(၁၃)
မောင်ထိန်လင်း(မြို့သာ)…………… ပွင့်သောပန်းတိုင်းမွှေးပါစေ
ပြည်ချစ်သာ(၇.၉.၂၀၁၆)
ခေါင်းလောင်းသံ မြန်ပြည်အနှံ့ ညံစေသား
ရန်ကုန်မှာ မီးပျက်လို့ သွေးပျက်ရတာ ဘာအရေးလဲ
ဘတ္ထရီမရှိ ဖယောင်းတိုင်မရှိ ယုတ်ဆွအဆုံး ရေနံဆီမီးခွက်တောင်မရှိတဲ့
သုညအဖေခေါ်ရတဲ့သူတွေ ဒူးနဲ့ဒေး။
မြေပြန့်မှာ လေးတန်းအောင် ကျောင်းပြီးရတာ ဘာဆန်းလဲ
တောတောင်ထဲမှာ စစ်ဘေးရှောင်စခန်းမှာ ပြည်တွင်းပြည်ပ ဒုက္ခသည်စခန်းမှာ
စာသင်ကျောင်းဆိုတာဘာလဲလို့ မေးရတဲ့ဘဝတွေ အများအပြား။
ခေါင်းလောင်းသံအစား
ဗုံးသံအမြောက်သံသေနတ်သံတွေ ကြားမှာ အကျွမ်းဝင်လောက်ပြီ
ဒါ အာပီဂျီ၊ ဒါ ကြွမိုင်း၊ ဒါ လက်ပစ်ဗုံး…အသံကြားရုံနဲ့ ခွဲခြားတတ်လောက်ပြီ
ရန်သူအနံ့၊ ရန်ပြုမယ့်သူအနံ့၊ မိတ်ဆွေအနံ့၊ ကြင်နာဖေးမမယ့်သူအနံ့၊ အရိပ်အခြေ၊ အနေအထား
ခွဲခြားနိုင်လောက်ပြီ
သမိုင်းရိုင်းက သင်ပေးလိုက်တဲ့ ဘဝသင်ခန်းစာတွေ ကျေညက်လောက်ပြီ
အသက်ရှင်နေထိုင်နည်းတွေ ဆည်းပူးပြီးသားပေါ့။
အနာဂတ်သယံဇာတတွေ
ဖျက်ဆီးခံထားရတဲ့ တိုင်းပြည်သယံဇာတတွေ
တောတွေ တောင်တွေ နယ်စပ်တွေမှာ ကျဲပြန့်နေရတာ
တန်ဖိုးထားတတ်သူတွေ ရင်မောနေကြပြီပေါ့။
ပန်းတိုင်းပွင့် ပွင့်တိုင်းမွှေးပါကြောင်း
ခေါင်းလောင်းသံ မြန်ပြည်အနှံ့ ညိုးညိုးညံစေကြောင်း။
မောင်ထိန်လင်း(မြို့သာ) ၂၈-၅-၂၀၁၆ ၉း၂၆ မနက်