(၃၈)
မောင်ထိန်လင်း(မြို့သာ)………………… ကောက်ရိုးမီး
ပေါ်ပြူလာ(၂၂.၁၀.၂၀၁၇)
အချိန်က အကောင်းဆုံးသမားတော်၊
ကာလစီးကြောင်းထဲမှာ
တို့အားလုံးဟာ တိုက်စားခံရ
သမိုင်းစာမျက်နှာ မှုန်ဝါးခံရ
ရဲဘော်တို့ရဲ့ သွေးတွေ ခြောက်သွေ့ခံရ
ကြွေးကြော်သံတွေ ကွယ်ပျောက်ခံရ
သူတို့ဘက်မှာ
အချိန်သမားတော်ရှိတယ်
ဖင်မှုတ်ပေးမှ ထ ထခွပ်တဲ့
ခွပ်လက်ကျ ကြက်ဖလို
အမြီးလိမ်ချိုးမှ အလန့်တကြား ပြေးတဲ့
ပုခုံးပေါက် နွားအိုလို
အဲယားကလင်ဒါက မီးတုတ်ပြမှ နိုးတဲ့ အင်ဂျင်ကျ စစ်လက်ကျန်ကားလို
အစာအိမ်အဟောင်းအကြောင်း
စဉ်းစားရင်း
လက်ငုတ်ချည်တိုင်အကြောင်း
စဉ်းစားရင်း
အစာအိမ်အသစ်အကြောင်း ထည့်သွင်းစဉ်းစားရင်း
သကြားလွှာဖုံးကတိက၀တ်တွေကို
မျှော်လင့်စောင့်စားရင်း
နီဖျော့ဖျော့နှလုံးအိမ်တွေ
ပင့်ကူမျှင်တွေ အဖုံးခံရ
အနီစပတ်ညာလက်မောင်းတွေ
မျက်စိအောက်က မေ့လျော့ခံရ
အတူလျှောက်ခဲ့တဲ့ ရဲရဲတောက်
ခြေထောက်တွေ
တဖြေးဖြေးသပ်လျှို သွေးခွဲခံရ
ဒီလိုနဲ့
ကောက်ရိုးတပုံ လောင်စာကုန်တော့
အသုံးချတတ်သူတွေအတွက်
မြေသြဇာတွေဖြစ်
ပညာရှိဆန်သူတွေက သင်ခန်းစာရ
နှုတ်ပိတ်နေသူတွေက နှုတ်ပိတ်ခရ
တဖက်ကတော့ ပြုံးစစ ခေါင်းညိမ့်
မြွေပွေးကို သွားစ မိတာကိုး”လို့
ဝေဖန်သူတွေက ဝေဖန်
ဝန်းရံသလိုလိုနဲ့
အဖက်ဖက်ချွန်တဲ့သူတွေ ထူးချွန်
နာမည်လာသွေးတဲ့သူတွေ သွေး
ကလေးတွေချည်းပဲဆိုပြီး လူကြီးလာလုပ်သူတွေ လုပ်
ဟုတ်ကနဲတောက်တဲ့ မီးအရောင်ထဲ
မြင်ကွင်းတွေအများကြီး
ဖြတ်စီးသွားတယ်။