(၃၂)
မောင်ထိန်လင်း(မြို့သာ)……………… မှာသောက်မိတဲ့ စကားလုံးတွေ
လွတ်လပ်လှိုင်း(၂၃.၂.၂၀၁၈)
ခံယူထားတဲ့ လက်ဖက်ရည်ဆိုင်ထဲ
နှင်းမှုန်တော ထိုးခွဲပြီး
ကုပ်ကုပ်လေး နေရာယူလိုက်တယ်
နီကျင့်ကျင့် တမတ်ခွက်ကြီး
ဈေးတွက်တွက်နေဦးမှာလား
လျှာအလုပ်၊ ဦးနှောက်အလုပ်
ဘယ်ဒင်း အရင်လုပ်မိသလဲ
အာကျယ်သူက ဦးဆောင်တယ် ဆိုရင်ပဲ
… အလိုလိုငယ်သားတွေဖြစ်သွားကြ
တခါတလေများ
ဒီကုန်းမြင့်လေး ဗျူဟာမြောက်တယ်ဆိုပြီး
အတင်းဝင်သိမ်းပိုက်တာမျိုး ခံရ
သမ္ဘာက စကားပြောတယ်လေ
ပဲစဉ်းငုံတွေ နွားကျွေးလိုက်တယ်
ဒီအချိန်က ခုလတ် အချိန်
ရေမလောင်းတာတောင်
သုံးလေးရက်မှာ တောထနေတဲ့ မြက်စိုက်ခင်း
မနေ့က လာတဲ့ အစိမ်းလူကြီးရဲ့ ရက်ရောမှု
ဒီတက္ကသိုလ်ဆင်းဆိုရင်
လူချမ်းသာ စာရင်းဝင်နိုင်တယ်
လွှတ်တော်အမတ်တွေနဲ့
ငယ်ပေါင်းကြီးဖော်ကို ငေးကြည့်နေရတယ်
ဈေးသည်ဆိုင်ကယ် ဆွံ့အသွားချိန်
ပဲပြုတ်တောင်းလေး သုတ်ခြေတင်သွားရ
ဆွမ်းခံကြေးစည် ပိုမူးသွားပြီး
နွားလှန်ကြိုး၊ နွားလှန်ငုတ်တွေ
မျက်လုံးတွေကို ထိုးစိုက်ချည်နှောင်ထားခဲ့ပြီ
နှစ်သောင်းကျော် ကွမ်းရွက်ဈေး
သွားဖွေးဖွေး ရယ်ပြနေတယ်
တစပ်တည်း ငါးဧကပိုင်ရင် တွင်းပိုင်ဖြစ်နိုင်တယ်
ရေထွက်မထွက်ကတော့
ပုံး မ, ကြည်လည်း မတတ်နိုင်ဘူး
နယ်သာလန်နို့အေးစက်ရုံက
ပါဝါမီတာကို ပါဝါပြနိုင်ရင်တော့
နွေမှာ အသက်ရှူချောင်နိုင်လောက်ပါရဲ့
ဘယ်သင်္ချိုင်းမြှုပ်မြှုပ်
ပြန်မရှင်နိုင်တဲ့ အလောင်းတွေကြောင့်
…. သက်ငယ်မုဒိန်းမှုဟာ သေဒဏ်ပေးသင့်တယ်လေ
နေ တဖြည်းဖြည်း ရင့်လာတော့
စကားလုံးနှင်းကွဲကုန်တယ်
ငါတော့
အစိမ်းလိုက် ချရေးမိတယ်။






