စာနယ်ဇင်းကဗျာများ(၄၂)

(၄၂)

 

မောင်ထိန်လင်း(မြို့သာ)……………. ဝေမာနိကဘိုးတံနဲ့ထိုးတဲ့ တေးသွား

ပေါ်ပြူလာဂျာနယ်(၂၅.၁၀.၂၀၁၇)

 

ပါစပက်တစ်ကင်းဗက်တစ်ချက်ပေါ်မှာ

အပူရောင်ဆေးရောင်စုံ နေရာအနှံ လျှောက်ပုံပြီး

လက်နှစ်ဖက်နဲ့ အားကုန်စိတ်ကြိုက်ရေးခြစ်ပစ်ထားတယ်

ဆေးရုံတဲ့။

 

စရိတ်မျှပေး ကျန်းမာရေးကနေ

အခမဲ့ကျန်းမာရေးစနစ်ကို ခြံခုန်သွားတော့

စည်းရိုးကြားမှာ မညှပ်သင့်တာနဲ့ ဒုက္ခ တမိရဲ့

ဆေးရုံတဲ့။

 

အလကားကို တန်ဖိုးထားတဲ့ စိတ်ဓါတ်တွေနဲ့

တောမီးအားပေးချက်တွေ တဟုန်းဟုန်း

ဝန်ထမ်းတွေခမြာ မျက်နှာဖုံးကွာ ကွာကျလာတယ်

ပြည်သူ့ဆေးရုံတဲ့။

 

ဝန်ဆောင်မှုလှေကြီး နစ်တော့

အ၀တ်အစား၊ ပိုက်ဆံအိတ်အခြေနေကို မူတည်ပြီး

ဘောလီဘောပုတ်ထုတ်ရတာ အမော။

 

၉၆ ပါးကို တရားမွေ့လျော်တော့

ဓါးနဲ့ ကော်ထုတ်ရတဲ့ ဆူးချက်

တဆေးရုံလုံး ပွစာတက်ကုန်တာလဲ ကြည့်။

 

လူတိုင်း မူလတန်းစာ တက်ဖို့

ကပ်ထားတဲ့ ဆိုင်းဘုတ်တွေ လျှောက်ဖတ်ရုံနဲ့

ပညာတတ်ပုံဖမ်းနိုင်တယ်

အယ်အီးဒီတွေ ဘာတွေနဲ့။

 

လူနာတချို့က ဆံပင်ကောက်တော့

ပေါက်ပေါက် မြောက်မြောက် လာ

ဆေးလူမှုဆက်ဆံရေးတွေ ဘာတွေနဲ့

နေရာတကျ မပြုံးတတ်သူတွေကတော့ မပြုံးတတ်သေးပါဘူး

ခံယူချက်ဆိုတာ အောင်လက်မှတ်နဲ့ စာမတတ်ဘူး။

 

မောင်ထိန်လင်း(မြို့သာ)

၎.၂.၂၀၁၇ မနက် ၂း၁၇

စာနယ်ဇင်းကဗျာများ(၄၁)

(၄၁)

 

မောင်ထိန်လင်း(မြို့သာ)……………နေရာ

ငြိမ်းချမ်းရေးအသံဂျာနယ်(၃၀.၅.၂၀၁၇)

 

 

 

ဘာအတွက်​များ အ​ရေးပါသလဲ

ထိုင်​စရာ

အိပ်​စရာ

လဲ​လျောင်းစရာ

တွေးစရာ ​ငေးစရာ

စောင့်​ဆိုင်းစရာ

ဘာက အ​ရေးပါသလဲ…

ကန်​နံ​ဘေး ​လျှောက်​ရင်း​တွေး ​တွေးရင်း​လျှောက်

အုတ်​ခုံစိမ်းနုနု​တွေ

အညှီနံအန်​တုထိုင်​​နေကြတယ်

တချို့အတွက်​ ပန်းခြံ

တချို့အတွက်​ ရုပ်​ရှင်​ရုံ

တချို့အတွက်​ ကားမှတ်​တိုင်

တချို့အတွက်​ လူအိုရုံ

တချို့အတွက်​ ​ဓမ္မာရုံ

တချို့အတွက်​ တည်းခိုခန်း

ဆန်းပြားစွာ ဝိသကြုံ ဖန်​ဆင်းထားတယ်

ဘာလို့ ​နေရာက အ​ရေးပါသလဲ။

စာနယ်ဇင်းကဗျာများ(၄၀)

(၄၀)

မောင်ထိန်လင်း(မြို့သာ)………………. ဈေးသည်ဈေးဝယ်စုံလို့ကွယ်

ရတနာပုံသတင်းစာ(၁၈.၅.၂၀၁၇)

 

မိုး​လေကင်းရှင်း၊ မနက်​ခင်းလည်း
လင်းကျင်းအရုဏ်​၊ ၀တ်​မှုံနိုးထ
သာရက​ကျေး၊တွန်​​ကြွေးနှိုးစက်
သက်​၀င်​လှုပ်​ရှား
ပန်းချီကားဖြစ်​ ချစ်​စရာ့ရွာ။

ရောင်းစရာပြင်​၊ ချိန်​ခွင်​တင်း​တောင်း
ကုန်​​ကောင်းကုန်​စည်​၊ ​ထော်​လာဂျီ​ပေါ် စီကာဆင့်​ကာ၊ ခုံဖျာမလို
ဆိုဖာအလား
ခရီးသွား​အပေါင်း ငြိမ့်​​ညောင်းစရာ။

ဆိုင်​ကယ်​နဲ့လား၊ ​ဈေးဝယ်​သွားသူ
နေပူ​ကြောင့်​ကျ၊မိုးမ​သေချာ
ထော်​လာဂျီနဲ့၊ ကုန်​စည်​ထည့်​တင်
လူမြင်​ကြွရွ
အလှက​တော်​ ​နောက်​​တော်​ပါးမှာ။

ရောင်းစရာ ကုန်​၊ စုံပြီဝယ်​ခြမ်း
ဈေးဗန်းကုန်​လှယ်​၊ ​ဈေးသည်​​ဈေးဝယ်
မျက်​စိလည်​လာ၊ ဧည့်​သည်​ပါလား
နေကားဗဟို
ရွာကိုပြန်​သွား ကားထွက်​​တော့မှာ။

စာနယ်ဇင်းကဗျာများ(၃၉)

(၃၉)

မောင်ထိန်လင်း(မြို့သာ)………….ဆေးရုံပုံပြင်

သူရိန်နေမင်းတို့ရဲ့ ထွန်းလင်းရာ(ဇီးပင်ကြီး သင်တန်းသားများ) ၁၀.၅.၂၀၁၇

 

နဖူးက ဆံပင်စ မြှောက်ကြွ မြှောက်ကြွ လမ်းလျှောက်တတ်တော့

ငါ့ကို ဆရာဝန်တစ်ယောက် ထင်သတဲ့

အဲဒီဥပဓိ ခက်ပါဘိကွယ်

ငါ့မယ် ဆေးရုံအုပ်ကြီးက ငယ်ဆရာလို့ မပြောရဲဘူး

မိန်းမနဲ့ စကားများတိုင်း ဥပကကြီး ချေပတဲ့

ငါ့မှာ မိတ်ဆွေ ဇိန´´ ရှိတယ်ဆိုပြီး

နှစ်ပေါင်း ၄၅ ကြာမှ တွေ့ရသလိုမျိုး စိုးတယ်

အားကိုးကြတော့လည်း ထုံးစံအတိုင်း

သာဌေယျလှိုင်းတွေ ထလာတာပေါ့။

ကျတော်က….တဲ့

သူက ပြောတယ်၊ အရင် ၆ နှစ်လောက်က တစ်ခါ

မုန့်ဆိုဒါ အဖောက်ခံဖူးသတဲ့

သီတဂူမှာ ၄၅ ရက်လောက် ပျောက်သလို ကုဖူး

ပူစီပေါင်းအရုပ်ကြီး ဆူးထိုးခံ

သောက်ဆေးတစ်ထုပ်နဲ့ အိမ်ပြန်လှခဲ့တယ်

ဆရာဝန်က နားခိုင်းပေမယ့်

ယောက်ျားမာန နားမရဘူး

အညာကနေ ခြေဖျားကူး ကော့သောင်းမှာ ရွှေသွားတူးလိုက်တယ်

ဖူးဖူးယောင်ထ ကျောက်ကပ်က ပညာပြလာတော့

သုံးလမကြာတဲ့ အလုပ်သမား

အူယားဖားယားနဲ့ ဆေးရုံရောက်လာရသတဲ့။

ဆေးရုံဆင်း လက်မှတ်နဲ့

ပြန်တက်ရမယ့် ရက်ရောက်လာပေမယ့်

အဲနေ့က ကျနော့ချဲဂဏန်း မထွက်ဘူးတဲ့

လှေထိန်းကြိုး မဖြေပဲ ဒီအတက် စောင့်နေတဲ့သူ

လူကြားထဲ ထိန်ဝါလာမှ

ရှိသမျှ ခြစ်ခြုတ် ကုပ်ကုပ်အလေး တက်လာတယ်တဲ့။

ဒီတစ်ခါ ဆင်းပေမယ့်

အင်္ဂါ မှ ပြန်လာရဦးမှာ…..တဲ့

အပြီးပိုင် နှုတ်မဆက်နိုင်တဲ့သူတွေ၊

ကျောက်ကပ်ဆေးတာ

၇ ခါ ရှိပြီ …..ဆိုတဲ့ သူတွေ၊

အိမ်ဦး၊ ကြမ်းပြင်

အကြင်လင်မယား ဖြစ်နေတဲ့ သူတွေ၊

ဆေးရုံတံခါးပေါက်

မကြောက်တဲ့ သူတွေ။

ကျနော်…..ပြောရဦးမယ်

ခပ်ဖောဖောလေး ရောက်လာတော့

မွဲခြောက်ခြောက်တွေက အံ့ဖွယ်ဘနန်း

လာစမ်းကြည့်ကြတယ်

….အသားအရည် မပြောင်း၊ အံ့ဖွယ်ကောင်း…လို့တဲ့

စိတ်ထဲ ဆို့တတ် ပြောမထွက်ဘူး

ကျနော်က ဆေးဦးတာကိုး တိုးတိုးလေးမှ တိုးတိုးလေး

ပြောပြီး ပြေးထွက်ခဲ့တယ်။

ဆိုကရေးတီးလို အဆိပ်ခွက်ကို

လက်နဲ့ တည်ငြိမ်ငြိမ် စိမ်ပြေနပြေ မော့မချဘဲ

ရေတစ်ခွက်ကို ချိန်စက်သောက်နေရသူတွေ အကြောင်း

နောက်မှ ကောင်းကောင်းကြီးပြောပြဦးမယ်။

စာနယ်ဇင်းကဗျာများ(၃၈)

(၃၈)

မောင်ထိန်လင်း(မြို့သာ)………………… ကောက်ရိုးမီး

ပေါ်ပြူလာ(၂၂.၁၀.၂၀၁၇)

 

အချိန်​က အ​ကောင်းဆုံးသမား​တော်​၊

ကာလစီး​ကြောင်းထဲမှာ

တို့အားလုံးဟာ တိုက်​စားခံရ

သမိုင်းစာမျက်​နှာ မှုန်​၀ါးခံရ

ရဲ​ဘော်​တို့ရဲ့ ​သွေး​တွေ ​ခြောက်​​သွေ့ခံရ

ကြွေး​ကြော်​သံ​တွေ ကွယ်​​ပျောက်​ခံရ

သူတို့ဘက်​မှာ

အချိန်​သမား​တော်​ရှိတယ်

ဖင်​မှုတ်​​ပေးမှ ထ ထခွပ်​တဲ့

ခွပ်​လက်​ကျ ကြက်​ဖလို

အမြီးလိမ်​ချိုးမှ အလန့်​တကြား ​ပြေးတဲ့

ပုခုံး​ပေါက်​ နွားအိုလို

အဲယားကလင်​ဒါက မီးတုတ်​ပြမှ နိုးတဲ့ အင်​ဂျင်​ကျ စစ်​လက်​ကျန်​ကားလို

အစာအိမ်​အ​ဟောင်း​အ​ကြောင်း

စဉ်းစားရင်း

လက်​ငုတ်​ချည်​တိုင်​အ​ကြောင်း

စဉ်းစားရင်း

အစာအိမ်​အသစ်​အ​ကြောင်း ထည့်​သွင်းစဉ်းစားရင်း

သကြားလွှာဖုံးကတိက၀တ်​​တွေကို

မျှော်​လင့်​​စောင့်​စားရင်း

နီ​ဖျော့​ဖျော့နှလုံးအိမ်​​တွေ

ပင့်​ကူမျှင်​​တွေ အဖုံးခံရ

အနီစပတ်​ညာလက်​​မောင်း​တွေ

မျက်​စိ​အောက်​က ​မေ့​လျော့ခံရ

အတူ​လျှောက်​ခဲ့တဲ့ ရဲရဲ​တောက်

ခြေ​ထောက်​​တွေ

တ​ဖြေး​ဖြေးသပ်​လျှို ​သွေးခွဲခံရ

ဒီလိုနဲ့

ကောက်​ရိုးတပုံ ​လောင်​စာကုန်​​တော့

အသုံးချတတ်​သူ​တွေအတွက်

မြေသြဇာ​တွေဖြစ်

ပညာရှိဆန်​သူ​တွေက သင်​ခန်းစာရ

နှုတ်​ပိတ်​​နေသူ​တွေက နှုတ်​ပိတ်​ခရ

တဖက်​က​တော့ ပြုံးစစ ​ခေါင်းညိမ့်

မြွေ​ပွေးကို သွားစ မိတာကိုး”လို့

ဝေဖန်​သူ​တွေက ​ဝေဖန်

ဝန်းရံသလိုလိုနဲ့

အဖက်​ဖက်​ချွန်​တဲ့သူ​တွေ ထူးချွန်

နာမည်​လာ​သွေးတဲ့သူ​တွေ ​သွေး

က​လေး​တွေချည်းပဲဆိုပြီး လူကြီးလာလုပ်​​သူ​တွေ လုပ်

ဟုတ်​ကနဲ​တောက်​တဲ့ မီးအ​ရောင်​ထဲ

မြင်​ကွင်း​တွေအများကြီး

ဖြတ်​စီးသွားတယ်​။

စာနယ်ဇင်းကဗျာများ(၃၇)

(၃၇)

မောင်ထိန်လင်း(မြို့သာ)……………….. သမ္မတကြီးတွေ

လွတ်လပ်လှိုင်း(၁၀.၄.၂၀၁၈)

 

ဗိုလ်ခြေတစ်ထောင် ပြတင်းပေါက်ကြီး တွန်းဖွင့်

အလင်းရောင် ခပ်ဟဟ တိုးဝင်လာတယ်

အိပ်ချိန် နိုးချိန် သိပြီ

ခါးကြားထိုးထားတဲ့စာအုပ် ထုတ်ဖတ်ပါ

အပြင်ဘက် မျှော်ကြည့်ပါ

အသက် ဝ ဝ ရှူပါ

လရောင်ခံစား၊ ကြယ်တွေ ရေတွက်ကြည့်ပေါ့

ကိုရီးယားဇာတ်ဝင်ခန်းတချို့ လိုလေ

မျက်မှန်မည်းတွေ လမိုက်ညပဲ တွေ့မယ်

သံစဉ်သစ်ရှာနေတဲ့ငှက်ကလေးတွေ

ခွေးသားအုပ်မကြီးနောက် ခွေးသားပေါက်တွေ

သတင်းစာထဲပါလာတယ်

နွားကျောင်းသားလေး ဝံပုလွေကိုမမြင်ခင်

ဘုရားလောင်းဟာ ဗျာဒိတ်ခံယူနေတယ်

ရှေ့ရထား

ဥသြဆွဲရင်း ထွက်သွား

ဘူတာအိုလေး

လက်မှတ်ဟောင်းလေးကို ဆုပ်ချည်ဖြန့်ချည် ကြည့်နေတယ်

လက်ထဲမှာ။

စာနယ်ဇင်းကဗျာများ(၃၆)

(၃၆)

မောင်ထိန်လင်း(မြို့သာ)…………………… သံဃာ့ဆေးရုံ

သံဃာ့ဆေးရုံမဂ္ဂဇင်း(၂၀၁၇)

 

……ငါ ဘုရားကို ပြုစုလိုသောသူသည်

နာမကျန်းသောသူကို ပြုစုပါလေ……

ဝမ်းလျှောတဲ့ရဟန်းကို

သန့်ရှင်းပြုစု၊ စောင့်ရှောက်မှုပေး

နွေးထွေးဖေးမ၊ စံပြခေါင်းဆောင်

တို့ဘုန်းခေါင်လို…..

ကံမိုးမှောင်ကျ၊ ဂိလာနတို့

ရွှင်ပြကျန်းမာ၊ သပ္ပါယမျှ

မကြောင့်ကျစေ…..

ဝင်လာသမျှ

ကာယိကဒုက္ခ၊ စိတ္တဇတို့

ဗုဒ္ဓရိပ်အောက်၊ ကင်းငြိမ်းပျောက်သို့

အမှောင့်လွတ်စေ….

ဗုဒ္ဓရဲ့ သမားတော်

ဇီဝကအလား၊ အားကိုးအားထား

တရားမေတ္တာ၊ ဆေးပညာဖြင့်

သမ္ဘာဆင့်ပေါင်း၊ သူတော်ကောင်းများ

ပန်းနှင့်ပျားသို့…..

ဂုဏ်ပုဒ်စုံစုံ၊ ထုတ်မကုန်ဘူး

ဆေးရုံလည်းဟုတ်၊ ကုသိုလ်ထုပ်ယူ

အပူငြိမ်းရိပ်၊ ချွေးသိပ်သည့် အိမ်

ဆိတ်ငြိမ်သင်္ခန်း၊ ကမ္မဌာန်းကျောင်း

စုပေါင်းအင်အား၊ ဖော်ပြထားသည့်

ကဝိတို့ဌာန၊ သံဃာ့ဆေးရုံ…..

မြတ်ဆေးရုံတည်း။

 

(ကုသိုလ်စိတ်ဖြင့် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုပါသည်။)

 

မောင်ထိန်လင်း(မြို့သာ) ၁.၁၁.၂၀၁၆

စာနယ်ဇင်းကဗျာများ(၃၅)

(၃၅)

မောင်ထိန်လင်း(မြို့သာ)………………လမ်း

သူရိယအလင်း(၂၀.၁၂.၂၀၁၇)

 

ဘယ်လမ်းကသွားမယ်
အချိန်ဘယ်လောက်ကြာမယ်
ကြိုတင်တွက်ချက်
သတ်မှတ်လို့မရဘူး။

ပညာ
သမ္ဘာ
ရာသီဥတု အခြေအနေ
မြစ်ရေသတင်း
နားမျက်စိပြတင်းဖွင့်။

မိုးရွာရင် ဘယ်လမ်းက လာ
နေသာရင် ဘယ်လမ်းလို့ မှတ်
ရေတက်ရင် ဘယ်လမ်းကို ရွေး
ဒီလိုတေးမှတ်ထားတာတောင်
ဗွက်တွေ့ ဘယ်လိုရှောင်သွား
ဘယ်မြေသားက အနင်းခံတယ်
ဘယ်မြေထုက အတွင်းသားနုတယ်
ဘယ်မြေကြောက ချောင်းကောသဲစပ်
ဗွက်မထကြောင်း
မှတ်ဉာဏ်ကောင်းဖို့လိုတယ်။

ဆုံးဖြတ်ချက်တစ်ခါမှားရင်
ဘဝတလျှောက်လုံး လုံးပါးပါးနိုင်သလို
သွားတဲ့ ခြေလှမ်းတိုင်းဟာ
သမိုင်းစာမျက်နှာတွေ…

ရှေ့က သွားနှင့်သူရဲ့ ပျော့ကွက်
ဆုံးဖြတ်ချက် အမှားတွေပေါ်
နောက်တော်ပါးက လိုက်တဲ့သူတွေ
သင်ခန်းစာယူနိုင်မှ
ရွာထိပ်က ဘုရားရိပ်မှာ
ချွေးသိပ်ပျော်ရွှင်နိုင်မှာပါ။

မောင်ထိန်လင်း(မြို့သာ)
၂၀.၁၀.၂၀၁၆

စာနယ်ဇင်းကဗျာများ(၃၄)

(၃၄)

မောင်ထိန်လင်း(မြို့သာ)…………….လူသားဗြဟ္မာကြီးတွေ

ဗြဟ္မာစိုရ်အသင်းမဂ္ဂဇင်း (၂၀၁၈)

 

…ကောင်းတာပြုကြရင် သုဂတိဌာနေ

မသွေမှန်ရောက်ကြပါလိမ့်မည်….

အကျိုးပေးဖို့ဆိုတာ အဝေးကြီးမဟုတ်ဘူး

ခုလို အလင်းပန်း ဖူးပွင့်တဲ့ခေတ်ထဲမှာဆို

ခုလို မျက်စိပွင့် နားပွင့်တဲ့ခေတ်ထဲမှာဆို

ခုလို လက်တံရှည် ခြေတံရှည်တဲ့ခေတ်ထဲမှာဆို

ကောင်းကျိုးဆိုးကျိုးတွေက မိုးမလင်းဘူး

အလုအယက်ကွန့်မြူးလိုက်ကြတာချည်းပဲ။

 

ဟိတ´´က အကြောင်းရင်း၊ နည်းပညာ၊ ဗျူဟာ

ကိုယ်ကျိုးရှာတော့ အတ္တဟိတ တစ်ဖက်ကန်း…တဲ့

ပရဟိတ မျက်စိနှစ်ကွင်း အလင်းရတဲ့သူတွေ

အထက်ဘ၀ဂ်ကို မျက်နှာမူနေတဲ့သူတွေ

အညွှန့်တလူလူ သစ်ပင်လိုလူတွေ

သူတို့တတွေ ဘ၀မကူးဘဲ ထုံကူးသွား

နတ်ရွာလားကြသူတွေ နတ်ဗြဟ္မာတွေ။

 

ဗြဟ္မာကြီးတွေရဲ့တရား

နှလုံးသားနဲ့ ကိုးကွယ်ဆည်းကပ်

လူအများသတ်မှတ်တဲ့ ဆင်းရဲခြင်းတရားတွေကို

ရင်ဘတ်ကြီးနဲ့ ဆီးတားပေးတဲ့

လူသားဗြဟ္မာကြီးတွေ

သင်တို့လည်း ကျန်းမာချမ်းသာပါစေ

မြန်မာသာမက ကမ္ဘာအနှံ မွှေးပျံ့ပါစေ

လူ့ပြည်သာမက ဗြဟ္မာဘုံအရောက် ထွန်းတောက်ပါစေ။

စာနယ်ဇင်းကဗျာများ(၃၃)

(၃၃)

မောင်ထိန်လင်း(မြို့သာ)……………… ဖြတ်လမ်းသွားတဲ့ ဖြတ်လမ်း

သူရိယအလင်း(၁၁.၆.၂၀၁၈)

ပြည်ကြီးကန်မှာ ငါးတွေ ပွက်ပြနေတုန်းပဲလား

ပေါက်ပင်ကိုင်း အပိုင်းပိုင်းကျိုး

မိုးမရွာဘဲ လေတွေချည်း တိုက်နေတယ်လေ

တို့များခမျာ

ပြက်လုံးအသစ်တွေသာ စောင့်မျှော်နေရှာရ

ဟာသဝန်ကြီးအသစ် ပြောင်းလဲသင့်ပြီ

သမိုင်းလှည်းဘီးက မြန်လွန်းနေတယ်

မီးခွက်လေး မှိန်တုတ်တုတ် မလင်းခင်

မိုးချုပ်သွားမှာစိုးရ

ကမ်းခြေမှာ သဲအိမ်လေး ဆောက်မပြီးခင်

ဒီရေဝင်လာမှာစိုးရ

ပုံကြမ်းလောင်းထားတာလေး ဆေးမထည့်ရသေးခင်

ကင်းဘတ်စ်စ ဘောင်ပျက်သွားမှာစိုးရ

အစိုးရဟာ အစိုးမရသေးဘူးမို့လား

ရာသီခွင်အရ

အပျက်အစီးများမယ့်နှစ်တဲ့

သိတဲ့သူတွေက ဂိုထောင်ဆောက်

မသိတဲ့သူတွေက လေထဲအိမ်ဆောက်

ဘဝကို မီးရှို့ပြီးမှ တောက်ပရတဲ့သူတွေ ရှိသေးတယ်

ဒါကြောင့် စိုးရိမ်စရာတွေကို မစိုးရိမ်ကျောင်းထဲ သွားထားလိုက်တော့မယ်။