သူရဲ့လက်ထဲမှာလေ။
မောင်ထိန်လင်း(မြို့သာ)
၂၃.၁၀.၂၀၁၇
စာကြည့်တိုက်(၅၃)
အသိတစ်ခုကို သိလိုက်ရတာ
ကြည်နူးစရာ
အသိတစ်ခုကို အသုံးကျတဲ့နေရာမှာ
အသုံးချလိုက်ရတာ
ပြုံးရွှင်စရာ
စာကြည့်တိုက်ဆိုတာ ပြုံးရွှင်စေဖို့ ကြည်နူးစရာတွေ
ဖြည့်ဆည်းပေးတဲ့နေရာပဲလေ၊
ကြည်နူးပြုံးရွှင်နိုင်ပါစေ။
မောင်ထိန်လင်း(မြို့သာ)
၂၄.၁၀.၂၀၁၇
စာကြည့်တိုက်(၅၄)
တက်ညီ လက်ညီ တဲ့
တက်ကညီပေမယ့် လက်မညီရင်
အရွေ့တစ်ခု ရမှာမဟုတ်ဘူး
လက်ညီပေမယ့် တက်မညီရင်
ပင်ပန်းရကျိုး မနပ်ဘူး
စာကြည့်တိုက်တည်ဆောက်တဲ့အခါ
ပြောတာပါလေ။
မောင်ထိန်လင်း(မြို့သာ)
၂၅.၁၀.၂၀၁၇
စာကြည့်တိုက်(၅၅)
အဲသလို မျောက်လက်ထဲ
စက်သေနတ်ရောက်သွားတာဖြစ်ဖြစ်
အဲသလို မျောက် အုန်းသီးရသွားတာဖြစ်ဖြစ်
မဂ်အတုကို မဂ်အတုလို့ မသိရင်
ယမမင်းကြီး သိပ်ချော သိပ်ခန့်တာပဲ စကား
သမိုင်းတွင်သွားလိမ့်မယ်။
မောင်ထိန်လင်း(မြို့သာ)
၂၆.၁၀.၂၀၁၇
စာကြည့်တိုက်(၅၆)
အမျိုးသားစာပေဆုတို့
စာပေဗိမာန်ဆုတို့
စာပေနဲ့ဆက်စပ် မြင့်မြတ်တဲ့ဆုတွေ
ထူးချွန်သာလွန်တာထက်
သက်ရှိသက်မဲ့ကမ္ဘာ
သာသာယာယာဖြစ်အောင်
တစ်နည်းတစ်ဖုံဆောင်ကြဉ်းပေးကြလို့
ရတဲ့ဆုတွေ
ဒီလိုမှတ်ယူခံစားမိတယ်၊
သူတို့တတွေ
စာကြည့်တိုက်နဲ့ မကင်း
ရင်းနှီးကြမယ်ထင်ပါရဲ့။
မောင်ထိန်လင်း(မြို့သာ)
၂၇.၁၀.၂၀၁၇
စာကြည့်တိုက်(၅၇)
စာအုပ်စာပေက
အထပ်ထပ်စစ်ထားတဲ့ သောက်ရေ
အင်တာနက်စာပေက
အထပ်ထပ်စစ်သောက်ရမယ့် ရေ
H2O ဓါတ်သတ္တိတန်ဖိုးတူပေမယ့်
လက်တွေ့မျက်တွေ့တန်ဖိုး တူနိုင်ပါ့မလား
ဒါကြောင့် စာကြည့်တိုက်ကို အားပေးနေတာ။
မောင်ထိန်လင်း(မြို့သာ)
၂၈.၁၀.၂၀၁၇
စာကြည့်တိုက်(၅၈)
တီးဝိုင်းတွေ
မြိုင်မြိုင်ဆိုင်ဆိုင်
စီးချက်ညီညီတီးခတ်နေတာ
စိတ်လက်ချမ်းသာ ခံစားရတယ်
တို့တတွေလည်း
ကိုယ်ပိုင်ရာနိုင်ရာ
ညီညီညာညာတီးခတ်စေချင်တယ်
သံစုံတီးဝိုင်းထဲမှာလေ။
မောင်ထိန်လင်း(မြို့သာ)
၂၉.၁၀.၁၇
စာကြည့်တိုက်(၅၉)
နတ်ရေကန်ထဲ ချလိုက်သလိုမျိုး
ဝိသကြုံနတ်သား ဖန်ဆင်းသလိုမျိုး
သြပပါတိကပဋိသန္ဓေ ဘွားကနဲပေါ်သလိုမျိုး
တန်ခိုးအာဏာ မရှိတဲ့အထဲမှာ
တို့စာကြည့်တိုက်လေးလည်း ပါတယ်။
မောင်ထိန်လင်း(မြို့သာ)
၃၀.၁၀.၂၀၁၇
စာကြည့်တိုက်(၆၀)
တစ်လစာမရှိတဲ့ လစာကို
လစာအဖြစ်နဲ့ ကျေနပ်ခဲ့
ငါသာ
စာကြည့်တိုက်ထဲမှာ အချိန်ကြာကြာ
ဒိထပ်အချိန်ကြာကြာ
လူ့စွမ်းအားတွေ
ရှာဖွေတည်ဆောက်ခဲ့ရင်
ကျေနပ်စရာ လစာ
ဒါမှမဟုတ်
သေးနုတ်တဲ့ဥခွံထဲကခွဲထွက်
ဘ၀မားမတ် လူမားမတ်
အသက်မွေးကျောင်းလွယ်မှာပေါ့။
မောင်ထိန်လင်း(မြို့သာ)
၃၁.၁၀.၂၀၁၇
စာကြည့်တိုက်(၆၁)
မိသားစုစုံစုံလင်လင်ထမင်းဝိုင်းမှာ
မတင်းတိမ်နိုင်တာနဲ့
သူတော်ကောင်းကြီးတွေ
ကောင်းမှုမြတ်နိုးရာ မရောင့်ရဲနိုင်တာ
မတူဘူး တူတယ်ပေါ့
စာချစ်တဲ့သူ စာပေရူးသွပ်မှုအပေါ်
အာသာမပြေတာနဲ့ရော
ဂုဏ်ရည်တန်းညှိနိုင်ပါ့မလား။
မောင်ထိန်လင်း(မြို့သာ)
၁.၁၁.၂၀၁၇
စာကြည့်တိုက်(၆၂)
ဘုံလမ်း
ထွက်ပြင်တဲ့ရွာက ထွက်ပြင်ပေးကြ
နို့သက်ခံတဲ့ရွာတွေက
အချောင်ကြိုက် မရှက်တတ်ကြ
နို့မျက် နို့ငတ်မှ သိမယ်…..
အဲဒီပျက်ချိန်မှ
အနာပြဆေးလိပ်မသောက်ရလို့
မခြောက်ချင်ဘူး
ခု ၆၂ ရောက်ပြီ။
မောင်ထိန်လင်း(မြို့သာ)
၂.၁၁.၂၀၁၇
စာကြည့်တိုက်(၆၃)
ဆေးပေါင်းခဖို့ဆိုတာ
ကြယ်တွေ ဂြိုလ်တွေ နက္ခတ်တွေ
အကြောင်းတိုက်ဆိုင်
အချိန်အခါခဏလေးကြာမြင့်
တစ်ဘ၀စာဆေးပေါင်းခဖို့ဆိုတာ
ဇော်ဂျီလို ဆေးရှာဆေးကြိတ်ဖို့မလို
စာတစ်ကြောင်းစာနားလည်ရင်
တစ်ကြောင်းစာ
စာတစ်ပိုဒ်စာနားလည်ရင်
တစ်ပိုဒ်စာ
စာတစ်ပုဒ်စာနားလည်ရင်
တစ်ပုဒ်စာ
စာတစ်အုပ်စာနားလည်ရင်
တစ်အုပ်စာ
ဘ၀တွေဟာစာမျက်နှာတွေပဲလေ။
မောင်ထိန်လင်း(မြို့သာ)
၃.၁၁.၂၀၁၇
စာကြည့်တိုက်(၆၄)
ခရီးသွားခြင်းဟာ
စာဖတ်ခြင်းတစ်မျိုးတဲ့
ဘယ်နေရာမှာ ဘယ်လိုလူတွေ
ဘယ်လိုနေထိုင်စားသောက်ကြတယ်
ကွင်းဆင်းလေ့လာသလိုပေါ့
ဒါပေမယ့်
စာကြည့်တိုက်ထဲမှာ
တစ်နိုင်ငံလုံးစာ
တစ်ကမ္ဘာစာ
တစ်ဘ၀စာ
တစ်သံသရာစာ
ခရီးသွားမှတ်တမ်းတွေရှိနေတယ်၊
ခေတ်နဲ့အညီ
နှလုံးသွင်းတတ်ဖို့တော့လိုတာပေါ့။
မောင်ထိန်လင်း(မြို့သာ)
၎.၁၁.၂၀၁၇
စာကြည့်တိုက်(၆၅)
မြေ၀ိုင်းသဘင်ကနေ
အမျိုးသားကဇာတ်ရုံတွေဘာတွေဖြစ်လို့
ဇာတ်သဘင်ရဲ့အစီအစဉ်ထဲမှာ
ဘုရားရှိခိုး၊ အပျိုတော်၊ အော်ပရာ၊
မြန်မာသံစဉ်၊ စတိတ်ရှိုး၊ ပြဇာတ်၊
နှစ်ပါးသွား၊နောက်ပိုင်းဇာတ်ထုပ်…..
ခေတ်ဆိုတာ အရှင်အရွေ့
သေနေတဲ့အရာတွေ အနည်ကျသွားမယ်
ပျောက်ကွယ်သွားမယ်
စာကြည့်တိုက်တွေ
သေကုန်တာ မဆန်းဘူး။
မောင်ထိန်လင်း(မြို့သာ)
၅.၁၁.၂၀၁၇
စာကြည့်တိုက်(၆၆)
ကျော်အောင်ညာကြတာလား။
ဒီကြော်ငြာမှာ
ကိုယ်တိုင်ဇာတ်လိုက်ပေါ့
ပရိုမိုရှင်းတွေက
လူ့ပြည်
နတ်ပြည်
နိဗ္ဗာန်
ပုလင်းအဖုံးကိုဖွင့်လိုက်ပြီး
ဖုန်းတစ်ချက်ဆက်လိုက်ရုံပဲ။
မောင်ထိန်လင်း(မြို့သာ)
၆.၁၁.၂၀၁၇
စာကြည့်တိုက်(၆၇)
နေ့ခင်းကြောင်တောင်
အိမ်ထဲက ပိုက်ဆံအိတ်ပျောက်သွားလို့
ATM ကဒ်ကနေ ဘဏ်စာအုပ်ထဲပြောင်း
စာကြည့်တိုက်အကြောင်းမရေးချင်ဘူး
ခဏ စိတ်ကို အေးပါစေပေါ့
ဒါပေမယ့် စာကြည့်တိုက်ဆိုတာ
သူခိုးဂျပိုးပျောက်ဆေးလို့သိထားတော့
နောက်ဆံမတင်းချင်ဘူးလေ။
မောင်ထိန်လင်း(မြို့သာ)
၇.၁၁.၂၀၁၇
စာကြည့်တိုက်(၆၈)
ပိုက်ဆံအိတ်ခွံ ပြန်ရပေမယ့်
ယူသွားသူခမျာ
သိက္ခာအခွံ ကျန်ပါ့မလား စိတ်ပူမိတယ်
တစ်နယ်တည်းသားတွေပဲလေ
တစ်တိုင်းတည်း
တစ်မြေတည်း
တစ်ကမ္ဘာတည်း
ဒီလိုချဲ့ကြည့်လိုက်တော့
ကိုယ့်အသားကိုယ်ကြိတ်လှီးရသလိုနာတယ်
ငါတို့ စာကြည့်တိုက်တွေများများဆောက်ရမယ်။
မောင်ထိန်လင်း(မြို့သာ)
၈.၁၁.၂၀၁၇
စာကြည့်တိုက်(၆၉)
NLD အစိုးရကို မဲပေးခဲ့တာ
နှစ်နှစ်ကြာခဲ့တဲ့နေ့
ဟန်ပြစာကြည့်တိုက်တွေ အသံမမြည်လို့
ဒေါ်ခင်ကြည်တို့ရွေ့လျားစေခဲ့
အကျိုးရလာဒ်တွေဟာ
ဂဏန်းသင်္ချာနဲ့မျက်နှာမရသေး
ဧရာဝတီ
ငြိမ့်ငြိမ့်လေးစီးဆင်းနေတယ်။
မောင်ထိန်လင်း(မြို့သာ)
၉.၁၁.၂၀၁၇
စာကြည့်တိုက်(၇၀)
ကိုယ့်ကုသိုလ်ဟာ ကိုယ့်ကုသိုလ်ပဲ
သူတစ်ပါး မျှဝေလို့
တစ်ပြားမှလျော့မသွားဘူး။
ကိုယ့်အသိပညာဟာ ကိုယ့်အသိပညာပဲ
သူတစ်ပါး ဝေမျှလို့
အလကားဖြစ်မသွားဘူး။
မောင်ထိန်လင်း(မြို့သာ)
၁၀.၁၁.၂၀၁၇
စာကြည့်တိုက်(၇၁)
အလှကိုယ်စီရှိသတဲ့
အစွမ်းကိုယ်ငှ ရကြတယ်ပေါ့လေ
လက်ရုံးရည်ဆိုတာ နှလုံးရည်ကို ကွင်းဝတ်ထားတဲ့ရွှေ
ဆိုချင်တာက
လူကောင်းရော လူတော်ရော ဖြစ်ဖို့ပဲ
စာပေမျိုးစုံဖတ်ဖို့ပဲ။
မောင်ထိန်လင်း(မြို့သာ)
၁၁.၁၁.၂၀၁၇
စာကြည့်တိုက်(၇၂)
အဟောင်းတွေချည်းပဲလား
အမှိုက်ထဲမှာလည်း ရွှေ ပါတတ်တယ်
အသစ်ကိုမြတ်နိုးတာလား
ရေသန့်မှာလည်း အမှုန် ပါတတ်တယ်
ရင်ကိုဖွင့်ထားစမ်းပါ။
မောင်ထိန်လင်း(မြို့သာ)
၁၂.၁၁.၂၀၁၇
စာကြည့်တိုက်(၇၃)
ဘုရားဖူး ကြည်နူးစရာကောင်းတယ်
သောကတူးတာ မဖြစ်ခဲ့ရင်ပေါ့၊
ဘုရားကို ဆင်းတုတော်မကွယ်ရင်
စာတစ်လုံးဘုရားတစ်ဆူပဲ။
မောင်ထိန်လင်း(မြို့သာ)
၁၃.၁၁.၂၀၁၇
စာကြည့်တိုက်(၇၄)
စဉ်းစားကြည့်တော့ ရီစရာတော့အကောင်းသား
လူနာက လူနာကို ဆေးကုညွှန်ပြလို့……
ဆရာဖြစ်ချင်ရင် စာအရင်ဖတ်ရမယ်လေ
တစ်မိနစ်စော စာဖတ်မိရင် တစ်မိနစ်စော ဆရာဖြစ်မယ်။
မောင်ထိန်လင်း(မြို့သာ)
၁၄.၁၁.၂၀၁၇
စာကြည့်တိုက်(၇၅)
စိတ်တူပေမယ့် ကိုယ်မတူရင်
ကိုယ်တူပေမယ့် စိတ်မတူရင်
အဖူးပြူတစ်တောင်
ဖြစ်မလာနိုင်ဘူး
ကိုယ့်အမျိုးကိုယ်ချစ်တယ်ဆိုတာ
တကယ်ပါလို့ ကျမ်းကျိမ်ပြနေရမယ်။
မောင်ထိန်လင်း(မြို့သာ)
၁၅.၁၁.၂၀၁၇
စာကြည့်တိုက်(၇၅)
စာ
ကြည့်
တိုက်
တဲ့၊
စာကြည့်တဲ့သူတွေ တိုက်နဲ့နေရမယ်လား?
မောင်ထိန်လင်း(မြို့သာ)
၁၆.၁၁.၂၀၁၇
စာကြည့်တိုက်(၇၆)
ဘာဖြစ်တာလဲ ကိုပဲ စိတ်ဝင်စားကြတယ်
ဘာကြောင့်လဲလို့ မတွေးမိကြဘူး
ဘယ်သူမှမတွေးတဲ့အတွေးကိုတွေးမိကြသူတွေ
ထူးချွန်တဲ့အခွင့်အရေးကိုတွေးမိခဲ့ကြတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၇.၁၁.၂၀၁၇
စာကြည့်တိုက်(၇၇)
နေရာလေးတစ်နေရာပေါ့
ဒိသာပါမောက္ခရဲ့ ဦးနှောက်ထဲမှာ
တိုင်လေးလုံးနဲ့ဆောက်ထားတဲ့ တိုက်
အာဇာနည်မြင်းမ သားပေါက်ရာ အရပ်
ဘိုးဘိုးအောင်ရဲ့ အောင်ဓါတ်တွေ ကိန်းနေတဲ့ နေရာ
လိုတရကမ္ဘာပြုမိုးရွာ၊ ကြာဖူးကြာငုံတွေ အရောင်မျိုးစုံ စေ့ငုံနေတဲ့ ကန်တော်မင်္ဂလာ။
မောင်ထိန်လင်း(မြို့သာ)
၁၈.၁၁.၂၀၁၇
စာကြည့်တိုက်(၇၈)
လောကမှာ အံ့ဖွယ်သရဲတွေ အများကြီး
အဲဒီအထဲမှာ
စာမဖတ်ဘဲ စာတတ်ချင်တာ
ပိုအံ့ဩစရာပဲ။
မောင်ထိန်လင်း(မြို့သာ)
၁၉.၁၁.၂၀၁၇
စာကြည့်တိုက်(၇၉)
အိုင်တီခေတ်မှာ စာကြည့်တိုက် လိုသလား…
ဘယ်ခေတ်မဆို လိုတယ်
စာဖတ်တဲ့သူလာရင် စာကြည့်တိုက်
သုတေသီလာရင် သုတေသနဌာန
ကျောင်းသားတွေလာရင် ကျောင်းဥယျာဉ်
ဘယ်သူမှ မလာရင်လည်း
မော်ကွန်းတိုက်
ပြတိုက်
အောင်မြေ
လူသားမျိုးနွယ်ရဲ့ ယဉ်ကျေးမှုအမွေပဲ။
မောင်ထိန်လင်း(မြို့သာ)
၂၀.၁၁.၂၀၁၇
စာကြည့်တိုက်(၈၀)
အမေး နွားကျောင်းသား…တဲ့
မေးခွန်းတွေက ထောင့်မျိုးစုံကနေ
တ၀ှီးဝှီး ပျံဝဲလာနိုင်တယ်
ဘုရားလောင်းဖြစ်ချင်ရင်
အရင် စာကြည့်တိုက်ထဲ ၀င်နေလိုက်။
မောင်ထိန်လင်း(မြို့သာ)
၂၁.၁၁.၂၀၁၇
စာကြည့်တိုက်(၈၁)
ဘာလို့ ငှက်ကလေးတွေ တေးမသီသလဲ
ဘာလို့ ပန်းကလေးတွေ ၀င့်မချီတာလဲ
ယေဘုယျသဘောတရားတွေနဲ့သာ
နှစ်သိမ့်ခဲ့ရ
တစ်ဦးတစ်ယောက်အတွက်
တစ်စုတစ်ဖွဲ့အတွက်
တစ်နယ်တပယ်အတွက်
တစ်တိုင်းတစ်ပြည်အတွက်
ပုဂ္ဂလဆန်ဆန်ထိုးထွင်းသိဖို့ဆိုတာ
လွယ်တော့မလွယ်ဘူး
မလွယ်တာကို လွယ်အောင်လုပ်နိုင်တာ ပညာပဲမို့လား။
မောင်ထိန်လင်း(မြို့သာ)
၂၂.၁၁.၂၀၁၇
စာကြည့်တိုက်(၈၂)
သူတို့
မချိုးနိုင်တဲ့ ထင်းစည်းမှာ
ချစ်ခြင်းမေတ္တာနဲ့စည်းနှောင်ထားတယ်
ချစ်ခြင်းရဲ့အကြောင်းအကျိုးကို
မီးမောင်းထိုးပြနိုင်တဲ့
စာပေအနုပညာနဲ့
အဲဒီစာကြည့်တိုက်ကို
အလှဆင်ထားမယ်…
စာကြည့်တိုက်ဟာ
ငြိမ်းချမ်းရေးရဲ့မြစ်ဖျားဆိုတာ
ထင်ရှားစေမယ်လေ။
မောင်ထိန်လင်း(မြို့သာ)
၂၂.၁၁.၂၀၁၇
စာကြည့်တိုက်(၈၃)
ဘာမှမသေချာဘူး
ကြည့်လေ နှင်းပွင့်လွှာပျို
မိုးရေလက်မှာ ငို
သေချာတာကတော့
စာဖတ်တဲ့သူ စာသိမယ်
ငါသိဖြစ်ဖို့လွယ်မယ်။
မောင်ထိန်လင်း(မြို့သာ)
၂၃.၁၁.၂၀၁၇
စာကြည့်တိုက်(၈၄)
မပြည့်သောအိုးသည် ခြောက်ခြားတတ်၏…တဲ့
ဓမ္မပဒမှာ ဖတ်ခဲ့ဖူးပါရဲ့၊
မပြည့်ဝတဲ့တိုင်းပြည် ဘယ်မှာ တည်ငြိမ်မလဲ
ငြိမ်းချမ်းဖို့ဆိုတာ နှလုံးလှတွေ လိုတယ်
နှလုံးလှဖို့ဆိုတာ ပညာပြည့်ဝမှု လိုတယ်
ပညာပြည့်ဝဖို့ဆိုတာ စာကြည့်သူတွေ လိုတယ်
စာကြည့်ဖို့တာ စာရှိဖို့ လိုတယ် မဟုတ်လား။
မောင်ထိန်လင်း(မြို့သာ)
၂၄.၁၁.၂၀၁၇
စာကြည့်တိုက်(၈၅)
အစာပလာများတာ တချို့နေရာတွေမှာ မကောင်းဘူး
ဆိုင်းမှာ drum set အသံများနေတာမျိုးပေါ့
တချို့နေရာတွေမှာ ကောင်းတယ်
လက်ဖက်သုတ်မှာ ပဲကြော်များနေတာမျိုးပေါ့
စာကြည့်တိုက်မှာ စာအုပ်များနေတာမျိုးပေါ့။
မောင်ထိန်လင်း(မြို့သာ)
၂၅.၁၁.၂၀၁၇
စာကြည့်တိုက်(၈၆)
အလှူရှင်က လူတစ်ယောက်ကို ကျွေးလှ
ထမင်း သုံးလေးနပ်ပေါ့
စာပေကတော့ လူတစ်ယောက်ကို အတွေးလှလှနဲ့
တဘ၀လုံး အိမ်ဦးခန်း ခေါ်တင်ထားတတ်တယ်။
မောင်ထိန်လင်း(မြို့သာ)
၂၆.၁၁.၂၀၁၇
စာကြည့်တိုက်(၈၇)
ဗေဒါပန်းတွေ
စာကြည့်တိုက်ထဲမှာ ပွင့်နေရဲ့
ပန်လိုသူတွေ အလိုကျ
ပွင့်နေလေရဲ့။
မောင်ထိန်လင်း(မြို့သာ)
၂၇.၁၁.၂၀၁၇
စာကြည့်တိုက်(၈၈ )
ဆောင်းနဲ့နှင်း
ပန်းနဲ့ပျား
အလှနဲ့အပြုံး
အသက်နဲ့သီလ ယှဉ်တွဲပြအနုပညာလေ
မြို့၊ ရွာနဲ့ စာကြည့်တိုက်လည်း
လိုက်ဖက်တဲ့အလှပဲ။
မောင်ထိန်လင်း(မြို့သာ)
၂၉.၁၁.၂၀၁၇
စာကြည့်တိုက်(၈၉)
လောဘထဲမှာ
ပညာလောဘက
လောကကြီးမှာအမွန်မြတ်ဆုံး
လောကကြီးကို အလှဆင်နိုင်ဆုံး
လောကကြီးကို ငြိမ်းချမ်းစေနိုင်ဆုံး
သူတို့တတွေ နှလုံးသားမပျောက်ဆုံးရင်ပေါ့။
မောင်ထိန်လင်း(မြို့သာ)
၂၉.၁၁.၂၀၁၇
စာကြည့်တိုက်(၉၀)
ထာဝရကုသိုလ်တွေမှာ လမ်းဖောက်၊ လမ်းပြင် ပါတယ်
နောင်လာနောက်သားတွေအတွက်
အနာဂတ်အထိ လမ်းဖောက်လိုက်ရအောင်။
အပယ်တံခါးပိတ်စေတဲ့ကုသိုလ်တွေမှာ ဘုရားတည် ပါတယ်
နှလုံးသားတွေပေါ်မှာ ဘုရားတည်ကြရအောင်။
မှောင်မှန်းသိရင် မီးထွန်းရမှာပေါ့။
မောင်ထိန်လင်း(မြို့သာ)
၃၀.၁၁.၂၀၁၇
စာကြည့်တိုက်(၉၁)
ချမ်းအေးမှ ခြုံစောင်ကို သတိရသလိုမျိုး
ငြီးငွေ့မှ အိမ်ထမင်းကို သတိရသလိုမျိုး
ခက်ခဲမှ အဖော်ကောင်းကို သတိရသလိုမျိုး
စာကြည့်တိုက် ဆိုတာ
အကြံဆင်းရဲ
ဉာဏ်ဆင်းရဲ
ကံဆင်းရဲမှ သတိရသလိုမျိုး။
မောင်ထိန်လင်း(မြို့သာ)
၁.၁၂.၂၀၁၇
စာကြည့်တိုက်(၉၂)
ဆေးဆရာတစ်ယောက်က လူ ဘယ်နှယောက်ကယ်တင်နိုင်သလဲ
ဆရာတစ်ယောက်က ပို ကယ်တင်နိုင်တယ်
အသက်ဝင်နေတဲ့စာကြည့်တိုက်က ပို ကယ်တင်နိုင်တယ်။
မောင်ထိန်လင်း(မြို့သာ)
၂.၁၂.၂၀၁၇
စာကြည့်တိုက် ၉၃
ဘာလို့ ဒီလိုလုပ်သလဲ မေးရင်
အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိပါတယ်
လုပ်ချင်လို့ လုပ်တာ
ဒီလိုဖြေလိုက်မယ်
လုပ်သင့်တယ်ထင်လို့ လုပ်ချင်လာတာပါ။
မောင်ထိန်လင်း(မြို့သာ)
၃.၁၂.၂၀၁၇
စာကြည့်တိုက်(၉၄)
ဘယ်နေရာများ စီးဝင်သွားတာလဲ
ဘယ်နေရာများ ပျောက်ကွယ်သွားတာလဲ
အဲဒီ အပိုင်းအစလေးတွေ
တမှုန်စီ တစစီ တဖဲ့စီ ကောက်ဆက်လိုက်ရင်
စာအုပ်တွေ ခန်းနားတဲ့ နေရာ
ဖြစ်လာမယ်ဆိုတာ
မေ့နေလိုက်ကြတာ။
မောင်ထိန်လင်း(မြို့သာ)
၅.၁၂.၂၀၁၇
စာကြည့်တိုက်(၉၅)
လူ့လောကမှာ ဖျင်းတဲ့လူဆိုတာ မရှိဘူး
စာညံ့တာကို ပြောတာလား
အယ်ဒီဆင် စာညံ့
ဘွဲ့မရတာကို ပြောတာလား
ဘီဂိတ်ကြီး ဘွဲ့မရ
ဝင်ငွေကို ပြောတာလား
ဂေါ်ဂင်က ငမွဲ
မြန်မာပြည်သား ကဗျာဆရာလည်း ငမွဲ
ပျင်းတဲ့လူဆိုတာပဲ ရှိတယ်
ဒီနေ့ စာဖတ်ပျင်းရင် စာဖတ်တဲ့လူ နောက်လိုက်ပဲ။
မောင်ထိန်လင်း(မြို့သာ)
၆.၁၂.၂၀၁၇
စာကြည့်တိုက်(၉၆)
စောင့်နေတယ် မဆိုင်းဘူး
စောင့်နေတယ် မျှော်လင့်နေတယ်
ပင်ပန်းနေတဲ့သူကို ခရီးတတိုင်သွားခိုင်းသလိုပဲ
မျှော် တ လင့် လင့် စောင့်နေခိုင်းတာ ပင်ပန်းတယ်
စာကြည့်တိုက်ကလေးရေ ထွက်လာပါတော့ ပန်းပေးတယ်။
မောင်ထိန်လင်း(မြို့သာ)
၈.၁၂.၂၀၁၇
စာကြည့်တိုက်(၉၇)
ရှိမှာပါ
အနာဂတ်မြန်မာကို လှပစေချင်တဲ့ဆန္ဒ
တစ်ရာတစ်ယောက်မက ရှိမှာပါ
သော့နဲ့သော့တံလို မတိုက်ဆိုင်သေးလို့နေမှာပါ
တစ်ရာ တစ်ယောက်မက
တစ်ထောင် တစ်ယောက်မက
တစ်သောင်း တစ်ယောက်မက ဖူးကြပွင့်ကြလိမ့်ဦးမယ်။
မောင်ထိန်လင်း(မြို့သာ)
၈.၁၂.၂၀၁၇
စာကြည့်တိုက်(၉၈)
တချို့နောင်တတွေက ပြုပြင်လို့မရတဲ့ အမှားတွေ
အဲဒီအထဲမှာ
စာကြည့်တိုက်ကလေးထဲ မလှူလိုက်ရဘူး ဆိုတာမျိုး
မပါစေချင်ဘူး။
မောင်ထိန်လင်း(မြို့သာ)
၉.၁၂.၂၀၁၇
စာကြည့်တိုက်(၉၉)
ပွင့်နေ သီးနေတာသာ လူသိတာပါ
မျိုးစေ့ရှာ အပင်ပျိုး မြေဆွပေါင်းသင်ရတယ်ဆိုတာ
ဧည့်ခန်းထဲမှာချိပ်ထားတဲ့ဘွဲ့ဓါတ်ပုံလောက်
မလွယ်ဘူး။
မောင်ထိန်လင်း(မြို့သာ)
၁၀.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၀)
အဖြေမှန်တာလေးကြည့်ပြီး
အောင်မြင်တယ် ကျရှုံးတယ် သတ်မှတ်မယ်ဆိုရင်
တစ်ထစ်ချင်းတက်လာတဲ့ ချွေးစက်တွေကို
မထီမဲ့မြင်ပြုရာရောက်တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၁.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၁)
ကြည့်ရင် မြင်တယ်ဆိုတော့
မကြည့်ခဲ့လို့ မမြင်ခဲ့တာပေါ့လေ
ဘယ်ရွာ ဘယ်မြို့မှာ
စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားနေလဲ။
မောင်ထိန်လင်း(မြို့သာ)
၁၂.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၂)
မျှော်မှန်းလူ့သက်တမ်းကိုတောင် မစေ့ဘဲ
သေဆုံးရသူတွေလား
မေးမနေနဲ့
`မသိလို့´သေတာများတယ် တဲ့။
မောင်ထိန်လင်း(မြို့သာ)
၁၃.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၃)
အစာမှားရင် သေတာ ခပ်ရှားရှား
ဆရာမှားရင်
စာမှားရင် သေတာ ခပ်များများရယ်။
မောင်ထိန်လင်း(မြို့သာ)
၁၄.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၄)
မျှော်လင့်ခြင်းဆိုတာ
မျှော်လင့်ချက်ထားသူအတွက်
သီးသန့်ဝေတဲ့ “နှင်း´´
ကဲ… သက်ပြင်းတွေချမနေတော့နဲ့။
မောင်ထိန်လင်း(မြို့သာ)
၁၅.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၅)
ကိုယ့်ခြေထောက်တွေက
ဘယ်ကိုဆွဲခေါ်နေသလဲလို့ သိပါ
စာကြည့်တိုက်ထဲရောက်အောင်ခေါ်လာတဲ့ခြေထောက်
မိတ်ဆွေခြေထောက်။
မောင်ထိန်လင်း(မြို့သာ)
၁၆.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၆)
သေချာတယ်
ဒီအချိုး ဒီအကျင့်မျိုး ဆိုရင်
စာကြည့်တိုက်ထဲ ခြေမချဘူးတာ
သေချာတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၇.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၈)
ငါစွဲပြုတ်နေတဲ့ အချိန်တွေ ရှိတယ်
စာဖတ်နေပါ့လား
ငါစွဲပြုတ်နေတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၀.၁၂.၂၀၁၇
စာကြည့်တိုက်(၁၀၉)
သံကောင်းတိုင်း ဓါးကောင်းမရနိုင်ဘူး
စာကြည့်တိုက်ထဲက ထွက်လာရင်တော့
ဓါးကောင်းတစ်လက် ပိုင်နိုင်မှာပါ။
မောင်ထိန်လင်း(မြို့သာ)
၂၀.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၀)
စာအုပ်တွေနဲ့ ဘ၀ကို မတည်ဆောက်ဘဲ
အတ္တတွေနဲ့ တည်ဆောက်နေတော့
ဘယ်ကလာ တောက်ပြောင်နေမှာလဲ။
မောင်ထိန်လင်း(မြို့သာ)
၂၁.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၁)
နိဗ္ဗာန်မကူးနိုင်သေးရင်
အရူးတွေချည်းပဲ
အရူးကြီး၊ အရူးလေး ဒါပဲ ကွာမယ်
အရူးတွေထဲမှာတော့ စာရူးပေရူးက တမူးသာတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၂.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၂)
မည်သို့ပင်ဆိုစေကာမူ……တဲ့
အဂတိလေးပါးဆိုတာ
စာပေပညာဗဟုသုတနည်းပါးရခြင်းကို
မြစ်ဖျားခံလာတာချည်းပဲ။
မောင်ထိန်လင်း(မြို့သာ)
(Whatever Law says= မည်သို့ပင်ဆိုစေကာမူ(
၂၃.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၃)
အဓိကကတော့ စာနာစိတ်ပါပဲ
ကိုယ့်တုန်းက ရခဲ့ရင်လည်း ကိုယ့်လို ရပါစေပေါ့
ကိုယ့်တုန်းက မရခဲ့ရင်လည်း သူတို့လေးတွေ ရပါစေပေါ့။
မောင်ထိန်လင်း(မြို့သာ)
၂၄.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၄)
အကြွေးမှန်သမျှ အတိုးပေးရတာချည်းပဲ
စာကြွေးက ပိုဆိုးတယ်၊
ဘ၀နဲ့ရင်း ဆပ်ရလိမ့်မယ်။
မောင်ထိန်လင်း(မြို့သာ)
၂၅.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၅)
မှတ်ကျောက်တွေက အများကြီး
အချိန်မရွေး စစ်ဆေးနေမှာပဲ
အမြဲ ရွှေ ဖြစ်နေပါစေ။
မောင်ထိန်လင်း(မြို့သာ)
၂၆.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၆)
(ဗုဒ္ဓသာသနာ စိရံ တိဌတု ….ပါ ဘုရား(
ပြီးတော့လည်း ပြီးသွားတာမျိုး
မိရိုးဖလာမျိုး
တာဝန်ကျေအလှူမျိုး မလှူချင်ဘူး
အသက်ဝင်နေတဲ့စာကြည့်တိုက်လိုမျိုး
လင်းပွင့်စေချင်တာ။
မောင်ထိန်လင်း(မြို့သာ)
၂၇.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၇)
သမင်တွေကို ဘယ်သူ မျက်စဉ်းခပ်ပေးသလဲ….တဲ့
ဆီအိုးထဲကျတဲ့ ၀ါဂွမ်းလိုမျိုး သဒ္ဓါရှင်တွေကို
ကြည်ညိုတာ၊
နတ်မြင်းပျံတောင်ပံခတ်သလို မြင်တတ်စေချင်တာ။
မောင်ထိန်လင်း(မြို့သာ)
၂၈.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၈)
တစ်နှစ်သာ ကုန်လို့သွားတယ်
ဘာတွေများ ရလိုက်သလဲ ဆန်းစစ်မိတယ်၊
ကျောင်းစာကြည့်တိုက်လေးအတွက်
တတ်နိုင်သလောက်လှူမိတယ်၊
ညောင်ပင်ကြီးတွေ ပေါက်တော့မှာပဲ။
မောင်ထိန်လင်း(မြို့သာ)
၂၉.၁၂.၂၀၁၇
စာကြည့်တိုက်(၁၁၉)
ဆရာဆိုတာ
သက်ရှိ သက်မဲ့ အသက် ဂုဏ်ဝါနဲ့ မဆိုင်ဘူး
ဉာဏ်ရည်ထူး၊ စိတ်ခွန်အားနဲ့ပဲ ဆိုင်တယ်
သရက်ပင်ကြည့်ပြီး မဟာဇနက တောထွက်သွားပြီလေ။
မောင်ထိန်လင်း(မြို့သာ)
၃၀.၁၂.၂၀၁၇
စာကြည့်တိုက်(၁၂၀)
လှူတဲ့သူက လှူပြီးပြီလေ
ယူတဲ့သူက
ယူနိုင်အောင်ကြိုးစားရမယ်မို့လား။
မောင်ထိန်လင်း(မြို့သာ)
၃၁.၁၂.၂၀၁၇
စာကြည့်တိုက်(၁၂၁)
ကြည့်ပါ့လား
မြေကြီးမှီပြီး လုပ်ရတဲ့အလုပ်တွေက
အမှောင့်ပယောဂများတယ်
ဦးနှောက်ပေါ် စိုက်ပျိုးပါ။
မောင်ထိန်လင်း(မြို့သာ)
၂.၁.၂၀၁၈
စာကြည့်တိုက်(၁၂၂)
ကွန်ချက်ချည်းပဲပြမနေကြပါနဲ့…..
မနက်ဟင်းစာရအောင်
ငါးတစ်ကောင်၊ နှစ်ကောင်
အရင်ပေးပါ။
မောင်ထိန်လင်း(မြို့သာ)
၃.၁.၂၀၁၈
စာကြည့်တိုက်(၁၂၄)
မီး ပူတာပေါ့
ပညာနဲ့ကိုင်ရင် မပူဘူး။
(သီတဂူဆရာတော်(
မောင်ထိန်လင်း(မြို့သာ)
၅.၁.၂၀၁၈
စာကြည့်တိုက်)၁၂၅)
စိတ်ပါပြီးလက်မပါတဲ့အချိန်
လက်ပါပြီးစိတ်မပါတဲ့အချိန်
ခေါင်းနဲ့ကိုယ် အိုးစားကွဲနေတာပဲ။
မောင်ထိန်လင်း(မြို့သာ)
၆.၁.၂၀၁၈
စာကြည့်တိုက်(၁၂၆)
ဂုဏ်ပြုထိုက်တဲ့သူကို ဂုဏ်ပြုတာ
မင်္ဂလာဆိုရင်
ခင်ဗျားဇာတိမှာ စာကြည့်တိုက်ကောင်းကောင်း
ရှိပြီလား။
မောင်ထိန်လင်း(မြို့သာ)
၇.၁.၂၀၁၈
စာကြည့်တိုက်(၁၂၈)
ဘာအတွက်လှူကြတာလဲ……
လှူပြီး စိတ်ကျေနပ်
ကြည်နှူးဆွတ်ပျံ့နေရင်
နှစ်ဦးနှစ်ဖက် အကျိုးရှိတာပေါ့လေ။
မောင်ထိန်လင်း(မြို့သာ)
၉.၁.၂၀၁၈
စာကြည့်တိုက်(၁၃၀)
အဘိဓမ္မာမှာ
ရှောင်သင့်တာတင်မကဘူး
ပြုသင့်တာတွေပါ ဟောပြထားတယ်
သူ့အသတ် မသတ်ဘူး၊ သူ့အသက်လည်းရှည်စေရမယ်….တဲ့။
မောင်ထိန်လင်း(မြို့သာ)
၁၁.၁.၂၀၁၈
စာကြည့်တိုက်(၁၃၂)
လောကီအောင်မြင်မှုဆိုတာ
အောင်မြင်မှု သက်သက်မဟုတ်သလို
ကျဆုံးမှုဆိုတာလည်း ကျဆုံးမှုသက်သက်မဟုတ်ဘူး
အဲဒီလိုသိခဲ့တယ်။
မောင်ထိန်လင်း(မြို့သာ)
၁၃.၁.၂၀၁၈
စာကြည့်တိုက်(၁၃၃)
တတ်နိုင်သူများအတွက် လွယ်လွန်းပြီး
မတတ်နိုင်သူတွေအတွက် ခက်လွန်းတယ်
အဲဒီ အစွန်းတွေကို မုန်းတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၄.၁.၂၀၁၈
စာကြည့်တိုက်(၁၃၄)
အပြောင်းအလဲကိုလိုလားရင်
ကိုယ်တိုင်လည်းအပြောင်းအလဲလုပ်ရမယ်….တဲ့
ဖောင်ဒေးရှင်းချပြီးမှ ဆောက်ပါ။
မောင်ထိန်လင်း(မြို့သာ)
၁၅.၁.၂၀၁၈
စာကြည့်တိုက်(၁၃၆)
ဘာသာရေးက မလိုပါဘူး
ကိုယ်ချင်းစာစိတ်လေးပဲ လိုတာ
ဘာသာရေးက မပိုပါဘူး
အတ္တစိတ်တွေသာ ပိုနေတာ။
မောင်ထိန်လင်း(မြို့သာ)
၁၇.၁.၂၀၁၈
စာကြည့်တိုက်(၁၃၇)
တောင်ကြီး ဖဝါးအောက်….
တစ်နေ့တစ်ခေါက် ဆိုကြည့်ရအောင်
စာကြည့်တိုက်လေး ဆောက်ချင်နေပြီ။
မောင်ထိန်လင်း(မြို့သာ)
၁၈.၁.၂၀၁၈
စာကြည့်တိုက်(၁၃၈)
လူမှောင်ခိုတွေသာမက
စာမှောင်ခိုတွေပါ ပေါများနေတဲ့အခါ
စာကြည့်တိုက်တွေက
အလင်းရောင်ကောင်းကောင်းရနေဖို့လိုတယ်။
မောင်ထိန်လင်း(မြို့သာ)
၁၉.၁.၂၀၁၈
စာကြည့်တိုက်(၁၃၉)
အဲသလောက်ထိ ချစ်ပြ
အနစ်နာခံပြစရာ မလိုပါဘူး
အုတ်တစ်ချပ် သဲတစ်ပွင့်စာပဲလိုတာပါ။
မောင်ထိန်လင်း(မြို့သာ)
၂၀.၁.၂၀၁၈
စာကြည့်တိုက်(၁၄၁)
……… မှာ ……… သားတွေ နေတာ မဆန်းဘူး
……… သားတွေ နေတဲ့ ……… မှာ
စာကြည့်တိုက်မရှိတာ ဆန်းတယ်၊
ကယ်တင်ရှင်မျှော်နေကြတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၂.၁.၂၀၁၈
စာကြည့်တိုက်(၁၄၄)
ပျော်ချင်ရင်
လွတ်လွတ်လပ်လပ် ပျော်ချင်ရင်
ငိုချင်ရင်
အဓိပ္ပါယ်ရှိရှိ ငိုချင်ရင်
စာ များများဖတ်ရတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၅.၁.၂၀၁၈
စာကြည့်တိုက်(၁၄၅)
တချို့စကားလုံးတွေက ချရေးထားဖို့ မလွယ်ဘူး၊
တချို့စကားလုံးတွေက ချရေးထားရင် မလွယ်ဘူး၊
တချို့စကားလုံးတွေက ချရေးထားဖို့ မလိုဘူး၊
တချို့စကားလုံးတွေက ချရေးထားဖို့ လိုတယ်၊
ခေတ်အဆက်ဆက် ပြောင်လက်နေဖို့ဆိုတာ………။
မောင်ထိန်လင်း(မြို့သာ)
၂၆.၁.၂၀၁၈
စာကြည့်တိုက်(၁၄၆)
အိမ်ထဲဝင်မိတာနဲ့ နွေးထွေးသွားသင့်တယ်
မြို့ထဲရွာထဲဝင်မိတာနဲ့ နွေးထွေးသွားသင့်တယ်
ပြည့်စုံပါစေ။
မောင်ထိန်လင်း(မြို့သာ)
၂၇.၁.၂၀၁၈
စာကြည့်တိုက်(၁၄၇)
ဖြစ်ရပါလို၏….ဆိုပြီး လှူလိုက်ကြတယ်
ဖြစ်ကြပါစေ….ဆိုပြီး မလှူမိကြဘူး
ထူးဆန်းတယ်
စာကြည့်တိုက်မှာ ဆုတောင်းနေစရာ မလိုတာပဲ၊
ပြည့်စုံသွားမယ်လေ။
မောင်ထိန်လင်း(မြို့သာ)
၂၉.၁.၂၀၁၈
စာကြည့်တိုက်(၁၄၈)
တချို့အလုပ်တွေကတော့
အချိန်ယူရတယ်
အချိန်ယူမှ ကောင်းတယ်
တချို့အလုပ်တွေကတော့
အရှိန်ယူရတယ်
အရှိန်ယူမှ ကောင်းမယ်
စာကြည့်တိုက်လေးကတော့ အရှိန်ယူနေရတယ်။
မောင်ထိန်လင်း(မြို့သာ)
၂၉.၁.၂၀၁၈
စာကြည့်တိုက်(၁၄၉)
စောင့်တိုင်း မစားရဘူး
စောင့်စားတိုင်း ကောင်းတယ် မထင်နဲ့
စောင့်ပြီးမှ စားရရင်လည်း
ကောင်းမယ်မထင်ဘူး။
မောင်ထိန်လင်း(မြို့သာ)
၃၀.၁.၂၀၁၈
စာကြည့်တိုက်(၁၅၀)
ငပုပ်က လ ကို တစ်ခါတလေမှ ဖမ်းမိတာပါ
စိတ်ကိုတော့ ဖမ်းထားလိုက်တာ
စာကြည့်တိုက်လေး စုန်းစုန်းမြုပ်လှပေါ့။
မောင်ထိန်လင်း(မြို့သာ)
၃၁.၁.၂၀၁၈
စာကြည့်တိုက်(၁၅၁)
လောကဓံ ဆိုတာ လောကဒဏ် မဟုတ်ဘူး
အသံတူပေမယ့်
အကြောင်းကွဲ တွေ များပြား
အခါး ဆိုတာတောင်
မခါးပါလားလို့ သိလာနိုင်တယ်။
မောင်ထိန်လင်း(မြို့သာ)
၁.၂.၂၀၁၈
စာကြည့်တိုက်(၁၅၂)
ထမင်းဝအောင်စားဖို့
ဝမ်းဗိုက်က မတင်းတိမ်သလို
မိုက်စိတ်ကလည်း မိုက်လုံးကြီးဖို့ မတင်းတိမ်ပေမယ့်
စာကြည့်တိုက်ကလေးတော့
ထမင်းတစ်စေ့အတွက် နပ်ကျော်ခဲ့ရပေါင်းများပြီ။
မောင်ထိန်လင်း(မြို့သာ)
၂.၂.၂၀၁၈
စာကြည့်တိုက်(၁၅၄)
အသေဝနာစ ဗာလာနံ….. တဲ့
စာကြည့်တိုက်ထဲ
ဝင်နေကြပါ။
မောင်ထိန်လင်း(မြို့သာ)
၎.၂.၂၀၁၈
စာကြည့်တိုက်(၁၆၀)
တစ်လောကလုံးကို ချစ်သောမျက်လုံးဖြင့်
ကြည့်ရှုတတ်ဖို့ဆိုတာ
ငါထဲမှာ စာကိုရှာနိုင်ရမယ်တဲ့။
မောင်ထိန်လင်း(မြို့သာ)
၁၁.၂.၂၀၁၈
စာကြည့်တိုက်(၁၆၁)
အရိပ်
လောင်းရိပ်
အေးရိပ်…..။
မောင်ထိန်လင်း(မြို့သာ)
၁၁.၂.၂၀၁၈
(၁၆၃) စာကြည့်တိုက်
လူတွေရဲ့ သဘောထား
နေရာဒေသ
အချိန်ကာလပေါ်မူတည်ပြီး
တန်ဖိုး
ပြောင်းလဲသွားတယ်နော်!
မောင်ထိန်လင်း(မြို့သာ)
၁၇.၂.၂၀၁၈
စာကြည့်တိုက်(၁၆၅)
ဒုက္ကရစရိယာကျင့်နေတဲ့
စာကြည့်တိုက်လေး
ဘယ်နေ့တရားဦးဟောမလဲ
ကျွတ်တမ်းဝင်မယ့်သူတွေ
တချို့ မြေကြီးဖြစ်ကုန်ပြီ။
မောင်ထိန်လင်း(မြို့သာ)
၁၉.၃.၂၀၁၈
စာကြည့်တိုက် (၁၆၆)
မွေးနေ့မှာ
မမေ့သင့်တာတွေ မမေ့တာ
ဉာဏ်ပညာရဲ့ သော့တံပဲလေ
စာကြည့်တိုက်ကို ဖွင့်ခဲ့တယ်မို့လား။
အလှူရှင်၊ မွေးနေ့ရှင်ကိုမျိုးနေဇာအတွက်…..
မောင်ထိန်လင်း(မြို့သာ)
၂၁.၁၁.၂၀၁၈
တချို့ကဗျာလေးတွေကို ရှာမတွေ့တော့ပါဘူး။ တောထဲကို စွန့်ပစ်ခံရဖို့ သွားတဲ့ သူဆင်းရဲမိဘနှစ်ပါးရဲ့ ကလေးငယ်လေး၊ ပေါင်မုန့်လေးတွေ ဖဲ့ပြီး လမ်းမှတ်မိအောင် ကြိုးစားသလို….
တွေ့သလောက် ပြန်ကောက်ပြီး လာလမ်းကို မှန်းပြန်ခဲ့တယ်…..။
မောင်ထိန်လင်း(မြို့သာ)