စာနယ်ဇင်းကဗျာများ(၃၅)

(၃၅)

မောင်ထိန်လင်း(မြို့သာ)………………လမ်း

သူရိယအလင်း(၂၀.၁၂.၂၀၁၇)

 

ဘယ်လမ်းကသွားမယ်
အချိန်ဘယ်လောက်ကြာမယ်
ကြိုတင်တွက်ချက်
သတ်မှတ်လို့မရဘူး။

ပညာ
သမ္ဘာ
ရာသီဥတု အခြေအနေ
မြစ်ရေသတင်း
နားမျက်စိပြတင်းဖွင့်။

မိုးရွာရင် ဘယ်လမ်းက လာ
နေသာရင် ဘယ်လမ်းလို့ မှတ်
ရေတက်ရင် ဘယ်လမ်းကို ရွေး
ဒီလိုတေးမှတ်ထားတာတောင်
ဗွက်တွေ့ ဘယ်လိုရှောင်သွား
ဘယ်မြေသားက အနင်းခံတယ်
ဘယ်မြေထုက အတွင်းသားနုတယ်
ဘယ်မြေကြောက ချောင်းကောသဲစပ်
ဗွက်မထကြောင်း
မှတ်ဉာဏ်ကောင်းဖို့လိုတယ်။

ဆုံးဖြတ်ချက်တစ်ခါမှားရင်
ဘဝတလျှောက်လုံး လုံးပါးပါးနိုင်သလို
သွားတဲ့ ခြေလှမ်းတိုင်းဟာ
သမိုင်းစာမျက်နှာတွေ…

ရှေ့က သွားနှင့်သူရဲ့ ပျော့ကွက်
ဆုံးဖြတ်ချက် အမှားတွေပေါ်
နောက်တော်ပါးက လိုက်တဲ့သူတွေ
သင်ခန်းစာယူနိုင်မှ
ရွာထိပ်က ဘုရားရိပ်မှာ
ချွေးသိပ်ပျော်ရွှင်နိုင်မှာပါ။

မောင်ထိန်လင်း(မြို့သာ)
၂၀.၁၀.၂၀၁၆

Leave a comment