စာနယ်ဇင်းကဗျာများ(၂၂)

(၂၂)

မောင်ထိန်လင်း(မြို့သာ)………………. မန္တလေးကို ချစ်ကြသူများ

ရတနာပုံသတင်းစာ(၂၁.၁၁.၂၀၁၆)

 

မင်းတုန်းကလည်း

သာသနာ့ဘုန်းရောင်တွေနဲ့ ချစ်

ကနောင်ကလည်း

စက်မှုဂုဏ်ရောင်တွေနဲ့ ချစ်

မောင်လွန်းကလည်း

ငြိမ်းချမ်းရေးမီးရှူးတိုင် ထွန်းရင်း ချစ်

ဆရာဖေကလည်း

တေးထပ်ကဗျာတွေနဲ့ ချစ်

လူထုမောင်နှံကလည်း

လူထုတပ်လှန့်သံနဲ့ ချစ်

ကိုပညာကလည်း

အညာရနံ့တွေနဲ့ ချစ်

ထိုးမုန့်၊ နန်းကြီးသုပ်တွေကလည်း

မြို့ဂုဏ်ပုဒ်အနေနဲ့ ချစ်

လူထု၊ နဂါးနီတို့ကလည်း

စာပေခရီး ရှေ့ချီတက်ရင်း ချစ်

မန်းနေ့စဉ်၊ ရတနာပုံတို့ကလည်း

သတင်းစုံ ခင်းကျင်းပြရင်း ချစ်

အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် မန္တလေးကိုချစ်စိတ်နဲ့

မန္တလေးပုံရိပ်ကို ဖော်ပြရင်း ချစ်

တစ်ခတ်ပြီး တစ်ခတ်ပြောင်းသွားပေမယ့်

ဟောင်းမသွားတဲ့စိတ်နဲ့ ချစ်

အဲဒီမဟာလူသားတွေကြောင့်

မန္တလေးရေ… စိတ်ချ

နွံမနစ်နိုင်ပါဘူး။

စာနယ်ဇင်းကဗျာများ(၂၁)

(၂၁)

မောင်ထိန်လင်း(မြို့သာ)…………………….. ကျူး

ကြေးမုံသတင်းစာ(၂၃.၁၀.၂၀၁၆)

 

လက်ကျူး လက်
ခြေကျူး ခြေ ဖြတ်မတဲ့
သမိုင်း၊ ပထဝီသင်စဉ်က
ကြုံးဝါးခဲ့…
စကေးကိုက် မြေပုံဆွဲ
အတက်လေးတစ်တက်
အတွန့်လေးတစ်တွန့်
မစွန့်နိုင်ခဲ့…
ငါ ကြီးလာတော့
မြန်မာ့မြေပုံဟာ
ကြုံ လှီသလား ဆူဖြိုးသလား
မစဉ်းစားနိုင်တော့…
ငါ့အိပ်ယာ မြေတစ်ကွက်တောင်
ခြံမခတ်နိုင်တော့
လေးဘက်လေးတန် စည်းခိုးဒဏ်
လှိမ့်ခံနေရပေါ့။

မောင်ထိန်လင်း(မြို့သာ)
၁၉.၁၀.၂၀၁၆

မိုးခါးရိုက်တဲ့ ဆောင်း

မိုးခါးရိုက်တဲ့ ဆောင်း

အရင်က ခုလို ပြူတစ် ပြူတစ် ဖူးနေတဲ့ ဆောင်းကို
မိုးခါးရိုက်ခဲ့တုန်းကပေါ့
ရထားမီးခိုးတွေ ပျင်းတွဲ့အိကျအောင် ဆွဲတဲ့ ဥသြသံနဲ့
ဝီရိယလေး နွေးခဲ့ရ
ပန်းနုရောင်ယင်းမာဖိနပ်သံလေး ယဉ်ပါးခဲ့တယ်
လက်ဆွဲဈေးခြင်းလေးထဲ စာလေးတစ်စောင် မဝံ့မရဲ တွဲခို
ဈေးထောင့်မှာ ခုန်ချနေခဲ့တာ မသိနိုးနား
နှင်းတွေ ဝေနေမိတယ်
ကြာခဲ့ပါပြီလေလို့ ပြောရလောက်အောင် မကြာသေးတဲ့
နှင်းဆီစူးတဲ့ ဒဏ်ရာတွေပေါ့
ဂစ်တာလေး ည ည ထငိုခဲ့တယ်
ဆောက်လက်စဘဝကို ပစ် ပစ်ချထားပြီး
သွားကြည့်ဖြစ်တဲ့ ကမ်းပါးပြိုမှုမှာ အမြဲစိမ်းတောလေး
တောမီးလောင်ကျွမ်း
နှလုံးသားကြွေအိုးမှာ ထိုးစိုက်ထားတဲ့ပန်းပေါ့
လူလစ်တိုင်း နမ်းမိနေစဲ။

မောင်ထိန်လင်း(မြို့သာ)

စာနယ်ဇင်းကဗျားများ(၂၀)

(၂၀)

 

မောင်ထိန်လင်း(မြို့သာ)…………. ကွမ်းကြိုက်တဲ့ မြို့

စံတော်ချိန်(၁၄.၁၀.၂၀၁၆)

 

ရွှေမပါတဲ့ ရွှေမြန်မာတွေ ရွှေဆိုင် မပိုင်နိုင်တော့

ကွမ်းယာဆိုင်လေးတွေ

လမ်းဘေးတွေ၊ လမ်းထောင့်တွေ၊ လမ်းချိုးတွေမှာ

မိုးဦးကျ မှိုတွေပွင့်သလို အစီအရီ

တလမ်းလုံးနီနေကြတယ်။

 

လှချင်လျှက်နဲ့ ကျောက်ပေါက်မာ ဖျက်သလို

ကိုယ့်လူတွေက ဖျက်

ဧည့်သည်တွေက ဖျက်

မြို့ခံတွေက ဖျက်

မြို့စံတွေက ဖျက်

အိမ်သာထရံပျက်သလို ဟောင်းလောင်းပေါက်နဲ့

မြို့တော်ဟာ နောက်ကောက်ကျခဲ့တယ်။

 

ကားပေါ်က လူက ဆိုင်ကယ်သမားကို မကြည့်

ဆိုင်ကယ်သမားက လမ်းသွားသူကို မကြည့်

လမ်းသွားသူက လျှောက်တဲ့ လမ်းကို မကြည့်

ကတ္တရာလမ်းက အမှိုက်ပုံးကို မကြည့်

အမှိုက်ပုံးက စည်ပင်ကို မကြည့်

စည်ပင်က မြို့တော်ကို မကြည့်

ဒါနဲ့ ယဉ်ကျေးမှုက ဒီမြို့ပေါ်မှာ မရှိတော့ဘူး။

 

အဲလို မြို့ဆန်တဲ့ လမ်းပေါ်

ကွမ်းတံတွေးတွေ ထွေးချင်တိုင်းထွေးတာဟာ

ဘယ်သူ ဘယ်ဝါ မပြနိုင်လို့လား

မနေနိုင်လို့ စားတဲ့ကွမ်းဟာ

မြို့တော်ကို လွမ်းနာကျစေတယ်လို့ မသိတာလား

အသိတရားမရှိ ဗရမ်းပတာနဲ့

ခင်ဗျားတို့ချစ်တဲ့ မြို့ဟာ

မနှစ်မြို့စရာ

ပသာဒကင်းမဲ့လာပြီ။

 

မန္တလေးဆိုတဲ့ နာမည်တလုံးနဲ့

လူအားလုံးကို သိမ်းကြုံးစီးဝင်စေတဲ့ မြို့ကြီး

အခု၊ ကွမ်းတံတွေးစီးကြောင်းထဲမှာ အသက်ငင်နေလေရဲ့။

 

မောင်ထိန်လင်း(မြို့သာ)

၎၊ ၁၀၊ ၂၀၁၆

စာနယ်ဇင်းကဗျာများ(၁၉)

(၁၉)

မောင်ထိန်လင်း(မြို့သာ)……………. လူကြီးလူဟောင်း

ပြည်ချစ်သား(၁၄.၁၀.၂၀၁၆)

 

အဟောင်းထဲ ခေါင်းနှစ်ကြည့်တော့

နားထဲအကြောက်တရားတွေစီးဝင်သွားပေါ့

နှလုံးသားက ရပ် ရပ်သွားတတ်တယ်။

 

ကျားကိုက်တတ်တယ်တဲ့

နူတတ်တယ်တဲ့

ကန်းတတ်တယ်တဲ့

ဒုက္ခိတဖြစ်တတ်တယ်တဲ့

လိပ်စာမပါတဲ့လက်ဆောင်တွေ ရထားတယ်။

 

ညောင်ဦးနဲ့ စမ္ပာယ်နဂိုရ် ဆွဲစေ့

တောဘဲလေးကို ဟင်္သာထင်

တချို့နေ့တွေမှာ ဆံပင်မညှပ်ရဲဘူး။

 

အဆိုးဆုံးကတော့

တစ်ရွာမပြောင်း သူကောင်းမဖြစ်နဲ့

သေချင်တဲ့ကျား တောပြောင်းရဲ့ ကွာဟချက်ပဲ။

 

သိပ္ပံသမားဆိုပြီး ညာလက်မောင်းမှာ

လက်ဖွဲ့ချည်ထား

သက်မဲ့စက်တွေတောင် ကန်တော့ပွဲကြိုက်လို့

ဒါနဲ့ ငါလည်း မုန့်ဆီကြော်ကြိုက်သွားရော။

စာနယ်ဇင်းကဗျာများ(၁၈)

(၁၈)
မောင်ထိန်လင်း(မြို့သာ)…………. လက်
တက္ကသိုလ်ရဟန်းပျို(၁၂.၁၀.၂၀၁၆)

အမျိုးမြတ်သူရဲ့ လက်
နိမ့်ကျသူရဲ့ လက်
အသားဖြူသူရဲ့ လက်
အသားမည်းသူရဲ့ လက်
ချမ်းသာသူရဲ့ လက်
မွဲတေသူရဲ့ လက်
လက်… လက်… လက်… ။

ပညတ်ချက်တွေနဲ့
ဘယ်လို သတ်မှတ် သတ်မှတ်
ကိုယ့်ရဲ့လက်က ကိုယ့်ကို ပြန်မသတ်ဖို့
အရေးကြီးတယ်။

ကိုယ့်ရဲ့လက်က ကိုယ့်ကို ငရဲ
ဆွဲမချဖို့ လိုတယ်
ကိုယ့်ရဲ့လက်မှာ ဆေးမရတဲ့ သွေးသံရဲရဲ
အညှီနံ့မစွဲဖို့ပဲ လိုတယ်။

ကိုယ့်ရဲ့လက်ဟာ ကိုယ့်ကမ္ဘာကိုယ်
ပြန်မဖျက်မိဖို့ပဲ လိုတယ်
ကိုယ့်ရဲ့လက်နဲ့
ငြိမ်းချမ်းရေး အတွက်
စည်းချက်ညီဖို့ပဲ လိုတယ်။

ကိုယ့်ရဲ့လက်နဲ့ သူတပါးမျက်ရည်ပူ
ကူသုတ်ပေးဖို့ပဲ လိုတယ်။

ဒါဆို
မြင့်မြတ်တဲ့ လက်ပိုင်ရှင်
သမိုင်းတွင် ကမ္ဗည်းထိုး
နှောင်းလူတို့ တန်ဖိုးထားလိမ့်။

စာနယ်ဇင်းကဗျာများ(၁၇)

(၁၇)
မောင်ထိန်လင်း(မြို့သာ)…………ကိုင်းပင်
ကြေးမုံ(၉.၁၀.၂၀၁၆)

ကျွန်းမြေပေါ် ခြေစချတုန်းက
တစ်လက်မ နှစ်လက်မ မျှပေးပါတဲ့
သတိရလို့ ထ ကြည့်လိုက်တော့
တစ်လက်မ နှစ်လက်မ အထိ
ကိုယ့်မှာခြေချစရာ နေရာမမြင်
တစ်ကျွန်းလုံး ကိုင်းပင်တွေ ဖွေးဖွေးလှုပ်
ကိုင်းတောထဲမြုပ်ရပေါ့။

စာနယ်ဇင်းကဗျာများ(၁၆)

(၁၆)
မောင်ထိန်လင်း(မြို့သာ)……………. ဒုလ္လဘ
သာကီအလင်း(၁.၁၀.၂၀၁၆)

နန္ဒ၊ သုနန္ဒ၊ ပထဝီ
မဏ္ဍ၊ ဓရဏီ၊ သာဂရ
ပုဏ္ဍရိက အသင်္ချေ
ခုနစ်ထွေအတွင်း၊ စိတ်ရင်းဆန္ဒ
ဗုဒ္ဓဆုထူး၊ ပန်ခဲ့ဖူးသည်။

သဗ္ဗဘဒ္ဒ၊ သဗ္ဗဖုလ္လ
သဗ္ဗရတန၊ ဥသဘက္ခန္ဓ
ခန္ဓု တ္တမ၊ မာဏိတ၊ ဘဒ္ဒ
ပဒုမ၊ သဗ္ဗဘလ္လ
ကိုးအသင်္ချေပေါင်း
သုံးသိန်းရှစ်သောင်းခုနစ်ထောင်
ဂုဏ်ရောင်သခင်၊ ဘုရားရှင်တို့ထံ
စိတ်ကြံနှုတ်ဟ၊ ဇိနမြတ်ဦး
ဖြည့်ဆည်းပူးသည်။

သေလ၊ ဘာသ
ဇေယျ ၊ ရုစိယ
လေးအသင်္ချေမက တစ်သိန်းကမ္ဘာ
နိယတဗျာဒိတ်၊ အောင်ဘိသိတ်လောင်း
ဗောဓိသမ္ဘာရအပေါင်းဖြည့်ကျတ်
သုံးဆယ့်ခြောက်ဇာတ်၊ ပြည့်စုံလတ်ငြား
ဘုရားတစ်ဆူ၊ ပွင့်တော်မူသည်
သုံးလူတို့နတ်၊ မွန်မြတ်ဘဝ
ဒုလ္လဘ တည်း။
မောင်ထိန်လင်း(မြို့သာ)
၂၈.၈.၂၀၁၆

စာနယ်ဇင်းကဗျာများ(၁၅)

(၁၅)
မောင်ထိန်လင်း(မြို့သာ)………… မန္တလေးရဲ့ရင်ဘတ်ပေါ်က ဖြတ်သန်းခြင်း
စံတော်ချိန်(၂၃.၉.၂၀၁၆)

မတ္တရာအလုပ်သမား ဆိုင်ကယ်တန်းရှည်နဲ့
မြောက်ကနေ တောင်ဘက်
ကုန်းဘောင် ၁၁ ဆက် နောက်ဆုံးထွက်သက်နေရာ
ကမ္ဘာ့ယဉ်ကျေးသိမ်မွေ့မှုမှာ အဆင့် ၈ ဖြစ်တဲ့
ချစ်တဲ့မြို့ထံ ပျံသန်းခဲ့တယ်။

မြို့ရဲ့ရသ ထိရှခံစားနိုင်ဖို့
ကမ်းနားလမ်းကို မရွေး
မန္တလေးတောင်ခြေကိုပတ်
သုဓမ္မာဇရပ်တွေရှိတဲ့ ကျုံးမြောက်ဘက်ကနေ
၂၆ လမ်း ကျုံးထောင့်ရောက်
အောက်ကိုဆင်း
နှစ်ပေါင်း ၁၀၇ နှစ် အိုမင်းတဲ့
ဝိတိုရိယ ဘုရင်မရဲ့ ၆၀ ကြိမ်မြောက် မွေးနေ့မင်္ဂလာ
နာရီစင်ကြီးရဲ့ရင်သွေး ၈၄ လမ်းပေါ်တက်ခဲ့တယ်။

တစ်လမ်းသွားဟာ နားလည်မှုယူထားတယ်
ဈေးရုံကြီး နှစ်ရုံကြားမှာ ကြော်ငြာဆိုင်းဘုတ်တွေ ငေးကြည့်
ရွှေရနံ့တွေ ရှူမိ
သစ်သီးရနံ့တွေ ရှူမိ
ဒါ အိဆင်းလာသူတွေရဲ့ ဈေးကွက်ဆိုပြီး
အနားမကပ်ခဲ့( မကပ်နိုင်တာပါလေ)
တပ်မက်စရာတွေရှိတဲ့ ဖိုးကျော်”မှာ
ဆရာတွေရဲ့ ပျော်ဝင်မှုတွေ ရှာခဲ့မိတယ်
ခရီးသွားလွယ်အိတ်ထဲမှာ
မဟာဆန်မှုတွေနဲ့ ပြည့်လျှံသွားတယ်
မန်းမြို့တော်ရဲ့ ဖန်ချိုစိမ့်
မန္တလေးတေးသွားနဲ့ ငြိမ့်ခဲ့တယ်
အဖြူရောင်ဝန်ထမ်းတွေ
လမ်းမပေါ် ကကြိုးရှုပ်
လူတွေ အုပ်လိုက်ပျံသန်းနေတဲ့
မြို့ရဲ့ရင်ဘတ်ကို
…မြန်မာ့သားကောင်းများကို အဆိုအတီးမှုနှင့်ပင်
ရိုသေခင်မင် အားတက် အလေးပြုလျက်ပဲ အစဉ်…
မြို့မ ချိုလွင်တေးကဗျာနဲ့ ပျံသန်းလာခဲ့တယ်။

မောင်ထိန်လင်း(မြို့သာ)
20/9/2016

စာနယ်ဇင်းကဗျာများ(၁၄)

(၁၄)

မောင်ထိန်လင်း(မြို့သာ)……………… ချောင်းကြည့်နေတဲ့ မြစ်

သစ်ခက်သံလွင်(၁၅.၉.၂၀၁၆)

 

ဝေးဝေးကပဲ လွမ်းနေမယ်ဆိုပြီး
ကမ်းမရှိတဲ့ မြစ်က
ချစ်တတ်သူကြီးဘွဲ့ကို ခံယူနေတယ်။

 

သူ ကွယ်ကွယ်ဝှက်ဝှက် စီးဆင်း
ဂီယာထိန်းရင်း သင်ဖြူးခင်းရတော့မယ်။

 

ငယ်ရွယ်စဉ်က မိုးဦးကျတုန်းက
နှလုံးသားဒုန်းဆိုင်း
အချစ်မုန်တိုင်းကျ
ဘဝမှာ ပထမက အချစ်
ဒုတိယက အချစ်
ပြုသမျှတိုင်း အချစ်
မျက်စိထဲမှာ ချစ်စရာတွေချည့်။

 

အသည်းတစ်ခြမ်းနဲ့ လမ်းခွဲရတော့
ရေအကျမှာ
ရနိုင်သမျှ ယူခဲ့ပေမယ့်
ရွာအခြေမှာ သွေးတစ်စက် နှစ်စက်
မျက်ရည်အကွက်လိုက်ကျန်ရစ်
မြစ်ကိုမချစ်တဲ့ငါးတွေ ချန်ရစ်
ချစ်တတ်သူကြီးသာ အလွမ်းနာ အဆွေးဖျားနဲ့
ခပ်ကောကောကမ်းနှစ်ဖက်ကြား
တွားသွားနေရဲ့။

 

လွမ်းလို့ရှိရင်
မြင်နေရတဲ့ရွာကလေး
ခပ်ဝေးဝေးက ငေးကြည့်နေလိုက်တယ်။

မောင်ထိန်လင်း(မြို့သာ)

၂၅.၉.၂၀၁၆