စာနယ်ဇင်းကဗျာများ(၁၃)

(၁၃)

မောင်ထိန်လင်း(မြို့သာ)…………… ပွင့်သောပန်းတိုင်းမွှေးပါစေ

ပြည်ချစ်သာ(၇.၉.၂၀၁၆)

 

ခေါင်းလောင်းသံ မြန်ပြည်အနှံ့ ညံစေသား

ရန်ကုန်မှာ မီးပျက်လို့ သွေးပျက်ရတာ ဘာအရေးလဲ
ဘတ္ထရီမရှိ ဖယောင်းတိုင်မရှိ ယုတ်ဆွအဆုံး ရေနံဆီမီးခွက်တောင်မရှိတဲ့
သုညအဖေခေါ်ရတဲ့သူတွေ ဒူးနဲ့ဒေး။
မြေပြန့်မှာ လေးတန်းအောင် ကျောင်းပြီးရတာ ဘာဆန်းလဲ
တောတောင်ထဲမှာ စစ်ဘေးရှောင်စခန်းမှာ ပြည်တွင်းပြည်ပ ဒုက္ခသည်စခန်းမှာ
စာသင်ကျောင်းဆိုတာဘာလဲလို့ မေးရတဲ့ဘဝတွေ အများအပြား။
ခေါင်းလောင်းသံအစား
ဗုံးသံအမြောက်သံသေနတ်သံတွေ ကြားမှာ အကျွမ်းဝင်လောက်ပြီ
ဒါ အာပီဂျီ၊ ဒါ ကြွမိုင်း၊ ဒါ လက်ပစ်ဗုံး…အသံကြားရုံနဲ့ ခွဲခြားတတ်လောက်ပြီ
ရန်သူအနံ့၊ ရန်ပြုမယ့်သူအနံ့၊ မိတ်ဆွေအနံ့၊ ကြင်နာဖေးမမယ့်သူအနံ့၊ အရိပ်အခြေ၊ အနေအထား
ခွဲခြားနိုင်လောက်ပြီ
သမိုင်းရိုင်းက သင်ပေးလိုက်တဲ့ ဘဝသင်ခန်းစာတွေ ကျေညက်လောက်ပြီ
အသက်ရှင်နေထိုင်နည်းတွေ ဆည်းပူးပြီးသားပေါ့။
အနာဂတ်သယံဇာတတွေ
ဖျက်ဆီးခံထားရတဲ့ တိုင်းပြည်သယံဇာတတွေ
တောတွေ တောင်တွေ နယ်စပ်တွေမှာ ကျဲပြန့်နေရတာ
တန်ဖိုးထားတတ်သူတွေ ရင်မောနေကြပြီပေါ့။
ပန်းတိုင်းပွင့် ပွင့်တိုင်းမွှေးပါကြောင်း
ခေါင်းလောင်းသံ မြန်ပြည်အနှံ့ ညိုးညိုးညံစေကြောင်း။
မောင်ထိန်လင်း(မြို့သာ) ၂၈-၅-၂၀၁၆ ၉း၂၆ မနက်

စာနယ်ဇင်းကဗျာများ(၁၂)

(၁၂)

မောင်ထိန်လင်း(မြို့သာ)…………… ငြိမ်းချမ်းခြင်းအနုပညာ

စံတော်ချိန်(၅.၉.၂၀၁၆)

 

 

သင်္ခါရနယ်ပါယ်မှာ

ထာဝရ ကို အဓိပ္ပါယ်ပေါ်လွင်စေဖို့

လီနင်တို့လည်း ကြိုးစားခဲ့

ကားလ်မက်တို့လည်း လောကနိဗ္ဗာန်ဘုံဝါဒထွင်

ရှင်ဒိသာပါမောက်အစ

ဦးဝိစာရ၊ သခင်ကိုယ်တော်မှိုင်း

ဒဂုန်တာရာရဲ့ အရိုင်း ၊

ဦးသန့်၊  ဒေါ်အမာ

ခု မြန်မာအမျိုးသမီးကြီး အဆုံး

အားလုံးလိုချင်ခဲ့ကြတာပါပဲ

စည်းလုံးမှ ညီညွှတ်တာရယ်

ငြိမ်းချမ်းမှ သာယာတာရယ်

ဖွံဖြိုးမှ ခေတ်မီတာရယ်

အားလုံးဟာ ကိုယ့်လက်ထဲမှာ ရှိပြီး

စားသုံးခွင့်မရတဲ့ သစ်သီးလိုမျိုး

ငတ်မွတ်စွာ မာနခံနေတယ်

သိက္ခာကို ဘာသာပြန်မှားနေတယ်

ရပ်ထဲ ရွာထဲ စကားနဲ့

ဘယ်ဘုရားမှ တရားမဟောသလို

ငြိမ်းချမ်းရေးဆိုတာ

ကိုယ်ကအစ ကိုယ့်တခွင်

ကိုယ့်ဝန်းကျင် ကိုယ့်နိုင်ငံပြည်ရွာ

ကိုယ့်ကမ္ဘာ ကိုယ့်စကြာဝဠာထိ

ပွတ်တိုက်မိတိုင်း မီးထမတောက်တဲ့အခြေအနေအရောက်

အတ္တဂုဏ်မမြှောက်မှ

နိဗ္ဗာန်ဘုံရောက်လိမ့်မယ်

ဒါမှ ကျွန်တော်တို့ သမားစဉ်

စိတ်ကူးယဉ်နေတဲ့ ကောင်းကင်နိုင်ငံတော်ကို

ဖူးမျှော်ရပေလိမ့်မယ်

အဲဒီခေတ်အခါ

ငါ ရှိနေပါစေ….။

 

မောင်ထိန်လင်း(မြို့သာ)

၂.၉.၂၀၁၆ သောကြာနေ့

စာနယ်ဇင်းကဗျာများ(၉)

(၉)

 

မောင်ထိန်လင်း(မြို့သာ)———– မန္တလေး…ရွှေမန္တလေး…ကျုပ်တို့ရွှေမန္တလေး

စံတော်ချိန်(၂၄.၆.၂၀၁၆)

 

မန္တလေး…..

မန္တလေး…..

အဝေးက ချစ်၊ အဝေးက လွမ်းနေတုန်းက

အတွေးထဲမှာ

သနပ်ခါးရနံ့ သင်းသင်း

ရွှေခြေချင်း ယဉ်

စက်ဘီးကလေး ကလင် ကလင်နဲ့

ပြုံးရွှင်ချိုမြ ဖော်ရွေကြတယ်ပေါ့။

ပထမဆုံးတစ်ခေါက်

အဖေနဲ့ရောက်တုန်းက

ရထားပေါက်က အဆင်း

အတင်းခေါ်ကျွေးတဲ့ ထမင်းဆိုင်

အပြိုင်အဆိုင်မြည်းခိုင်းတဲ့ ထိုးမုန့်တန်း

အိုး… တိုး… အန်း… တမ်း

တိုးဝှေ့သွားခဲ့ရတယ်။

ရွာ စာအုပ်ဆိုင်ထက်

နံ့သာဆီလောက်ကွာတဲ့ နဂါးစာပေ

အဖေနဲ့ဝင်မွှေတော့

စာပေချစ်သူတွေ

တချို့က ရွေး၊ တချို့က မေး

တချို့က ကိုင်၊ တချို့က ထိုင်

တချို့က စမ်း၊ တချို့က မြန်း

ခုဆို အဲဒီအလွမ်းပန်းချီကားလေး

ဆေးသားတောက်ပနေသေးလား။

အဝေးနေရာကနေ

မင်းရင်ခွင်ထဲ တိုးဝင်လာတဲ့သူကို

ဘာနဲ့ကြိုနေမလဲ မန္တလေး

ငယ်ငယ်ကချစ်ရတဲ့ ငယ်ချစ်ရေ

အသစ်တွေ မော်ဒန်တွေ

ခေတ်ရေစီးကြောင်းအလိုက်

တိုက်တွေ တာတွေ

ရုပ်အသွင်ဘယ်လိုပြောင်းပြောင်း

မဟောင်းနိုင်တဲ့ယဉ်ကျေးမှု အနုပညာတွေနဲ့

မင်းဟာ လှနေမယ်လို့ ယုံကြည်ပါတယ်

အပြုံးနဲ့ ကြိုပါ… မန်း။

စာနယ်ဇင်းကဗျာများ(၈)

(၈)

မောင်ထိန်လင်း(မြို့သာ)——— ရန်သူနဲ့ဆက်ဆံနေတဲ့ မြို့

စံတော်ချိန်(၁၆.၆.၂၀၁၆)

 

၁၂၂၁က နဂါးနှစ်​လား

မီး​တောင်​အဝမှာ တည်​ထားတဲ့ မြို့။

 

ခြေချမိ​တော့

မျက်​​ပေါက်​​မှေး​မှေးဘုရင်​ကြီးကို

နန်းတွင်းသူ​လေး ဒူးတုပ်ခံစား

နဂါးစာ​ကျွေးဖို့ ​ပေါက်​စီ​တွေ ပြင်​​သလား၊

ဇာတ်​မင်းသား​လေးသိန်း​ဇော်​သီချင်း

နောက်​ခံတိုးညှင်း​ဖျော့​တော့။

 

ဒီ​နေရာ လူထုတိုက်

အ​ရှေ့ဦးခိုက်​ ​ဖောင်​​တော်​ဦး

ထွန်းဦးနဲ့ နဂါး

စားကြပါဦး ထိုးမုန့်​၊ နန်းကြီးသုပ်

နဂါးအရုပ်​​တွေ မဆင်​မချိပ်

အညာရိပ်​​တွေမြင်​ရ​သေးတယ်​။

 

အထင်ကရတွေ

အတိအကျရှိနေသေးတယ်၊

မြနန်းစံကျော်

မန္တလေးနန်းတော်ရယ်…

အလှမ်းမဝေးပေါင်

မန္တလေးတောင်တော်ရယ်…

ရတနာ့ဂုဏ်နဲ့

ဂန္ဓာရုံစာသင်တိုက်ရယ်…

မညှိုးမှိန်တဲ့

ဦးပိန်တံတားရယ်…

ရင်ငွေ့လှုံ ဂုဏ်တော်ပွားတဲ့

မုနိဘုရားကြီးရယ်…

ကမ္ဘာ့ဘုံမှာ

မြန်မာ့ဂုဏ်မပျောက်သရွေ့

ရန်သူနဲ့ရင်ဆိုင်တွေ့လည်း

မဆွေးမြေ့ဘူးရယ်။

စာနယ်ဇင်းကဗျာများ(၇)

(၇)

မောင်ထိန်လင်း(မြို့သာ)———- ဗေဒါပျံ အံကိုခဲ ပန်းပန်လျှက်ပဲ

စံတော်ချိန်(၁၄.၆.၂၀၁၆)

 

ဘုန်းကြီးဝတ်တဲ့နှစ် မှ ဝါထပ်ရတယ်လို့။

 

ဘာတဲ့… အယ်လ်နီညိုနဲ့ လာနီညာ

သွေးလာစမ်းတဲ့ နှစ်။

 

နေ နေပူ

လေပြင်း တိုက်

မိုးသီးရွာ

မြစ်ရေ တက်

ဒီမိုနှစ်စမှာ ခက် ခက်ရချည်လား ကွယ်ရို့။

 

အရင် သတင်းအမှောင်ချထားတုန်းက

တောင်ရွာ၊ မြောက်ရွာ ဘာဖြစ်မှန်းမသိ

ကောလဟာလကို သတင်းလုပ်

အတင်းကို အဟုတ်လုပ်

ရှုပ်သထက် ရှုပ်ရပေါ့။

 

ခုတော့ အပ်ကျရာ အစ

မိတ်ကပ်လူးတာ အဆုံး

မနက်ကနေ အိပ်ရာထဲအထိ

သိချင်တာ သိရပေါ့။

 

မီဒီယာကို အသုံးချတတ်တော့

တချို့ ချမ်းသာရ

တချို့ နာမည်ရ

တချို့ အားကျ

တချို့ ဟာသ

တချို့ ဗာလာန

တချို့ မျိုချ

ကြော်ငြာခမပေးရတဲ့ ဈေးကွက်။

 

ရက်သားနဲ့ အရပ်သားအစိုးရအတွက်

အားတက်စရာတွေ

အားပျက်စရာတွေ အားပြိုင်နေပေမယ့်

သဘာဝကရော သက်ရှိလောက ကရော

သွေးတိုးစမ်းနေပေမယ့်

စိတ်မပျက်

လက်မပျက်

မိတ်မပျက်

မေတ္တာခြွေတဲ့ ပန်းပျိုးလက်။

စာနယ်ဇင်း(၆)

(၆)

မောင်ထိန်လင်း(မြို့သာ)– မုန်တိုင်းအလွန်

စံတော်ချိန်(၂၄.၅.၁၆)

 

Roanu တဲ့လား

နာမည်လေး လှပေမယ့် ခပ်ရိုင်းရိုင်း

ဆိုင်ကလုန်းမုန်တိုင်းတဲ့

ဘယ်လို ခြိမ်းခြောက်

သတိတံတိုင်း ဆောက်ကာ

မြန်မာတွေ မကြောက်တော့။

အလစ်ဝင်တိုက်လို့မရ

မီဒီယာ့အားကိုး

ပညာ့အားကိုး

ဝီရိယတိုးလို့ ကျော်ဖြတ်

အချင်းချင်းလက်တို့သတင်းပေး

သန်းခေါင်ကျော်တော့ ရင်အေးရပေါ့။

အဆိုးထဲက အကောင်း

မိုးဦးမိုးကောင်း မျှော်သမျှ

ခု ၊ အားရဝမ်းသာ

ပန်းမာလာတွေ့ပွင့်

စားပင်သီးပင် စွင့်လန်း

ရေလမ်းဖြောင့်ဖြူးပေါ့။

မောင်ထိန်လင်း(မြို့သာ)

စာနယ်ဇင်းကဗျာများ(၅)

(၅)

မောင်ထိန်လင်း(မြို့သာ)…… အသက်ကလေးရယ်… ရှည်စေလို

စံတော်ချိန်သတင်းစာ(၅.၅.၂၀၁၆)

အလွမ်းပြေဖို့
ကြိုးစား ဖြေလျော့တုန်း
ဗြုန်းစားကြီး ကျီးအာ
သတင်းဆိုးဝင်လာပါလေရော
….ခွဲခွာခြင်း…တဲ့
အပေါင်းအသင်းနဲ့ ကောင်
မယောင်ရာဆီလူး
သောကနတ်ပူးစေတယ်၊
ကျန်ခဲ့တာ သံယောဇဉ်
ချန်ခဲ့တာ နွယ်ရှင်ပင်
တစ်စင်
တစ်ငင်
တစ်မျှင် လျော့ပါး
ကြားလေ အသွေး
ဝေးသွားမလား´အတွေး
တချို့ ငေးတောင် မကြည့်ဖူးဘူး၊
….စစ်မှာတမူ
နှမလေး မယ့်ထက်ဖြူကို မယူဘူးဗျာ…
ဗျာပါအတွေး
ခဏလေး ရပ်
မန္တလေး အိပ်မက်
အဖေရယ် အမေရယ်
သားနဲ့သမီး ဆက်မက်ကြရအောင်
အတွေးဖောင်ဖွဲ့ကြမယ်…ကဲ။

စာနယ်ဇင်းကဗျာများ(၄)

(၄)

မောင်ထိန်လင်း(မြို့သာ)-  ရွှေမန္တလေး… ကျုပ်တို့ရွှေမန္တလေး

ရတနာပုံသတင်းစာ(၂.၅.၂၀၁၆)

 

မန္တလေး…..

မန္တလေး…..

အဝေးက ချစ်၊ အဝေးက လွမ်းနေတုန်းက

အတွေးထဲမှာ

သနပ်ခါးရနံ့ သင်းသင်း

ရွှေခြေချင်း ယဉ်

စက်ဘီးကလေး ကလင် ကလင်နဲ့

ပြုံးရွှင်ချိုမြ ဖော်ရွေကြတယ်ပေါ့။

ပထမဆုံးတစ်ခေါက်

အဖေနဲ့ရောက်တုန်းက

ရထားပေါက်က အဆင်း

အတင်းခေါ်ကျွေးတဲ့ ထမင်းဆိုင်

အပြိုင်အဆိုင်မြည်းခိုင်းတဲ့ ထိုးမုန့်တန်း

အိုး… တိုး… အန်း… တမ်း

တိုးဝှေ့သွားခဲ့ရတယ်။

ရွာ စာအုပ်ဆိုင်ထက်

နံ့သာဆီလောက်ကွာတဲ့ နဂါးစာပေ

အဖေနဲ့ဝင်မွှေတော့

စာပေချစ်သူတွေ

တချို့က ရွေး၊ တချို့က မေး

တချို့က ကိုင်၊ တချို့က ထိုင်

တချို့က စမ်း၊ တချို့က မြန်း

ခုဆို အဲဒီအလွမ်းပန်းချီကားလေး

ဆေးသားတောက်ပနေသေးလား။

အဝေးနေရာကနေ

မင်းရင်ခွင်ထဲ တိုးဝင်လာတဲ့သူကို

ဘာနဲ့ကြိုနေမလဲ မန္တလေး

ငယ်ငယ်ကချစ်ရတဲ့ ငယ်ချစ်ရေ

အသစ်တွေ မော်ဒန်တွေ

ခေတ်ရေစီးကြောင်းအလိုက်

တိုက်တွေ တာတွေ

ရုပ်အသွင်ဘယ်လိုပြောင်းပြောင်း

မဟောင်းနိုင်တဲ့ယဉ်ကျေးမှု အနုပညာတွေနဲ့

မင်းဟာ လှနေမယ်လို့ ယုံကြည်ပါတယ်

အပြုံးနဲ့ ကြိုပါ… မန်း။

 

 

စာနယ်ဇင်းကဗျာ(၃)

(၃)

မောင်ထိန်လင်း(မြို့သာ)-  မန္တလေးရယ်၊ ငါရယ်၊ နန်းတော်ကြီးရယ်

စံတော်ချိန်သတင်းစာ(၂၈.၄.၂၀၁၆)

အသက်ရှည်စေလို မန်းတောင်ရိပ်ခိုတဲ့
တချို့က ဘုရားခြေတော်ရာရှိတဲ့ မန်းချောင်းနဲ့ မန်းတောင်ရိပ်လို့
ကြိတ်မှိတ်ငြင်းခုန်ပေမယ့်
ငါ့အတွက်ကတော့ မန္တလေးတောင်တော်အရိပ်
အေးငြိမ့်ချင်တယ်
သူက အညာရဲ့ အိုအေစစ်၊ ငါ့ရဲ့ အချစ်ဖြစ်တယ်။

စခန်းမဝေးတဲ့ မန္တလေးဆိုတာ
စာမှာ၊ ကဗျာမှာ၊ သီချင်းမှာ၊ လူတကာရဲ့ နှုတ်ဖျား
ခရားရေလွှတ်တတွတ်တွတ်ရွတ်နေပေမယ့် မပြည့်စုံ
မန်းတောင်ကြီး ငုံ ပြောတောင် မလေးနက်
ပါဠိအဋ္ဌကထာအောက်ထက်ညှိလည်း
ပီတိမရွှန်း မဖိတ်
ငါက မန္တလေးသားသိပ်ဖြစ်ချင်ခဲ့တယ်။

ရွှေမှန်ကင်းက ထင်းဖြစ်ခဲ့တယ်ဆိုပေမယ့်
ရွှေမြန်မာတို့ရဲ့ ဂုဏ်သတင်း
လေပြေညှင်းတဲ့ တော်ဝင်ပန်း
ဒါက တော်ဝင်နန်းတော်၊
မျှော်မှန်းတွေးကြည့်ရုံနဲ့ ကြက်သီးထ
ရာဇဋ္ဌာနေ၊ နေပြည်တော် တံဆိပ်
နှလုံးသားမှာ ခပ်နှိပ်ထားတယ်။

မြန်မာဆိုတာ ကျွန်သဘောက်သားမဟုတ်ဘူးတဲ့။

စာနယ်ဇင်းကဗျာများ(၂)

 – ပတ်​လမ်း​ပေါ်တွင်​ ကမ္ဘာလုံးဝန်းရခြင်းအ​ကြောင်း
(မိုးမခ) အောက်တိုဘာ ၂၈၊ ၂၀၁၈

မျက်​လုံး​တွေ
အချင်းချင်း ဆုံတဲ့အခါ ကြည်​နူးရ
နှုတ်​ခမ်း​တွေ
အချင်းချင်း ဆုံတဲ့အခါ ရွှင်​ပြရ
နား​တွေ
အချင်းချင်း ဆုံတဲ့အခါ ချမ်း​မြေ့ရ
လည်​​တွေ
အချင်းချင်း ဆုံတဲ့အခါ ၀မ်းသာရ
ရင်​ဘတ်​​တွေ
အချင်းချင်း ဆုံတဲ့အခါ နားလည်​ရ
လက်​​တွေ
အချင်းချင်း ဆုံ၊ ချုပ်​ချယ်​စိုးမိုး​နေရင်
ခြေ​တွေ
အချင်းချင်း ရှုပ်​၊ လမ်းမ​တွေ့​တော့ဘူး။
ကမ္ဘာ
လုံးဝန်းလာတယ်​။