(၈)
မောင်ထိန်လင်း(မြို့သာ)——— ရန်သူနဲ့ဆက်ဆံနေတဲ့ မြို့
စံတော်ချိန်(၁၆.၆.၂၀၁၆)
၁၂၂၁က နဂါးနှစ်လား
မီးတောင်အဝမှာ တည်ထားတဲ့ မြို့။
ခြေချမိတော့
မျက်ပေါက်မှေးမှေးဘုရင်ကြီးကို
နန်းတွင်းသူလေး ဒူးတုပ်ခံစား
နဂါးစာကျွေးဖို့ ပေါက်စီတွေ ပြင်သလား၊
ဇာတ်မင်းသားလေးသိန်းဇော်သီချင်း
နောက်ခံတိုးညှင်းဖျော့တော့။
ဒီနေရာ လူထုတိုက်
အရှေ့ဦးခိုက် ဖောင်တော်ဦး
ထွန်းဦးနဲ့ နဂါး
စားကြပါဦး ထိုးမုန့်၊ နန်းကြီးသုပ်
နဂါးအရုပ်တွေ မဆင်မချိပ်
အညာရိပ်တွေမြင်ရသေးတယ်။
အထင်ကရတွေ
အတိအကျရှိနေသေးတယ်၊
မြနန်းစံကျော်
မန္တလေးနန်းတော်ရယ်…
အလှမ်းမဝေးပေါင်
မန္တလေးတောင်တော်ရယ်…
ရတနာ့ဂုဏ်နဲ့
ဂန္ဓာရုံစာသင်တိုက်ရယ်…
မညှိုးမှိန်တဲ့
ဦးပိန်တံတားရယ်…
ရင်ငွေ့လှုံ ဂုဏ်တော်ပွားတဲ့
မုနိဘုရားကြီးရယ်…
ကမ္ဘာ့ဘုံမှာ
မြန်မာ့ဂုဏ်မပျောက်သရွေ့
ရန်သူနဲ့ရင်ဆိုင်တွေ့လည်း
မဆွေးမြေ့ဘူးရယ်။