စာနယ်ဇင်းကဗျာ(၃)

(၃)

မောင်ထိန်လင်း(မြို့သာ)-  မန္တလေးရယ်၊ ငါရယ်၊ နန်းတော်ကြီးရယ်

စံတော်ချိန်သတင်းစာ(၂၈.၄.၂၀၁၆)

အသက်ရှည်စေလို မန်းတောင်ရိပ်ခိုတဲ့
တချို့က ဘုရားခြေတော်ရာရှိတဲ့ မန်းချောင်းနဲ့ မန်းတောင်ရိပ်လို့
ကြိတ်မှိတ်ငြင်းခုန်ပေမယ့်
ငါ့အတွက်ကတော့ မန္တလေးတောင်တော်အရိပ်
အေးငြိမ့်ချင်တယ်
သူက အညာရဲ့ အိုအေစစ်၊ ငါ့ရဲ့ အချစ်ဖြစ်တယ်။

စခန်းမဝေးတဲ့ မန္တလေးဆိုတာ
စာမှာ၊ ကဗျာမှာ၊ သီချင်းမှာ၊ လူတကာရဲ့ နှုတ်ဖျား
ခရားရေလွှတ်တတွတ်တွတ်ရွတ်နေပေမယ့် မပြည့်စုံ
မန်းတောင်ကြီး ငုံ ပြောတောင် မလေးနက်
ပါဠိအဋ္ဌကထာအောက်ထက်ညှိလည်း
ပီတိမရွှန်း မဖိတ်
ငါက မန္တလေးသားသိပ်ဖြစ်ချင်ခဲ့တယ်။

ရွှေမှန်ကင်းက ထင်းဖြစ်ခဲ့တယ်ဆိုပေမယ့်
ရွှေမြန်မာတို့ရဲ့ ဂုဏ်သတင်း
လေပြေညှင်းတဲ့ တော်ဝင်ပန်း
ဒါက တော်ဝင်နန်းတော်၊
မျှော်မှန်းတွေးကြည့်ရုံနဲ့ ကြက်သီးထ
ရာဇဋ္ဌာနေ၊ နေပြည်တော် တံဆိပ်
နှလုံးသားမှာ ခပ်နှိပ်ထားတယ်။

မြန်မာဆိုတာ ကျွန်သဘောက်သားမဟုတ်ဘူးတဲ့။

Leave a comment