စာနယ်ဇင်းကဗျာများ(၃၄)

(၃၄)

မောင်ထိန်လင်း(မြို့သာ)…………….လူသားဗြဟ္မာကြီးတွေ

ဗြဟ္မာစိုရ်အသင်းမဂ္ဂဇင်း (၂၀၁၈)

 

…ကောင်းတာပြုကြရင် သုဂတိဌာနေ

မသွေမှန်ရောက်ကြပါလိမ့်မည်….

အကျိုးပေးဖို့ဆိုတာ အဝေးကြီးမဟုတ်ဘူး

ခုလို အလင်းပန်း ဖူးပွင့်တဲ့ခေတ်ထဲမှာဆို

ခုလို မျက်စိပွင့် နားပွင့်တဲ့ခေတ်ထဲမှာဆို

ခုလို လက်တံရှည် ခြေတံရှည်တဲ့ခေတ်ထဲမှာဆို

ကောင်းကျိုးဆိုးကျိုးတွေက မိုးမလင်းဘူး

အလုအယက်ကွန့်မြူးလိုက်ကြတာချည်းပဲ။

 

ဟိတ´´က အကြောင်းရင်း၊ နည်းပညာ၊ ဗျူဟာ

ကိုယ်ကျိုးရှာတော့ အတ္တဟိတ တစ်ဖက်ကန်း…တဲ့

ပရဟိတ မျက်စိနှစ်ကွင်း အလင်းရတဲ့သူတွေ

အထက်ဘ၀ဂ်ကို မျက်နှာမူနေတဲ့သူတွေ

အညွှန့်တလူလူ သစ်ပင်လိုလူတွေ

သူတို့တတွေ ဘ၀မကူးဘဲ ထုံကူးသွား

နတ်ရွာလားကြသူတွေ နတ်ဗြဟ္မာတွေ။

 

ဗြဟ္မာကြီးတွေရဲ့တရား

နှလုံးသားနဲ့ ကိုးကွယ်ဆည်းကပ်

လူအများသတ်မှတ်တဲ့ ဆင်းရဲခြင်းတရားတွေကို

ရင်ဘတ်ကြီးနဲ့ ဆီးတားပေးတဲ့

လူသားဗြဟ္မာကြီးတွေ

သင်တို့လည်း ကျန်းမာချမ်းသာပါစေ

မြန်မာသာမက ကမ္ဘာအနှံ မွှေးပျံ့ပါစေ

လူ့ပြည်သာမက ဗြဟ္မာဘုံအရောက် ထွန်းတောက်ပါစေ။

Leave a comment