စာနယ်ဇင်းကဗျာများ(၃၇)

(၃၇)

မောင်ထိန်လင်း(မြို့သာ)……………….. သမ္မတကြီးတွေ

လွတ်လပ်လှိုင်း(၁၀.၄.၂၀၁၈)

 

ဗိုလ်ခြေတစ်ထောင် ပြတင်းပေါက်ကြီး တွန်းဖွင့်

အလင်းရောင် ခပ်ဟဟ တိုးဝင်လာတယ်

အိပ်ချိန် နိုးချိန် သိပြီ

ခါးကြားထိုးထားတဲ့စာအုပ် ထုတ်ဖတ်ပါ

အပြင်ဘက် မျှော်ကြည့်ပါ

အသက် ဝ ဝ ရှူပါ

လရောင်ခံစား၊ ကြယ်တွေ ရေတွက်ကြည့်ပေါ့

ကိုရီးယားဇာတ်ဝင်ခန်းတချို့ လိုလေ

မျက်မှန်မည်းတွေ လမိုက်ညပဲ တွေ့မယ်

သံစဉ်သစ်ရှာနေတဲ့ငှက်ကလေးတွေ

ခွေးသားအုပ်မကြီးနောက် ခွေးသားပေါက်တွေ

သတင်းစာထဲပါလာတယ်

နွားကျောင်းသားလေး ဝံပုလွေကိုမမြင်ခင်

ဘုရားလောင်းဟာ ဗျာဒိတ်ခံယူနေတယ်

ရှေ့ရထား

ဥသြဆွဲရင်း ထွက်သွား

ဘူတာအိုလေး

လက်မှတ်ဟောင်းလေးကို ဆုပ်ချည်ဖြန့်ချည် ကြည့်နေတယ်

လက်ထဲမှာ။

Leave a comment