စာနယ်ဇင်းကဗျာများ(၃၃)

(၃၃)

မောင်ထိန်လင်း(မြို့သာ)……………… ဖြတ်လမ်းသွားတဲ့ ဖြတ်လမ်း

သူရိယအလင်း(၁၁.၆.၂၀၁၈)

ပြည်ကြီးကန်မှာ ငါးတွေ ပွက်ပြနေတုန်းပဲလား

ပေါက်ပင်ကိုင်း အပိုင်းပိုင်းကျိုး

မိုးမရွာဘဲ လေတွေချည်း တိုက်နေတယ်လေ

တို့များခမျာ

ပြက်လုံးအသစ်တွေသာ စောင့်မျှော်နေရှာရ

ဟာသဝန်ကြီးအသစ် ပြောင်းလဲသင့်ပြီ

သမိုင်းလှည်းဘီးက မြန်လွန်းနေတယ်

မီးခွက်လေး မှိန်တုတ်တုတ် မလင်းခင်

မိုးချုပ်သွားမှာစိုးရ

ကမ်းခြေမှာ သဲအိမ်လေး ဆောက်မပြီးခင်

ဒီရေဝင်လာမှာစိုးရ

ပုံကြမ်းလောင်းထားတာလေး ဆေးမထည့်ရသေးခင်

ကင်းဘတ်စ်စ ဘောင်ပျက်သွားမှာစိုးရ

အစိုးရဟာ အစိုးမရသေးဘူးမို့လား

ရာသီခွင်အရ

အပျက်အစီးများမယ့်နှစ်တဲ့

သိတဲ့သူတွေက ဂိုထောင်ဆောက်

မသိတဲ့သူတွေက လေထဲအိမ်ဆောက်

ဘဝကို မီးရှို့ပြီးမှ တောက်ပရတဲ့သူတွေ ရှိသေးတယ်

ဒါကြောင့် စိုးရိမ်စရာတွေကို မစိုးရိမ်ကျောင်းထဲ သွားထားလိုက်တော့မယ်။

Leave a comment