စာနယ်ဇင်းကဗျာများ(၃၆)

(၃၆)

မောင်ထိန်လင်း(မြို့သာ)…………………… သံဃာ့ဆေးရုံ

သံဃာ့ဆေးရုံမဂ္ဂဇင်း(၂၀၁၇)

 

……ငါ ဘုရားကို ပြုစုလိုသောသူသည်

နာမကျန်းသောသူကို ပြုစုပါလေ……

ဝမ်းလျှောတဲ့ရဟန်းကို

သန့်ရှင်းပြုစု၊ စောင့်ရှောက်မှုပေး

နွေးထွေးဖေးမ၊ စံပြခေါင်းဆောင်

တို့ဘုန်းခေါင်လို…..

ကံမိုးမှောင်ကျ၊ ဂိလာနတို့

ရွှင်ပြကျန်းမာ၊ သပ္ပါယမျှ

မကြောင့်ကျစေ…..

ဝင်လာသမျှ

ကာယိကဒုက္ခ၊ စိတ္တဇတို့

ဗုဒ္ဓရိပ်အောက်၊ ကင်းငြိမ်းပျောက်သို့

အမှောင့်လွတ်စေ….

ဗုဒ္ဓရဲ့ သမားတော်

ဇီဝကအလား၊ အားကိုးအားထား

တရားမေတ္တာ၊ ဆေးပညာဖြင့်

သမ္ဘာဆင့်ပေါင်း၊ သူတော်ကောင်းများ

ပန်းနှင့်ပျားသို့…..

ဂုဏ်ပုဒ်စုံစုံ၊ ထုတ်မကုန်ဘူး

ဆေးရုံလည်းဟုတ်၊ ကုသိုလ်ထုပ်ယူ

အပူငြိမ်းရိပ်၊ ချွေးသိပ်သည့် အိမ်

ဆိတ်ငြိမ်သင်္ခန်း၊ ကမ္မဌာန်းကျောင်း

စုပေါင်းအင်အား၊ ဖော်ပြထားသည့်

ကဝိတို့ဌာန၊ သံဃာ့ဆေးရုံ…..

မြတ်ဆေးရုံတည်း။

 

(ကုသိုလ်စိတ်ဖြင့် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုပါသည်။)

 

မောင်ထိန်လင်း(မြို့သာ) ၁.၁၁.၂၀၁၆

Leave a comment