စာနယ်ဇင်းကဗျာများ(၁၂)

(၁၂)

မောင်ထိန်လင်း(မြို့သာ)…………… ငြိမ်းချမ်းခြင်းအနုပညာ

စံတော်ချိန်(၅.၉.၂၀၁၆)

 

 

သင်္ခါရနယ်ပါယ်မှာ

ထာဝရ ကို အဓိပ္ပါယ်ပေါ်လွင်စေဖို့

လီနင်တို့လည်း ကြိုးစားခဲ့

ကားလ်မက်တို့လည်း လောကနိဗ္ဗာန်ဘုံဝါဒထွင်

ရှင်ဒိသာပါမောက်အစ

ဦးဝိစာရ၊ သခင်ကိုယ်တော်မှိုင်း

ဒဂုန်တာရာရဲ့ အရိုင်း ၊

ဦးသန့်၊  ဒေါ်အမာ

ခု မြန်မာအမျိုးသမီးကြီး အဆုံး

အားလုံးလိုချင်ခဲ့ကြတာပါပဲ

စည်းလုံးမှ ညီညွှတ်တာရယ်

ငြိမ်းချမ်းမှ သာယာတာရယ်

ဖွံဖြိုးမှ ခေတ်မီတာရယ်

အားလုံးဟာ ကိုယ့်လက်ထဲမှာ ရှိပြီး

စားသုံးခွင့်မရတဲ့ သစ်သီးလိုမျိုး

ငတ်မွတ်စွာ မာနခံနေတယ်

သိက္ခာကို ဘာသာပြန်မှားနေတယ်

ရပ်ထဲ ရွာထဲ စကားနဲ့

ဘယ်ဘုရားမှ တရားမဟောသလို

ငြိမ်းချမ်းရေးဆိုတာ

ကိုယ်ကအစ ကိုယ့်တခွင်

ကိုယ့်ဝန်းကျင် ကိုယ့်နိုင်ငံပြည်ရွာ

ကိုယ့်ကမ္ဘာ ကိုယ့်စကြာဝဠာထိ

ပွတ်တိုက်မိတိုင်း မီးထမတောက်တဲ့အခြေအနေအရောက်

အတ္တဂုဏ်မမြှောက်မှ

နိဗ္ဗာန်ဘုံရောက်လိမ့်မယ်

ဒါမှ ကျွန်တော်တို့ သမားစဉ်

စိတ်ကူးယဉ်နေတဲ့ ကောင်းကင်နိုင်ငံတော်ကို

ဖူးမျှော်ရပေလိမ့်မယ်

အဲဒီခေတ်အခါ

ငါ ရှိနေပါစေ….။

 

မောင်ထိန်လင်း(မြို့သာ)

၂.၉.၂၀၁၆ သောကြာနေ့

Leave a comment