စာနယ်ဇင်းကဗျာများ(၂၉)

(၂၉)

မောင်ထိန်လင်း(မြို့သာ)…………… ပလက်ဖောင်းပေါ်က အိမ်ကလေးများ

ပေါ်ပြူလာ(၁၁.၆.၂၀၁၈)

 

လူကပဲ ကျူးတာလား

ကျူးကပဲ ကျူးတာလား…..

ပလပ်ဖောင်းကို ခေါင်းအုံးအိပ်

ဆေးရုံကို ဖက်လုံးလုပ်

လမ်း ၃၀ နဲ့ လက်ဆက်ပေါင်းသင်း

ကြီးပြင်းလူလားမြောက်ခဲ့ပြီ။

 

ဘ၀မှာ

ပူပင်စရာများများစားစားမရှိဘူး…..

ခင်းစရာ ပုဆိုးစုတ်လေးဟာ မိဘရင်ခွင်

ခြုံစရာ စောင်စုတ်လေးဟာ ချစ်သူရင်ခွင်

အကြိမ်ကြိမ် ချပြရဲတဲ့ ပိုင်ဆိုင်မှုမှန်သမျှဟာ

ကြွပ်ကြွပ်အိတ်တစ်လုံးစာရှိတယ်။

 

မိုးလင်းချင်တဲ့ အချိန်မှ ထ လင်းခွင့်နဲ့

ဆန္ဒကို ဥပက္ခာပြုခွင့် တရားဝင်လက်မှတ်

ဘ၀ကို ကန့်သတ်ပစ်လိုက်တယ်…..

ကြည့်လေ….

သက်ဝင်လှုပ်ရှားနေတဲ့ လမ်းမနဲ့

ပူလောင်ဆူပွက်နေတဲ့ ဆေးရုံကြားမှာ

ကောင်းကင်ဘုံရောက် ဘိန်းသမားတစ်ယောက်လို

နာရီလက်တံရှည်တွေ ကွေးကောက်ပစ်နိုင်တယ်။

 

မေးကြည့်တယ်….

မနက်ဖြန် ကို သိသလားလို့…..။      ။

 

မောင်ထိန်လင်း(မြို့သာ)

၃.၂.၂၀၁၇ ၈း၄၁ မနက်

Leave a comment