စာနယ်ဇင်းကဗျာများ(၂၄)

(၂၄)

မောင်ထိန်လင်း(မြို့သာ)……………….. မန္တလေးမြို့ပေါ်က လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှု

စံတော်ချိန်(၂.၁၂.၂၀၁၆)

 

ပုလင်းသံ ခွက်သံ ချီးယားသံတွေ

စီစီညံနေတဲ့ကြားမှာ

နှလုံးသားထဲအထိ စိမ့်ဝင်နေတဲ့

ယဉ်ကျေးမှု

မန္တလေးရဲ့ပြယုဂ်တစ်ခုအနေနဲ့

ဆယ်စုနှစ်လေးငါးခုမက

အခြေချထားပြီ…..

အတည်တကျ တသားတည်း

ခွဲခြားလို့မရ

များလှတဲ့ဝန်ဆောင်မှုတွေ

ထမ်းရွက်

လက်ဖက်ရည်တစ်ခွက်နဲ့

စီးပွားရေး

လူမှုရေး

နိုင်ငံရေး

စာပေရေးရာအထွေထွေ

အဆင်ပြေစေခဲ့တယ်။

 

ကားဈေးအတက်အကျ

သိချင်လား

ပွဲစားတွေ ထိုင်တဲ့ဝိုင်းသွား၊

ရပ်ကွက်ထဲမှာ ဘာတွေဖြစ်နေသလဲ

သဲသဲကွဲကွဲ သိချင်… လာ

နိုင်ငံရေးဝေါဟာရ

အဘိဓာန်၊အတွေးစ

မျက်မှောက်ကာလ၊ အစုံအလင်…..

ကဗျာတွေ

စပ်ကြ၊ ရွတ်ဖတ်၊ ငြင်းခုန်

စာပေမျိုးစုံ၊ ပန်းပေါင်းစုံပွင့်…..

နေရာထိုင်ခင်း

စိတ်ကျဉ်းကြပ်စရာ မလို

အခန်းငှားခ မလို

ဈေးကွက်စီးပွားရေး အရွေ့

နဖူးတွေ့ ဒူးတွေ့ ထင်လင်း၊

မြန်မာ့သတင်း ကမ္ဘာ့သတင်း

ငြင်းခုန်စရာ၊

စာပေရသ ဝေမျှစရာ၊

နေရာလေးတစ်ခု

နောင်ရာစုနှစ်မက

အခြေကျနေဦးမှာပါ။

Leave a comment