အသည်းငယ်တဲ့မိုး

 မောင်ထိန်လင်း(မြို့သာ)

        အသည်းငယ်တဲ့ မိုး

 

                 

 

 

မှော်ဝင်တဲ့ကဗျာဆရာ

တစ်                                   

ကမ္ဘာကြီးရဲ့အသက်ရှူသံဟာ ကဗျာ…ကဗျာနဲ့ကင်းတာဘယ်အရာမှမရှိ…။

အဆုံးမရှိသောစီးဆင်းချင်းဖြင့်အမှန်တရားကို ပွေ့ဖက်နိုင်ခဲ့ပြီ။ ပူပင်သောကတွေများပြားလွန်းလှတဲ့ လောကကြီးကိုနှလုံးစိတ်ဝမ်းအေးချမ်းစွာဖြင့် နားလည်တက်ခဲ့ပြီ။ ထာဝရရှင်သန်ချင်းတို့ဖြင့်ကြည်နူးဆွတ်

ပျံ့ဖွယ်ကောင်းသော နေရာကိုရှာဖွေတွေ့ရှိခဲ့ပြီ။

နှစ်

နားလည်မှု + အမှန်တရား + ရှင်သန်ခြင်း = ကဗျာ

အမှန်တရား ရှင်သန်ခြင်း နားလည်မှု့၊ ရှင်သန်ခြင်း အမှန်တရား နားလည်မှုတို့ဟာ သုံးနားညီတဲ့တြိဂံတစ်ခု…။

ဘယ်အနားမှ ဖြတ်ပစ်လို့မရ။

ဘဝရဲ့ရှင်သန်ခြင်း၊ ဘဝရဲ့ အမှန်တရား၊ ဘဝရဲ့နားလည်မှုတို့ဖြင့် ကမ္ဘာကြီး သက်တော်ရာကျော်ရှည်ခဲ့ပြီ။ နားလည်မှုတွေလွဲလို့မရ ၊ ရှင်သန်ခွင့်တွေ သေဆုံးလို့မဖြစ် ၊ အမှန်တရားတွေ အပျောက်အကွယ် မခံနိုင် ။ ကြီးမြတ်တဲ့ နှလုံးသားရဲ့ဝိညာဉ် ၊

ခမ်းနားလှတဲ့ အိမ်မက်ရဲ့နန်းတော်။ ကဗျာနဲ့တသွေးတည်းတသားတည်း။ သူ့အသွေးအသားဟာလည်း ကဗျာ၊ ကဗျာနှင့် ကဗျာဆရာရဲ့ ပဲ့တင်သံတို့ကို မခွဲခြားစကောင်း ။

သူ့နှလုံးခုန်သံဟာ ကဗျာ…

ကဗျာကိုပုံပြီး ယုံကြည်ခဲ့တယ်…။

ကဗျာဟာ လူတိုင်းနဲ့ တည့်ပါတယ်။

သုံး

ကဗျာဆရာ မောင်ထိန်လင်း(မြို့သာ)က ကဗျာတွေကို ရေးသည် ဖွဲ့သည်။

၁၉၉၄ ခုနှစ်ကရေးတဲ့ ကဗျာတွေပါသလို ၂၀၁၁ ခုနှစ်ထဲမှာ ရေးဖွဲ့သော ပူပူနွေးနွေး လတ်လတ်ဆတ်ဆတ် ကဗျာတွေကိုလည်း ဖတ်ရသည်။ ၁၉၉၄ ခုနှစ်ကနေစပြီး ၂၀၁၁ ခုနှစ်အထိ ဆယ့်ရှစ်နှစ်လုံးလုံးကဗျာတွေရေးဖွဲ့ခဲ့သည်။ စိတ်ကူးပုံရိပ်လွှာ ရင်ခုန်သံ လှိုင်းလေကြားထဲမှာ ကူးခတ်ခဲ့ရသည်။ အပြောကျယ်တဲ့ ပင်လယ်ထဲမှာ ရွက်လွှင့်သွားခဲ့ရတာမဟုတ်၊ လက်ပစ်ကူးခတ်ခဲ့ရတာ။

ခုတော့ ကဗျာဆရာ မောင်ထိန်လင်း(မြို့သာ) ကဗျာကျောက်ဖျာကို တွေ့ရှိသွားခဲ့ပြီ။ ကဗျာနှင့် ဆက်ထားသော သူ့အသက်သည် ဘယ်တော့မှ မသေတော့။ ကဗျာဆရာ မောင်ထိန်လင်း(မြို့သာ)ဟာ

ကဗျာတွေ ရေးခဲ့တယ်။ ယခုလည်း ရေးနေဆဲ… နောက်လည်း ရေးနေဦးမယ်။

ကဗျာဆရာဖြစ်ဖို့ ဒုလ္လဘတရားဖြစ်သလို ကဗျာတစ်ပုဒ်ရဖို့လည်း ဒုလ္လဘတရားတစ်ခုပါပဲ။ ခေတ်ကြီးက မြန်နှုန်းမြင့်မြင့်နဲ့ ရွေ့လျားနေခဲ့တယ်။ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ သားရေးသမီးရေး စတဲ့ အရေးတွေနဲ့ မအားလပ်ရအောင် အချိန်ဇယားပြည့် လူးလာခေါက်တုံ့ ပြေးလွှားနေရဆဲ။ အတ္တလွန်ကဲသော ရူပရုပ်တရားပေါ်တွင် သောင်တင်လာခဲ့ကြတယ်။ စိတ္တဇနာမ်တွေအတွက် အချိန်မပေးနိုင်ကြတော့။

စိတ်ကူးပုံရိပ်တွေနဲ့ လျှပ်ကူးထားသော အိပ်မက်တွေ မိုးခေါင်ပါးလျလာခဲ့တယ်။ တစ်ခါတစ်ရံမှသာ အမောဖောက် ရောက်လာတတ်ကြသည်။

ကဗျာဆရာ မောင်ထိန်လင်း(မြို့သာ) က ကဗျာအတွက် အချိန်တွေ တော်တော်ပေးထားတယ်။ တွေးတွေးဆဆ နက်နက်နဲနဲလည်း ရှိတယ်။ မောင်ထိန်လင်း(မြို့သာ)ကို ကျွန်တော် မတွေ့မမြင်ဖူးပါဘူး။

ကဗျာကလေးတွေကို ဖတ်ရတယ်။ ဒီလိုနဲ့ ကဗျာဆရာကို တွေ့ရှိသွားခဲ့ရတာပါပဲ။

ခေတ်ရဲ့ တိုက်စားခြင်းကို လူတွေသာမက ကဗျာတွေလည်း တိုက်စားခံကြရတယ်။ ကဗျာတွေမှာ တွေ့နိုင်တယ်။ ဒါပေမယ့် ကဗျာဆရာကတော့ ကဗျာတွေရေးပြီး ငြိမ်ချမ်းစွာ လွတ်မြောက်နေခဲ့တယ်။

လေး

ကဗျာဆရာရဲ့ ကဗျာမှာ ရုပ်တရားကို တွေ့ရှိရသလို နာမ်တရားကိုလည်း တွေ့ရှိရမည်။

အလင်းကို တွေ့နိုင်သလို အမှောင်ကိုလည်း တွေ့ရှိရမည်။

အဖြစ်ကို တွေ့ရှိနိုင်သလို အပျက်ကိုလည်း တွေ့ရှိရမည်။
အချစ်ကို တွေ့ရှိနိုင်သလို အမုန်းကိုလည်း တွေ့ရှိရမည်။

ရုပ်ရှင်ကြီးမပြသေးခင်း ကောင်းနိုးရာ အခန်းစဉ်လေးတွေကို နမူနာထိုး ပြသတင်ဆက်သလို…။ ကဗျာဆရာရဲ့ နှလုံးခုန်သံအချို့ကို ရွေးချယ်တင်ဆက်ပေးလိုက်ပါတယ်။

ကဗျာဆိုတာ မဖတ်သေးဘဲထားရင် စကားလုံးတွေပဲ ဖြစ်တယ်။ ဖတ်ကြည့် ခံစားကြည့်လိုက်မှ ကူးလူးဆက်ဆံ ထိမှန်သွားတယ်။ အဲဒီအချိန်အခါမှသာ ကဗျာမြောက်သွားတယ်။ ကဗျာအရာရောက်သွားတယ်…။ ခံစားကြည့် ဖတ်ကြည့်ပါဦး…။

ပန်းငုံပန်းသစ်

ဖူးပုရစ်လည်း

နေ့သစ်တေးချို သူဆိုပြီ…။

(မှော်ဝင်အနမ်း)

နွားရေစာခက်

လူလည်းငတ်လိမ့်

မိုးမိန့်မချ

မိုးမကျလျှင်။

(ရွာ့ဒုက္ခ)

ရော်ရွက်ရီဝါ၊ မဲခြောက်လာ၍

လေသွေ့အတိုက်၊ ဝေ့ဝိုက်ရုံဖြင့်

နန်းဆင့်ဘုံမှ၊ ကြွေကျရှာသည်

အနစ္စမည်သား။

(အနစ္စ)

ရည်မှန်းချက်နှင့် အခြေအနေဟာ

ကတောက်ကဆဖြစ်တိုင်း

လက်ရှိ​ဝါသနာ အရေခွံထပ်ထပ်လဲ

အရောင်မွဲနေပြီတဲ့။

(လမ်းခွဲကလေးများ)

“အတ္တဟိ အတ္တနော နာထော”

သဘောမှန်စွာ

မိမိကိုယ်သာ ကိုးကွယ်ရာတဲ့

စိတ္တာဥယျာဉ် အချိုပင်စိုက်

နောက်လိုက်အကျိုး၊ မညှိုးဒိဋ္ဌ

သစ်သီးချိုချို ရမယ်တဲ့။

(ဘဂဝါ)

တချို့ မထင်ပေါ်ပေမယ့်

ရွှင်ပျော်စေတတ်တဲ့ အနုပညာပြကွက်တွေရှိတယ်။

(လူရွှင်တော်)

ငါး

ကဗျာဆရာဟာ ကဗျာတွေရေးပြီး ငြိမ်းချမ်းစွာ လွတ်မြောက်နေတယ်။ ဒါဟာ ကဗျာဆရာ မောင်ထိန်လင်း(မြို့သာ)ရဲ့ လျှို့ဝှက်ချက်ပါပဲ….။ ကဗျာတွေဖတ်ပြီး လွတ်လပ်ငြိမ်းချမ်းနိုင်ကြပါစေ…။

 

မောင်နီဦး

၁၄-ဂျူလိုင်-၂၀၁၁

 

 

 

 

 

 

 

 

 

 

 

 

 

မာတိကာ

စဉ် အမည် ရေးဖွဲ့သည့်ခုနှစ် စာမျက်နှာ
၁။ အလွမ်း ၁၉၉၄
၂။ အချစ်ထောင် ၁၉၉၅
၃။ ရလာဒ် ၉-၉-၁၉၉၅ ၁၀
၎။ ပန်းဝတ်မှုန် ၁၉၉၆ ၁၁
၅။ စိတ်ဓမ္မတာ ၁-၅-၁၉၉၆ ၁၂
၆။ ဆုတောင်းအိပ်မက် ၁၉၉၆ ၁၃
၇။ ညတစ်ခု ၂၀-၃-၁၉၉၇ ၁၄
၈။ အိပ်ရာထသင်္ကြန် ၁၄-၄-၁၉၉၇ ၁၅
၉။ အညာနွေ ၅-၅-၁၉၉၇ ၁၆-၁၇
၁၀။ မှော်ဝင်အနမ်း ၁၅-၆-၁၉၉၇ ၁၈
၁၁။ ရွာ့ဒုက္ခ ၂၈-၆-၁၉၉၇ ၁၉-၂၁
၁၂။ မစိမ်းပြင် ၂၄-၆-၁၉၉၇ ၂၂-၂၃
၁၃။ အနိစ္စ ၁၉၉၇ ၂၄
၁၄။ အင်း……. ၁၉၉၇ ၂၅
၁၅။ သကာတွေ့ခြင်း ၂၄-၉-၁၉၉၇ ၂၆
၁၆။ အလွှာ ၁၉၉၈ ၂၇-၂၉
၁၇။ ဇာတ်လမ်းတစ်ပုဒ်နဲ့ အတူ ၂၃-၁၀-၁၉၉၈ ၃၀
၁၈။ နိုးခြင်းထထိုင် ၁၉၉၈ ၃၁-၃၂
၁၉။ ကိုယ်ကျင့်တရား ၁၉-၄-၁၉၉၉ ၃၃
၂၀။ လရောင်ပျောက်နေ့ ၂၅-၆-၁၉၉၉ ၃၄
၂၁။ ရင်ခုန်နှစ်သစ်အလွမ်း ၂၄-၁၂-၁၉၉၉ ၃၅
၂၂။ ချုပ်ရိုးဖြည်တဲ့နေ့ ၂၃-၁-၂၀၀၀ ၃၆
၂၃။ ဘုရင်မ ၈-၆-၂၀၀၀ ၃၇
၂၄။ တစ်တီတူးအတွေး ၁၁-၁၀-၂၀၀၀ ၃၈
၂၅။ နတ်ဆေးတစ်ဖုံ ၁၈-၄-၂၀၀၁ ၃၉
၂၆။ နတ်သမီးထောင်ချောက် ၆-၆-၂၀၀၁ ၄၀-၄၁
၂၇။ မာန် ၁၃-၇-၂၀၀၁ ၄၂
၂၈။ အတောင်စုံသော် ၂၈-၈-၂၀၀၁ ၄၃

 

 

 

 

စဉ် အမည် ရေးဖွဲ့သည့်ခုနှစ် စာမျက်နှာ
၂၉။ တောပန်းပန်တဲ့ မိန်းကလေး ၁၄-၁၀-၂၀၀၁ ၄၄-၄၅
၃၀။ လမ်းခွဲကလေးများ ၂၀၀၁ ၄၆-၄၇
၃၁။ ဆီးကြိုလှဲ့ ၂၀-၆-၂၀၀၂ ၄၈
၃၂။ မိန့်မူး ၂၀၀၂ ၄၉
၃၃။ ဓား ၂၈-၈-၂၀၀၂ ၅၀-၅၁
၃၄။ ဖွင့်ထားသော နှလုံးသား ၆-၂-၂၀၀၃ ၅၂-၅၃
၃၅။ ဆုံတွေ့ချင်သည် ၂၀၀၃ ၅၄-၅၅
၃၆။ ပိုးဖလံ ၁၅-၈-၂၀၀၃(1:07pm) ၅၆
၃၇။ မှီတည်ရာ ၁၉-၈-၂၀၀၃ ၅၇
၃၈။ တေးမြုံနေတဲ့ ငှက် ၂၂-၈-၂၀၀၃ ၅၈
၃၉။ ဒဏ်ရာ ၂-၅-၂၀၀၄ ၅၉-၆၀
၄၀။ မြေ ၂၂-၅-၂၀၀၄ ၆၁-၆၂
၄၁။ ဘဂဝါ ၂၀၀၅ ၆၃-၆၄
၄၂။ မြစ်ကန်း ၂၄-၂-၂၀၀၅ ၆၅
၄၃။ အိပ်မက်တွေ ဝေ့ဝဲနေတဲ့တိမ် ၆-၆-၂၀၀၅ ၆၆-၆၇
၄၄။ သမားရိုးကျ ၁၀-၁၀-၂၀၀၅ ၆၈-၆၉
၄၅။ အနတ္တဝါဒီ ၂၈-၁၁-၂၀၀၅ ၇၀
၄၆။ အသည်းငယ်တဲ့ မိုး ၈-၃-၂၀၀၆ ၇၁-၇၃
၄၇။ ခေါင်းလောင်းထိုးပါ ၁၃-၁၂-၂၀၀၈ ၇၄
၄၈။ ရတနာရွှေကြုပ် ၂၃-၉-၂၀၁၀ ၇၅
၄၉။ ယနေ့ကမ္ဘာ ၃၁-၁-၂၀၁၁ ၇၆-၇၇
၅၀။ လူရွှင်တော် ၁၉-၅-၂၀၁၁ ၇၈
၅၁။ ရွှေရည်စိမ် ၂၉-၁၀-၂၀၁၀ ၇၉
       
       
       
       
       
       
       

 

 

 

 

 

အလွမ်း

 

နွေဦးဥသြ ၊ တေးသံနှောက

ရင်မှစို့တက်၊ မနေတတ်ပါ။

 

ဆောင်းမှာသဇင်၊ ပန်းကိုမြင်လည်း

ရင်​ဝယ်တမ်းတ ၊ လွမ်းရပါတယ်။

 

ဘယ်ခါမလပ် ၊ လွမ်းရဟတ်ကြောင့်

အမြန်ပြန်လာ ၊ ချစ်သဲညှာ။          ။

 

မောင်ထိန်လင်း(မြို့သာ) ၁၉၉၄

 

 

 

 

 

 

 

 

 

အချစ်ထောင်

 

ချစ်သူသက်ထား ၊ လွမ်းမှုပွား၍

ဝေဒနာသစ် ၊ ထပ်ထပ်ဖြစ်၏။

 

ရင်တွင်းလောင်မီး ၊ ပူလောင်ညည်းလည်း

ချစ်ရသက်ထား ၊ နောင်များဘယ်မှာ မတွေ့ရ။

 

ရင်တွင်းနေရာ ၊ ချစ်လမ်းသာမှ

အဝင်တံခါး ၊ ဆိုင်းဘုတ်ထား၏

အချစ်သည်သာ….ဝင်ခဲ့ပါ….

 

အချစ်ပြစ်မှု ၊ ထိုတစ်ခုကြောင့်

ရင်တွင်းခံစား ၊ အချစ်များကြောင့်

ငါသည်….

အဆွေးဒဏ်သင့်နေပြီ။      ။

 

မောင်ထိန်လင်း(မြို့သာ) ၁၉၉၅

 

 

 

 

ရလာဒ်

 

ကျွန်ုပ်၏ရင်ထဲ

ညှိစွဲသည့်ဝေဒနာ

လွန်စွာဖိစီးပြီပေါ့။

 

ကျွန်ုပ်၏ရင်ထဲ

စွဲမြဲသည့်ပုံရိပ်

တိတ်ဆိတ်တည်ငြိမ်နေပြီ။

 

ကျွန်ုပ်၏ရင်ထဲ

ခိုင်မြဲသည့်နှောင်ကြိုး

လွန်တိုးလို့ခိုင်ကျည်ပေါ့။

 

ကျွန်ုပ်၏ရင်ထဲ

စွဲထင်သည့်စာကမ္ပည်း

ငါ……အချစ်ကြီးသည်” တဲ့။        ။

 

မောင်ထိန်လင်း(မြို့သာ) ၉-၉-၁၉၉၅

 

 

 

 

 

ပန်းဝတ်မှုန်

 

နေမင်းနိုးထ၊ အိပ်ရေးဝ၍

အစေ့လည်ပတ်၊ ချားရဟတ်ဖြစ်

ဖွင့်လှစ်အကာ၊ ရောင်ခြည်ဖြာဆင့်

သရေတင့်သား၊ လရောင်စားခံ

အရံကြယ်ပျောက်၊ နေရောင်အောင်ဝယ်

ငှက်ငယ်အသံ၊ ညံညံစာစာ

ပျော်ဖွယ်ရာကောင်း၊ ပန်းပေါင်းရနံ့

ထုံသင်းပျံ့လျက်၊ လေညာရပ်မှ

ငင်စခေါ်ယူ၊ အကြင်သူကြောင့်

အမှောင့်အိပ်မက်၊ နိုးထထွက်စေ

ပြုံးပန်းဝေအောင်၊ ကြင်နာဆောင်၍

မမေ့ထုံထုံ “မဝတ်မှုန် “။

 

မောင်ထိန်လင်း(မြို့သာ) ၁၉၉၆

 

 

 

 

 

စိတ်ဓမ္မတာ

 

နေထိတဲ့ပန်း၊ ခပ်နွမ်းနွမ်းမို့

အများပြောသည် မသတီ…ဟု။

ငွေမဲ့လူတန်း၊ ခပ်နွမ်းနွမ်းမို့

အများရှောင်ကြဉ် မပေါင်းချင်ကြ။

ပွင့်စပျိုပန်း၊ မနွမ်းဟောင်းခင်

အဆင်းအနံ့၊ ထုံသင်းပျံ့စဉ်

ကေသာတွင်ပန်၊ အဖိုးတန်လို

ယုယပိုခဲ့။

ကုံလုံထက်တန်း၊ ငွေမခန်းမီ

ကြည်စွမိတ်ဆွေ၊ ရွှေမျိုးတွေနှင့်

အတင့်အတယ်၊ ထည်ထည်ဝါဝါ

နေထိုင်လာခဲ့။

 

လန်းဆန်းတဲ့ပန်း

မညှိုးနွမ်းသူ

ပြည့်စုံဖူးလှစ်

နတ်လူချစ်၏။         ။

 

မောင်ထိန်လင်း(မြို့သာ) ၁-၅-၁၉၉၆

 

ဆုတောင်းအိပ်မက်

 

အစမြင်ခြင်း၊ ရင်ခုန်ခြင်းနှင့်

ဆင်ကဲ့ဖြစ်၍၊ မမေ့နိုင်သား

အချစ်အားရယ် ပြင်းလွန်းတယ်။

 

ပြင်းထန်အချစ်၊ ရိုက်ခတ်ပစ်ချိုး

ဝင်ဆိုးသွမ်းခြင်း၊ ရောဂါပြင်းထန်

သွေးပွက်အန်မယ် ရောဂါသည်။

 

အချစ်ရောဂါ၊ ပြင်းစွာလှုပ်ရှား

အသည်းပါးလည်း၊ ခံနိုင်ခဲဘူး

အချစ်ဦးရယ် ချစ်ထူးတယ်။

 

အချစ်ဦးသူ၊ ခေါ်ငင်ယူလက်

တမ်းမက်စောင့်မျှော်၊ ပျော်လာရမည်

ဒဏ္ဍာရီရယ် အိပ်မက်ရယ်။

 

ရွှေရောင်အိပ်မက်၊ တကယ်သက်ဝင်

ဖြစ်စေချင်သည်၊ စေတီမရေ

တောင်းဆုခြွေတယ် ဆုတောင်းမယ်။

မောင်ထိန်လင်း(မြို့သာ) ၁၉၉၆

 

 

ညတစ်ခု

အရှေ့တူရူ မီးခိုးတလူလူနဲ့

ဆွဲငင်အူနေတဲ့ ဥသြသံ

တဂျိန်းဂျိန်းညံနေတယ်။

 

မြို့သာဘူတာ စတင်အသက်ဝင်လာတဲ့

ဒေသမျိုးစုံကလူတွေ

တစ်စုံတစ်ခုကို ရှာဖွေနေတယ်။

 

လက်ရဲ့အလှုပ် တဖြုတ်ဆိုတဲ့ခဏ

ငါ……………….

သူ့ကိုတွေ့လိုက်ရတယ်။

 

လက်ကနဲလင်း ​​ဝင်းသွားတဲ့အဆင်းတစ်ခု

တခြမ်းပဲ့လမင်း စိန်စီ အပြာခင်းမှာ

ထိန်ထိန်သာနေဆဲ။

 

မောင်ထိန်လင်း(မြို့သာ) ၂၀-၃-၁၉၉၇

 

 

 

အိပ်ရာထသင်္ကြန်

မတရားသဖြင့်

တိုက်ခတ်ရင့်ရမ်း၊ နွေလေကြမ်းက

ဆော်သွမ်းသယ်ဆောင်

စည်းနှောင်နေပြီ နွေရာသီ။

 

အပင်တိုင်းကို

နှိပ်စက်လို၍၊ လေမွေ့ဓားသွား

ခုတ်ဖြတ်ထားကာ

ဇရာအိုသည် ပိုင်စိုးချည်။

 

တန်ခူးလ မိုး

သင်္ကြန်မိုးက၊ နှိုးဆွသွန်းလောင်း

အပင်ပေါင်းလည်း

မြဆွဲကြိုးသီ စီရရီ။

 

သင်္ကြန်သီချင်း

သင်းသင်းပျံ့ပျံ့၊ ပိတောက်နံ့က

ကလူစ၍

အိပ်မွေ့သင်္ကြန်ပိုး နိုးလာပြီ။

မောင်ထိန်လင်း(မြို့သာ) ၁၄-၄-၁၉၉၇

အညာနွေ

 

စမ်းအိုင်ခန်းခြောက်

သဲဖြူမောက်မို့

ချွေးစို့သစ်ပင်

အရိပ်ထင်လည်း

သူ့တွင်တန်ဆာ

မရှိပါတကား။

အညာနေက

ပူလောင်လှ၍

တံငွေ့လျှပ်ထ

မြူခိုးကမှောင်

ကတုံးတောင်တွင်

မိုးရိပ်ဆင်သည်။

 

အလွမ်းဖွဲ့သီ

တောင်ဆီဥသြ

တေးချိုကြောဝယ်

ရင်မောဖွယ်ရာ

အမိရှာဖွေ

အလွမ်းနွေ၌။

 

မိုးရိပ်ကိုမြင်

အားနှင့်အင်နှင့်

ဖူးငုံဆင့်သည်

ပင်တိုင်းမြသီ

စီရရီနှင့်

ပဏတင့်သည်။

 

စိမ်းဖန့်ရင်ရောင်

မြူခိုးမှောင်နှင့်

သံဆင့်ဥသြ

လွမ်းစုံတောဝယ်

မျောလည်မိသည်

အညာဆီက……………..နွေ။

 

မောင်ထိန်လင်း(မြို့သာ) ၅-၅-၁၉၉၇

 

 

 

 

 

 

 

 

မှော်ဝင်အနမ်း

 

နေခြည်ဖြောက်ဖြောက်

တိမ်ဆီတောက်၍

မို့မောက်တောင်မှ နိုးထပြီ။

တီတျာ တီတျာ

ငှက်တကာလည်း

သံသာမြည်လျက် နှုတ်ဆက်သည်။

မျက်နှာချင်းအပ်

လည်ပင်းဖက်ကာ (အိပ်နေရာမှ)

ကပျာရုတ်ချင်း သက်သွင်းသည်။

ပန်းငုံပန်းသစ်

ဖူးပရစ်လည်း

နေ့သစ်တေးချို သူဆိုပြီ။

ပန်းပွင့်ပျိုဘော်

သူ့အဖော်နဲ့

အပျော်ချဲ့ထွင် ကြင်ခဲ့သည်။

မှော်ဝင်အနမ်း

ချစ်စခန်းလည်း

ခန်းခြောက်ကိုယ်ဖျောက် ပျောက်သွားသည်။

 

မောင်ထိန်လင်း(မြို့သာ) ၁၅-၆-၁၉၉၇

ရွာ့ဒုက္ခ

 

အပင်ခြောက်ညှိုး

မိုးကိုမျှော်ကာ

ရွာပါသွန်းပါ

ခွန်းတစ်ရာပေါင်း

တောင်းပန်နေ။

အစိမ်းပြူတစ်

အသစ်ဖူးလည်း

လူးလူးနေဒဏ်

အပူခံ၍

မျက်ဆံပွတ်သပ်

ကြိတ်မှိတ်လျက်။

မိုးပေါက်ဖျားဖျား

ကျပေငြားလည်း

အားမရှိမြက်

နွားစာခက်၍

ပုံပျက်ပိန်ပိန်

တလိန်လိန်။

ထွန်ယက်ပြီးသား

လယ်မြေများမှာ

အကာမရှိ

မိုးမရှိသည့်

အဖော်မရှိ

စမ်းမရှိသည့်

ရော်ရိရော်နွမ်း

နွေလေကြမ်းအောက်

ပြားပြားမှောက်။

ရေချိုကရှား

ဟင်းရွက်ခါးနှင့်

ရှေ့ဖျားရွာထိပ်

ဣစ္ဆာသယ

ရေတွင်းဝတွင်

နေပူပြင်းပြင်း

ရေခပ်ဆင်း။

လူစည်နွားစည်

နွားဈေးဆီက

နွားနီရှင်

နွားပြာရှင်

တွင်တွင်ဟစ်အော်

ဈေးခေါ်နေ။

စည်ပင်သာယာ

မြို့သာဈေး၌

အိပ်မှေးခက်ခက်

ဗျင်းစပ်စပ်နှင့်

ဆိုင်ထက်ဈေးသည်

အပျင်းကြွယ်ကာ

အဝယ်လာအား

သမ်းဝါးဝါးပြ

ဈေးပြောရ။

တစ်ယောက်တစ်ပေါက်

ပြောဆိုကြသည်

နွားရေစာခက်

လူလည်းငတ်လိမ့်

မိုးမိန့်မချ

မိုးမကျလျှင်………………။

 

မောင်ထိန်လင်း(မြို့သာ) ၂၈-၆-၁၉၉၇

 

 

 

 

 

 

 

 

 

 

မစိမ်းပြင်

ကြင်နာသူသည်

လေပြေအေးအေး

ခေါ်ဆောင်သွေးလျှင်

ရနံ့မွှေးမွှေး

ပန်းကလေးဖြစ်ချင်တယ်။

ကြင်နာသူသည်

ငွေရောင်ဝင်းဝင်း

လမင်းဖြစ်လျှင်

သူ့နားဝန်းရံ

အရံကြယ်လေးဖြစ်ချင်တယ်။

ကြင်နာသူသည်

စိမ့်စမ်းချောင်းငယ်

တီတျာကြွယ်လျှင်

ခမ်းမယ်မကြောက်

ငါးပေါက်စလေးဖြစ်ချင်တယ်။

မကြင်နာလို့ တိမ်း

ရှောင်ဖယ်ကာ စိမ်းလည်း

ရှောင်ဖယ်ကာ တိမ်း

မကြင်နာလို့ စိမ်းလည်း

မိန်းမောဆဲအချစ်နဲ့

တစ်စက်မပြစ်မတင်

အမြဲချစ်ခင်နေမယ်။

ကမ်းလင့်မယ် မျှော်လျက်

ကြင်နာခြင်း လက်တစ်ဖက်ကို

ညအိပ်မက်ရေးရေး

စိတ်ကူးယဉ်အတွေးမှာ

အမြဲရွေးထည့်

ပျော်နေခဲ့တယ်……သခင်။

 

မောင်ထိန်လင်း(မြို့သာ) ၂၄-၆-၁၉၉၇

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အနိစ္စ

 

ရော်ရွက်ရီဝါ၊ မဲခြောက်လာ၍

လေသွေ့အတိုက်၊ ဝေ့ဝိုက်ရုံဖြင့်

နန်းဘုံဆင့်မှ၊ ကြွေကျရှာသည်

အနိစ္စမည်သား။

 

ဇရာဖိစီး၊ ရောဂါကြီးနှင့်

အဆင့်နောက်ဆုံး၊ မပြုံးမရယ်

လုံးလည်ဒုက္ခ၊ အသုဘဖြင့်

လူ့ဘုံဆင့်မှ၊ ကြွေမျောရသည်

အနိစ္စမည်သား။

 

မောင်ထိန်လင်း(မြို့သာ) ၁၉၉၇

 

 

 

 

 

 

 

 

 

အင်း………….

 

တင်မိုးရဲ့ ကဗျာ

ချိုသာသာလေပြေညှင်း

အဆုတ်ထဲရှူသွင်းလို့

သူ့လို တေးသီချင်း ဆိုချင်တယ်။

 

ကြည်အောင်ရဲ့ အားမာန်

ပြင်းထန်ပွင့်လင်း

စိတ်ထဲသွင်းလို့

ရဲရင့်ခြင်း ရချင်တယ်။

ဟိုတစ်ဖက်က

တိုးတက်တဲ့မော်ဒန်

E.Q မှန်မှန်နဲ့

ခံစားကြည့်ချင်တယ်။

မရင့်သေးတဲ့ ငါ့ဦးနှောက်

မောင်ချောနွယ်တစ်ယောက်

ငါ့ခေါင်းလာခေါက်မလား မသိဘူး။

 

*E.Q= Emotional Quotient=ခံစားနိုင်စွမ်းအား

မောင်ထိန်လင်း(မြို့သာ) ၁၉၉၇

 

 

သကာတွေ့ခြင်း

 

ငါဟာ

လကမ္ဘာပေါ်

ရောက်နေလား မသိ

မြေကို မထိ

ပျော်ရွှင်နေမိတယ်။

 

အမှတ်တမဲ့နဲ့

သူ ရှိတတ်တဲ့ နေရာလေး

ငေး ကြည့်လိုက်တော့

သူ…………

အလှအပတွေ ယူဆောင်

ပြုံးယောင်ယောင်လေးလုပ်နေတယ်။

 

မောင်ထိန်လင်း(မြို့သာ) ၂၄-၉-၁၉၉၇

 

 

 

 

 

အလွှာ

မတူမတန် ဆိုတဲ့ စကား

မင်းနဲ့တို့ နှစ်ဦးကြားမှာ

ဖြစ်ပွားပေါ်ပေါက်လာမယ်လို့

ဘယ်အခါမှ မထင်မိဘူး။

 

မင်းပြောဖူးပါတယ်

အချစ်မှာ

အကန့်အကာမရှိ

အချစ်ကို

မျိုသိပ်လို့မရ။

 

ချစ်ခြင်းဟာ

နှလုံးသား အရင်းခံ၊

ချစ်မိရင်

မျက်စိမရှိဘူး ဆို။

 

ခုတော့ အချစ်ရဲ့

မင်းနဲ့ငါ့ကြားမှာ

အလွှာတွေ

တစ်လွှာမက  ခြား

ကျော်လွှားနိုင်ပါ့မလား စိုးမိတယ်။

 

ဒါပေမယ့် ငါဟာ

တိမ်လွှာတွေလို ပုံမပြောင်းပါဘူး

ကျိန်စာတွေ ပြေစေတော့ဆိုပြီး

အချစ် မလျော့ဘူး။

 

ကြွက်အသွင်နဲ့ ငါ

မင်းဆီ ဘယ်တော့မှ မလာဘူး

ငါလို ခြင်္သေ့မင်း

ဘယ်လို မြှားနဲ့ ပစ်ခွင်းမလဲ။

 

မိန့်ကြားခဲ့တဲ့

ယေဟိုးဝါး စကား

အချစ်မရှိသောသူ၌

ဘုရားသခင်မရှိ …တဲ့။

 

ကဲ…မင်းနဲ့ငါ

ရှေ့ကကာ အလွှာတွေကို

မေတ္တာဓါးနဲ့ဖောက်

ရွှေ ငွေ ပကာသန မြစ်ပြင်ကျယ်ပေါ်

သစ္စာတရားနဲ့ တံတားဆောက်ပြီး

ခိုင်မာတဲ့ခြေလှမ်းတွေနဲ့

အမုန်းဟူသမျှ နင်းချေရင်း

အချစ်ဋီကာ

ဖွင့်လိုက်ကြပါစို့။       ။

 

မောင်ထိန်လင်း(မြို့သာ)  ၁၉၉၇

 

 

 

 

 

 

 

 

 

 

ဇာတ်လမ်းတစ်ပုဒ်နဲ့ အတူ

 

အချစ်….

ကမ်းနားသစ်ပင်….

တေးချိုလွင်ငှက်….။

 

ငှက်ငယ်ပျံသွား

သောကလှိုင်းပုတ်သံ

ကြားဖန်များသော အခါ။

 

မြစ်

အလွမ်းမြစ် ဖြစ်၊

ကမ်းကို လှိုက်စား

စွဲမြဲအမြစ်များကို

အချစ်သစ်ပင်

လဲကျ မျောပါ သွား။    ။

မောင်ထိန်လင်း(မြို့သာ) ၂၃- ၁၀- ၁၉၉၈

 

 

 

 

 

နိုးခြင်းထထိုင်

 

တဒင်္ဂအချိန်ခါ

အချစ်ဟာပေါက်ဖွား

အသည်းတံခါးဟာ ပွင့်

အလှပန်း ငွင့်ငွင့်ဖူး

နံ့သာရည်လူးခဲ့ပြီ။

 

တွန်းကန်တဲ့ ချော်ရည်ဖြင့်

မီးတောင်ပွင့်သလို

အချစ်ဆိုတဲ့အား

နှလုံးသားကိုတွန်းကန်

မှန်မှန်ခုန်တဲ့ နှလုံးအသည်း

လျှပ်ခြင်းကွဲမည်ထင်။

 

စနှိုးဝိုက် နဖူး

အာလာဒင်ခူးခြွေတဲ့အနမ်းကြောင့်

ညှိုးရာမှ လန်းတဲ့ပန်းလေးလို

ရောဂါဆိုသမျှ ပျောက်ခဲ့တယ်။

 

တဒင်္ဂအကြည့်

ထိမိတဲ့အသည်းနှလုံး

ဖြုန်းခနဲ နိုးထ

ကျောက်ဖြစ်စမှလေ။

 

မောင်ထိန်လင်း(မြို့သာ) ၁၉၉၈

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ကိုယ်ကျင့်တရား

 

ရွှေရောင်အနာဂါတ်ကို

လက်ယက်ဖိတ်ခေါ်နေစဉ်

အဖြူရောင်လိပ်ပြာ

ငါ့ရင်ထဲက ထွက်ခွာသွားခဲ့။

 

ငါကတော့

ငါ့အသည်းထဲက

ဟို…မည်းညစ်ညစ် သတ္တဝါကို

လုံ မှာ အတင်းထည့်

ရွှေဖြစ်ငွေဖြစ်ထိုးနေရဲ့။

 

မောင်ထိန်လင်း(မြို့သာ) ၁၉-၄-၁၉၉၉

 

 

 

 

 

 

 

 

လရောင်ပျောက်နေ့

 

မျက်စိနှစ်ကွင်းလုံး

ထိုးဖောက်တဲ့သူ

(သေတောင်မစဉ်းစားချင်တဲ့သူ……)

 

ဒါတောင်

စကြာဝဠာကို လွမ်းခဲ့………

*ဗီးနပ်ကို လွမ်းခဲ့……..

မင်္ဂလိကကို လွမ်းခဲ့……..

အပြစ်မဲ့ပါတယ်ဗျာ။

 

နေမင်းကြီးနဲ့အတူဆို

ပူပြင်းအရည်ပျော်စေ

ကြယ်မှုန်မွှားလေးလို။

 

ထားခဲ့……….ဟယ်ရီရယ်

ထားခဲ့တော့……

ငါ့ဝိဉာဉ်မှာ

မင်းရဲ့ ကိုယ်သင်းရနံ့တွေ

ဖိတ်စင်ကျန်ရစ်လို့ပေါ့။        ။

မောင်ထိန်လင်း(မြို့သာ) ၂၅-၆-၁၉၉၉

 

ရင်ခုန်နှစ်သစ် အလွမ်း

မတင့်ရေ

သရက်ပင်က သြဇာသီးမှည့်

ကြွေအကျ

ကောက်ယူဖို့ စောင့်မျှော်နေသူပါ။

 

လိပ်စာမဲ့ မီးပြတိုက်ကျွန်းက

ဒီလှိုင်းနဲ့အတူ မျောလာမယ့်

ပုလင်းလွတ်တစ်လုံးကို

အရှုံးမပေး

မျက်ခြေမပျက်

ခရုကောက်ကာစောင့်နေသူပါ။

 

ဥပါဒါန်ကြောင့် ဥပါဒ်ရောက်ရင်

အနမတဂ္ဂမှာ

ဘဝဆိုတာ ဘာလဲလို့

ရဲရဲကြီး မေးဝံ့ကြောင်း။

 

မောင်ထိန်လင်း(မြို့သာ) ၂၄-၁၂-၁၉၉၉

 

 

 

 

ချုပ်ရိုးဖြည်တဲ့ နေ့

 

ညနေမှာ နေဝင်တယ်ဆိုတာ

အခုမှ ငါ သိလိုက်ရတယ်။

 

ကြည့်စမ်း…………

မင်းမျက်ဝန်းတွေ နေညိုသန်းနေပြီပဲ။

 

သက္ကရာဇ် ၂၀၀၀ ပြည့်ဖို့ စက္ကန့် ၂၀ အလို

ပျယ်လွင့်ချုပ်ပျောက် ကောက်ယူလို့မရအောင်

မှုန့်သွားပြီပဲ၊ ဒါတောင်

ပန်းနုရောင်ဆံပင်တွေ ဖြီးသင်နေဆဲ။

 

မောင်ထိန်လင်း(မြို့သာ) ၂၃-၁-၂၀၀၀

 

 

 

 

 

 

 

 

 

ဘုရင်မ

 

ပြိုးပြက်တွေ ဝန်းရံတဲ့ ရောင်ဝါလေ

ရွှေသရဖူကိုဆင်လို့

ခြွေရံတော်တွေ အသနားခံနေရဲ့

မော်ဖူးစေ

 

အငေးတောမှာ အညတြလေး

လျှို့ဝှက်ပင့်ရှိုက်လို့

ကျောက်ဖြစ်စ နှလုံးသားဟာ

လှောင်ပြုံးပြုံးပြနေရဲ့။

 

ဒီလိုပဲပေါ့

ဘဝဆိုတာ

ကြွေတစ်လက် ကြက်တစ်ခုန်ပ

နှင်းဆီဆူးရဲ့ ပေကျံသွေးစကို

ဂုဏ်ယူပါ၏။

 

မောင်ထိန်လင်း(မြို့သာ) ၈-၆-၂၀၀၀

 

 

 

 

တစ်တီတူး အတွေး

 

အေးစက်စက်အပြုံးတွေ

လုံးဝန်းတဲ့သဏ္ဍာန်ရှိမှာ စိုးတယ်။

 

လှပတဲ့ ညနေခင်းမှာ

သင်းပျံ့တဲ့ ပန်းနုရောင်ဆံစကြား

တေးသွားရစ်သမ်တွေ

ထင်ကျန်ရစ်နေပါစေ။

 

ငါလေ

ဝိုင်ချိုချိုနဲ့

ရွှေဘိုကို မလွမ်းတတ်ဘူး

အနမ်းဦးရဲ့ နွေးထွေးမှုသာ

ဖွေရှာနေမိရဲ့။

 

မောင်ထိန်လင်း(မြို့သာ) ၁၁-၁၀-၂၀၀၀

 

 

 

 

 

 

နတ်ဆေးတစ်ဖုံ

 

ရင်ဘတ်က နှလုံးသား

ချွေးငွေ့နဲ့ စိုထိုင်းသွားသလား….

 

မလှမပ

အသက်ရှူရစဉ်

ကြယ်စင်တွေမှတ်သားရင်း

လရထားရှိရာ အချစ်ဘူတာကို

တွေ့လိုတွေ့ငြား

ဆေးသားပြယ်ခရီးသည်တစ်ယောက်….

 

မာ့ခတွန်း

ဂျိုကာသွန်းထု

အမှုတစ်ရာမက ပွေချင်ပွေ

လောကကြီးကို အားပါးတရ

ခနဲ့ကြမယ်လေ….

 

မောင်ထိန်လင်း(မြို့သာ) ၁၈-၄-၂၀၀၁

 

 

 

 

နတ်သမီးထောင်ချောက်

 

ဖွင့်ဟခွင့်မရတဲ့

အတွေးစတွေကို

အင်တင်တင်မျိုချရင်း

ဒီလို

ငါ … ကြီးပြင်းခဲ့ရပေါ့။

 

မုန်းမရတဲ့အဆုံး

ပြုံးပြဖို့  ခွန်အားစုရင်း

ဒီလို

ငါ… သက်ပြင်းချခဲ့ရပေါ့။

 

ဒါပေမယ့်လေ

အဆွေးတွေ … အဆွေးတွေ

ကဗျာစနဲ့ ထုပ်ပိုး

အထီးကျန် မိုးစက်ကြားမှာ

အညတြ ခရီးသွား ပါ အချစ်ရယ်…

 

မရတိုင်း

ရသက ချိုင်ရမယ်ဆိုရင်

နွေချိုတေးရဲ့ ဥသြသံကို

မခံစားနိုင်ပါဘူး

ဆောင်းတွင်းအိပ်မက်ကိုသာ

နှစ်သက်စွာ စွဲလမ်းသူပါ။

 

ပျော်ရွှင်ခြင်းနဲ့ ဆင်းရဲခြင်း အပေါင်း

လူ့ဘဝ ဖြစ်ကောင်းဖြစ်မယ်

နို့ပေမယ့်

တို့လက်နှစ်ဖက်နဲ့

မျက်ရည်စက်ဟူသမျှ

အပူတစ်စ မဖြစ်ထွန်းစေဘဲ

အကြင်နာမြှားနဲ့ ပစ်ခွင်းပေးမယ်။

 

မောင်ထိန်လင်း(မြို့သာ)  ၂၀၀၁

 

 

 

 

 

 

 

 

 

 

 

မာန်

 

အမြဲပြုံးနေရပေမယ့်

ရုပ်သေးရုပ်ဘဝ

အားမကျဘူး။

 

လေဟုန်ဆန် ကူးရပစေ…

စွန်တစ်ကောင်ရဲ့ တောင်ပံတစ်စုံကို

ရင်ခုန်တမ်းတတယ်။

 

မောင်ထိန်လင်း(မြို့သာ) ၁၃-၇-၂၀၀၁

 

 

 

 

 

 

 

 

 

 

 

အတောင်စုံသော်

 

ဒီအတောင်အလက်တွေ

ခွန်အားပြည့်ဖို့

ဘယ်သူဘယ်ဝါ

ကူညီဖေးလို့ သွေးသလဲ။

အသိုက်မှာရစ်သီ

မျက်ခြည်ပြတ်အောင်

ဘယ်လေပြင်းဆောင်မလဲ။

 

မိခင်…

နှလုံးသွေးသခင်။

ဖခင်…

အားသစ်ဘုရင်။

 

အနာဂတ်ကို တည်ဆောက်ခွင့်ပေးပါ တဲ့

လည်ဆွဲရတနာတွေ

လက်လွှတ်ရတော့မယ်။

ကဲပါလေ ငါ့အသည်းတွေပါ

လက်ဆောင်ယူသွားပါတော့။

 

မောင်ထိန်လင်း(မြို့သာ)  ၂၈-၈-၂၀၀၁

 

တောပန်းပန်တဲ့ မိန်းကလေး

 

အထင်ကရ ဘယ်မိန်းမလှက

ရှိုက်မက်မက်မွှေးကြူဖို့

စဉ်းစားပေးခဲ့သလဲ။

ဦးဦးဖျားဖျား နားပန်းဆံမှာ သ

ရွှင်ပြပြုံးပျော်ဖူးသလဲ။

ပဝါဖြူ ရစ်ခြုံသိုင်းထားတယ်လေ

အဲဒီတောင်မတ်မတ်က်တွေ မာန်တက်နေပုံများ

လှလို့လား…

ကြွယ်ဝလို့လား…

သို့မဟုတ်

ကြွကြွရွရွ ငယ်မူသွေးမို့လား…

တောပန်းဖွေးဖွေးဖြူ

လေယူတိမ်း ယိမ်းသမ

အေးမြချိုချို တေးကလေး ဆိုနေပုံများ

အပျော်ကူးစက်

ပန်းပင်လယ်ထဲ လက်ပစ်ကူးချင်ရဲ့။

အညတြ ဒီမိန်းကလေးက

အားပါးတရ မွှေးကြူ

အဖြူရောင်ပန်းတွေခူး

ဆူးလည်းမရှိ၊ မူးလို့ရှူစရာ ဂုဏ်ဒြပ်

တစ်စက်မရှိ

ကြင်နာခြင်း မေတ္တာတွေ

တာဝန်သိသိ၊ သိက္ခာရှိရှိ ခူးနေတယ်။

 

မောင်ထိန်လင်း(မြို့သာ) ၁၄-၁၀-၂၀၀၁

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

လမ်းခွဲကလေးများ

 

ကြီးကျယ်မြင့်မြတ်ခြင်း၊ သိမ်ငယ်နုံချာခြင်း

သဘောအနက် တစ်ဖြတ်တည်း ဖြစ်တယ်၊

မျှော်လင့်ခြင်းက

အတိအကျ ကွဲပြားစေမယ်။

 

ထင်ရှားပီပြင်မှု ကင်းမဲ့စေ

မြူလွင်ပုံရိပ်စတွေ

မျက်​ဝန်းမှာ ဖျတ်ဖျတ်မြူး

သေချာလွမ်းဖူးခဲ့ပါတယ်။

 

ဇာတ်လမ်းကြည့်ရှုနားဆင်ရင်း

မင်းသားဖြစ်ကြပေမယ့်

ဇာတ်ကနေရတဲ့ဘဝ

အလေးမမူကြဘူး။

 

ရည်မှန်းချက်နဲ့ အခြေအနေဟာ

ကတောက်ကဆဖြစ်တို်င်း

လက်ရှိဝါသနာ အရေခွံထပ်ထပ်လဲ

အရောင်မွဲနေပြီတဲ့။

 

တွဲလက်တွေ တဖြေးဖြေးဝေး

တိတ်တိတ်ကလေး မှင်တတ်နေပေမယ့်

မျက်နှာပြင်ပေါ် တေးမှတ်ပြီးပြီတဲ့။

 

ကိုယ်တိုင်ရေး အတ္ထုပတ္တိကို

အတွေးနဲ့ ပြန်လှန်အကြည့်

အထက်တန်းစားတင်စားမှုတွေလည်း

နေရောင်တောက်တောက်မှာ

ပျောက်လွင့်သွားတဲ့ ပုလဲဥတွေလို

ဟာသတစ်ခုအဖြစ် တင်ရစ်ခဲ့တယ်။

 

ငယ်ငယ်က ပင်လယ်ကြီးဖြစ်ချင်တဲ့စိတ်ဟာ

ခုချိန်မှာ

လမ်းခွဲတွေတွေ့တိုင်း

လမ်းညွှန်တိုင်စိုက်မိဖို့အားသန်နေတယ်။

 

မောင်ထိန်လင်း(မြို့သာ) ၂၀၀၁

 

 

 

 

 

 

 

ဆီးကြိုလှဲ့

 

အမှားကြာလို့ အမှန်ဖြစ်နေတဲ့

ငါ့နှလုံးသားကို

တိတ်တိတ်ထား ပြေးထွက်ခဲ့

မင်းရှိရာ အရပ်ဆီလေ

အကြင်နာလက်ပွေ့ဖက်

လတ်ဆတ်ရွှင်မဆုံး ပြုံးစေချင်တယ်ကွယ်

ထိုက်တန်တဲ့အကျိုးအဖြစ်

မိုးရယ် ရွာပါကွဲ့

မြင့်မြတ်တဲ့ ရေနဲ့

သန့်စင်တဲ့ မြေမှာ

ပေါက်ဖွားရှင်သန်မယ့်

အချစ်သစ်အပင်ပေါက်ကို

မြေတောင်မြှောက်ကြစို့။

 

မောင်ထိန်လင်း(မြို့သာ) ၂၀-၆-၂၀၀၂

 

 

 

 

 

 

မိန့်မူး

 

အို၊အက်စ်၊မာဒင်

စိတ်သည်ပင်…

လူ့ရုပ်သွင်ထုဆစ်

ပန်းပုဆရာဖြစ်သည်…

အချစ်…မင်းမြင်သလား

တွေ့များတွေ့ရင်

ပြုံးရွှင်မျက်နှာထား

စင်ဒရဲလား…တေးသွားလေချွန်

စိတ်မွှန်ပြိုးပြက်

ဟော…ဒပ်…ဒပ်…

စည်းချက်မမှန် နှလုံးသား

မသိမသာ ဖိဖိထားရတယ်

ဟယ်… ဘေးလူကြားမှဖြင့်။

မချင့်မရဲ

ရှုံးပွဲအလီလီ

ခါလီများနေတော့

ဆော့တတ်သူမျာလား

ငါ့အသည်းပါးပါး

ကြွေကာကျသွားမှဖြင့်။

 

မောင်ထိန်လင်း(မြို့သာ) ၂၀၀၂

ဓါး

လက်ထဲမှာ

ပဒုမရဲ့ လက်ထဲမှာ

ဓါးထက်ထက်တစ်လက်ရှိရဲ့

အမုန်းပင်တစ်ပင်မှ

မရှင်သန်စေရတဲ့။

 

ငါ… တစ်ယောက်တည်းနေတာတောင်

ရင်တွင်းကြပ်တင်း

သံယောဇဉ်ကြိုးတစ်စင်းလေ

ဒါ… သံသရာရှည်စေတာပေါ့

ဒီလိုတရားပြတော့

ဟာ…ဟ

အချစ်ကရယ်မော

ဒင်း ငါ့ကို ကြောနေတာ ကြာပြီ။

 

ပဒုမ

စားတော်အုပ်တွင်း

ပြည်တန်လက်စွပ်တစ်ကွင်း ထည့်သွင်း

ငါကတော့

ကြင်နာခြင်းမေတ္တာ

ရော့…ဘဝတစ်သက်စာ

ဒါ…ဒါ…ဒါ  ပေ   မယ့်   လေ    ။

 

အို… အသင်လောက

ယခု ကျွန်ုပ် ဘာမှ မတောင်းဆို

ဓါး…

ဓါးထက်ထက်တစ်လက်သာလိုသည်

သံယောဇဉ်ပင်

….ဘာပင်မှ မရှင်စေရ။

 

မောင်ထိန်လင်း(မြို့သာ) ၂၈-၈-၂၀၀၂

 

 

 

 

 

 

 

 

 

 

 

 

 

 

ဖွင့်ထားသော နှလုံးသား

 

သာလာယံဇရပ်

ခိုကပ်သူအများ

အားရဝမ်းသာ၊ ပျူငှာလှိုက်လှဲ

ဘဝနဲ့သစ္စာ မခွဲသလိုပေါ့။

 

ကြံကို ဝါးပြီး ထွေးထုတ်

ပညတ်အချိုရည်သာ စုပ်ယူရမှာမဟုတ်

ရုပ်ဝတ္ထုဆိုတာ

မမြဲခြင်းလို့ သဘောပေါက်အောင်

မျက်စိဒေါက်ထောက်ကြည့်မှာပေါ့။

 

စွဲလမ်းခြင်းမိစ္ဆာဟာ

ရင်တွင်းလိပ်ပြာအဖြူ ငြူစူကြိမ်းမောင်း

အရောင်ပြောင်းရင် မခက်လား

နှုတ်ဖျားက အပြုံးတစ်ချက်

အသက်မပါတာ သိလိုက်တော့

ကိုယ်ကျင့်သိက္ခာ

ပရမတ်သစ္စာသာ

ဘဝအရသာ

အဖိုးရှိဆုံးအရာပေါ့။

 

အတ္တအစွဲ

လွဲခဲ့တဲ့သဘောတရား

ပေါင်းစပ်ထားတဲ့ငှက်တစ်ကောင်

လှောင်အိမ်တံခါးဖွင့် လွှင့်လိုက်တော့။

 

မောင်ထိန်လင်း(မြို့သာ) ၆-၂-၂၀၀၃

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ဆုံတွေ့ချင်သည်

 

အလွမ်းသက်သက်

ဆုလာဘ်အဖြစ်ပေးခဲ့မယ်ဆိုရင်လည်း

လတ်ဆတ်အပြုံးတစ်ခုနဲ့

အံတုနိုင်မယ် မထင်ဘူးကွယ်။

 

ပန်းသခင်

ချိုမြပြုံးရွှင်၊ ချစ်ပွဲဝင်မယ်ထင်ခဲ့။

 

ကဗျာ

စကားဖောင်ဖွဲ့

စိုးစိမျှ မဲ့နိုင်မယ် မထင်ခဲ့။

 

မြသလွန်

အကြင်နာ အိတ်သွန်မှောက်

မေတ္တာပန်းတူယှဉ်ကောက်လို့

နိဗ္ဗာန်အရောက်သွား။

 

နေရစ်တော့ မကွေး

Never Say Goodbye

မင်းကိုပဲ တိုင်တည်တော့မယ်

မနက်ဖြန် နေ့တစ်ခါသစ်လို့

ငါ အချစ်ကိုတွေ့ရင်

ပြုံးပွဲဝင် အထိမ်းအမှတ်နဲ့

မြို့လုံးကျွတ် နှုတ်ဆက်မယ်။

 

မောင်ထိန်လင်း(မြို့သာ) ၂၀၀၃

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ပိုးဖလံ

 

ငါ

လိပ်ပြာတစ်ကောင်လို

ကောင်းကင်ထက် ပျံတက်စဉ်က

ယောနသံစင်ရော်အိပ်မက် မက်ခဲ့တယ်။

 

အသိစိတ်ဦးနှောက်

ငြင်းဆန်ချောက်ချားပေမယ့်

အများပြောတဲ့ နှလုံးသားကို

အားထားခဲ့တာ ဘာကြောင့်လဲ။

 

သိက္ခာနဲ့ရိက္ခာမြတ်စွန်း

တစ်ခွန်းမပြည့်တဲ့စကားစ

ချိုခါးခါးတစ်စက်

ရှိုက်မက်ခဲ့တာရော…..

 

နေရောင်ဟပ် ရွှေတောင်မှတ်

နက်နဲတဲ့ပညာနဲ့

လူတကာ ဆရာလုပ်နေပေမယ့်

ငါကိုယ်တိုင်

ပေါက်တူးတစ်လက်ထမ်းလို့။

မောင်ထိန်လင်း(မြို့သာ) ၁၅-၈-၂၀၀၃ ည ၁း၀၇

မှီတည်ရာ

 

ရေခဲတုံးကို လှေလုပ်ပြီး

သမုဒ္ဒရာထဲ ရွက်လွှင့်ခဲ့

တစ်စ တစ်စ

တိမ်အဖြစ် ရောက်သွားမလားပဲ။

 

ရေများရာ မိုးရွာ…တဲ့

အခိုးအငွေ့သက်သက်

မိုးရနံ့ ဆွတ်ပျံ့ချင်တယ်

တစ်ခါတစ်လေ ရေစော်နံတယ်။

 

ဘာပဲဖြစ်ဖြစ်

ကျောက်ဆစ်သမားလို

နောက်ဆုံးကျောက်ပဲ ဆစ်ချင်သလို

ငါလည်း မိုးနဲ့မြေကို ချစ်မယ်။

 

မှတ်မှတ်ရရ တွေးမိတော့

အဆွေးနဲ့ ဘောင်မချဲ့ချင်ဘူး

ဖြစ်ဖြစ်မြောက်မြောက်

ကျောက်တစ်လုံးပဲ သွေးတော့မယ်။

 

မောင်ထိန်လင်း(မြို့သာ) ၁၉-၈-၂၀၀၃

တေးမြုံနေတဲ့ ငှက်

 

ဆိုစမရှိတော့

တီတီတာတာ ကြည်နူးစရာကြုံလည်း

ရင်မခုန်ရဲဘူးလေ…

 

ကောင်းကင်ပြာရဲ့ ရင်ခွင်ထဲမှာ

ချွဲကာ နွဲ့ကာ

လူးလာပျံသန်း

အချစ်ပန်း နမ်းချင်တယ်။

 

နှလုံးသားဟာ နွမ်းနာကျ

ချိုမြတဲ့ အလွမ်းစ ရစ်ချည်

မြည်သံစွဲ အလင်္ကာနဲ့

ဋီကာချဲ့ချင်ဘူး။

 

မဆိုတတ် ဆိုတတ်

မပီကလာ ပီကလာနဲ့

လူတကာ ရယ်ခိုးမှာ စိုးလို့

တိတ်တခိုး တေးချို ဆိုနေရဲ့။

 

မောင်ထိန်လင်း(မြို့သာ) ၂၂-၈-၂၀၀၃

 

 

ဒဏ်ရာ

 

ကိုယ် ကိုယ်တိုင်ပါပဲ

ရင်မြေလွှာ ထွန်ခွဲခြစ်

ခဲရာခဲဆစ်နဲ့ နာကျင်မှု လစ်လျူရှု

အလွမ်းစေ့ အချစ်ပင်ပျိုး

နွေလယ်ခေါင်မှာ အကြင်နာမိုး

မျှော်ခိုးမိလေရဲ့။

 

ဆောက်တည်ရာမဲ့ (Free Electron လိုပေါ့)

တစ်ယောက်တည်း ဦးတည်ရာမဲ့

ရင်ခွင်အို အရိပ်စစ်

ဘာကြောင့်မနှစ်သက်

ငါ လမ်းအလယ်မှာ မတ်တပ်။

 

မင်းဟာ ကင်ဆာဆဲလိုရင်

ငါက ဖော့လစ်အက်ဆစ်ကျွေး

အသည်းတစ်ခွင်မှာ တယုတယ မွေးထားမိ

မချိတင်ကဲ ဘယ်သူသိမှာလဲ။

 

မနက်ဖြန်များစွာရှိသလား…

တကယ်ကော သိလို့လား…

မင်း…ကိုပါ

(ဟုတ်ပါ့ဗျား)

ဘီယာလို ယဉ်ယဉ်လေး မူးစေသူကိုပေါ့။

 

မောင်ထိန်လင်း(မြို့သာ) ၂-၅-၂၀၀၄

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မြေ

 

ငုံ့ကြည့်မနေနဲ့တော့ ပန်းကလေးရယ်

စွင့်စွင့်ငွါးငွါး

မင်းအထင်ကြီးလေးစားတဲ့

ပလီပလာ ဟိုး မိုးပြာပြာကိုသာ

အကြင်နာမိုး မျှော်ခိုးနေပေတော့။

 

မင်း ကိုးကွယ်တဲ့ နေမင်း

အရောင်အဆင်း၊ အာဏာနဲ့

မင်းကို ပွင့်ဖူးလာစေတယ်ဆိုတဲ့

မင်း မအိုမနာခင်

အရှင်စန္ဒာ တွယ်တာနိုင်ပါစေ။

 

မိုးအာကာ

ငါ မယှဉ်သာပါဘူးကွဲ့

လေပြေသွန်း

ချစ်စရာ တိမ်ပန်းပု ထွင်းထု

တုပမမီ ဆေးပန်းချီခြယ်

လူတကာ ရယ်ဖွယ်ဖွဲ့ လွမ်းဖွယ်ပြော

သြချစရာချည်းပါပဲ။

 

ငါ့မှာတော့

ရင်တဆတ်ဆတ်တုန်တတ်

မထုံတက်တေး နာခံတတ်တာက လွဲလို့

တစ်ခါတလေ ရွှင်မြူး

အချစ်ဖူး ဖူးပေးတတ်တာလွဲလို့

မမောတမ်း

အလုပ်ကြမ်း ကူလီထမ်းနိုင်တာလွဲလို့

ဟာဒယရွှင်ပြ

ဟာသတစ်ပုဒ် မဟုတ်ခဲ့ဘူးလေ။

 

လူထုစွဲလမ်းနှစ်သက်

ပုံပြင်ပြဇာတ်မဟုတ်

စာပေအရာတင်တဲ့

ဂန္ထဝင်လည်းမဟုတ်

မျက်ရည်တု တစ်စက်စက်ကျ

လွမ်းမပြတတ်

မိုးချုန်းလျှပ်ထစ်လျှပ်စီး

ဒေါသမကြီးတတ်တဲ့

ကိုယ်တည်းမှိတ်ကြိတ်ခံစား

ပကတိမြေသားပါကွဲ့။

 

မောင်ထိန်လင်း(မြို့သာ) ၂၂-၅-၂၀၀၄

 

 

ဘဂဝါ

သူရိန်နေမင်း

ဆောင်ကြဉ်းရောင်ဝါ၊ ထိန်ထိန်သာသို့

ငါတို့သခင်၊ ဗုဒ္ဓရှင်လည်း

မှောင်မိုက်မည်းတွင်၊ ခေါ်ငင်လမ်းစ

အလင်းပြ၏။

သတ္တလောက၊ ဘုံဋ္ဌာနတွင်

ဤပင်ကုသိုလ်၊ ထိုမှာအန္ဓ

ဓမ္မသည်သာ၊ အမောဟာဟု

တုပဟောပြော၊ ကျောသူမရှိ။

မင်္ဂလာအကြောင်း

နှစ်ပေါင်းများစွာ၊ သတ္တဝါတွေ

ထွေလီဆန်းပြား၊ ကြံစည်ပွားလည်း

လားလားမမှန်၊ မကြံနိုင်ခဲ့။

“မာတာယထာ၊ နိယံပုတ္တ”

အမိက သား၊ ရင်၌ထားကာ

မေတ္တာပွားသို့

လူကလူတွင်၊ လူလိုမြင်ရေး

တရားပေးခဲ့။

“အတ္တဟိ အတ္တနော၊ နာထော”

သဘောမှန်စွာ

မိမိကိုယ်သာ၊ ကိုးကွယ်ရာတဲ့

စိတ္တဥယျာဉ်၊ အချိုပင်စိုက်

နောက်လိုက်အကျိုး၊ မညှိုးဒိဋ္ဌ

သစ်သီးချိုချိုရမယ်တဲ့။            ။

 

မောင်ထိန်လင်း(မြို့သာ)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

မြစ်ကန်း

 

မိုးတိမ်တွေ

စနေနေ့တွေ

သစ်တောအုပ်တွေ

ပင်လယ်ပြာတောင်တန်းတွေ

အားကိုးနေပေမယ့်……..

 

အင်္ဂါဂြိုလ်ပေါ်မှာ

မိုးရွာခဲ့တဲ့ အထောက်အထား

ဘဝပြက္ခဒိန် အမှတ်မှားသလား…

မင်နီဝိုင်းရာ

ပြန်ရှာရဦးမယ်။

 

မေခ မလိခ မဆုံတဲ့အရပ်

ဇနက္ကသင်္ဘောပျက်သလို

မျက်ဝန်းဝတွေရဲ့ အလွမ်းမိုးတိမ်ကိုသာ

စိုးရွံ့ထိတ်လန့်နေတုန်း

နှစ်ပေါင်း ၃၀၀၀ ကျော်က မြစ်က

———–မြစ်ပါပဲတဲ့။

 

မောင်ထိန်လင်း(မြို့သာ) ၂၄-၂-၂၀၀၅

 

အိမ်မက်တွေ ဝေ့ဝဲနေတဲ့ တိမ်

 

နောက်ဆုံး စုတ်ချက်အထိပေါ့

အပြုံးနဲ့ တည်ငြိမ်နိုင်ပါစေ…..

ငါ … ပန်းချီဆရာ

ငါ … မိုဒယ်

ငါ … ခံစားသူ။

 

မိုးပြာနဲ့ တိမ်လွှာကြား

တွားသွားနေလေရဲ့

အတုပ်အနှောင်မဲ့

အဖွဲ့အချည်မဲ့

မေတ္တာပိုးမျှင်တွေသာ နွယ်ယှက်ထားခဲ့။

 

ဘဝဆိုတာ

မျက်ရည်စိုရွှဲနေတဲ့ တိမ်

ပန်းချီကားထဲက အိမ်ဆီ မျောနေတာပဲ

ရေငွေ့ထုကနေ အခြားရေငွေ့စု

တခြားရေငွေ့စုကနေ အခြား……..။

 

အိပ်မက်

ရေတွက်ကြည့်ရမယ်ဆိုရင်

ခု၊ ဆယ်၊ ရာ၊ ထောင်

သိန်း၊ သန်း၊ ကုဋေ…

ဒါလည်း အိပ်မက်တွေထဲက အိပ်မက်တစ်ခုပါပဲ။

 

မောင်ထိန်လင်း(မြို့သာ) ၆-၆-၂၀၀၅

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

သမားရိုးကျ

 

အနက်အဓိပ္ပါယ်တွေ လေးနက်ပျစ်တွဲမနေဘူး

စာအုပ်ထူထူထဲက စာလုံးကြီးတွေ ကင်းရှင်းတဲ့

မြစ်တစ်စင်း

တို့နှစ်ဦးကြား စီးဆင်းသွားပေမယ့်

လေပြေသွေးမရခဲ့။

 

ဗြဟ္မာကြီးနှစ်ဦးကို သနားခဲ့

ရိုမီယိုကို သနားခဲ့

အာဒမ်ကို သနားခဲ့

နောက်ဆုံး

အရင်က ငါ့ကိုယ်ငါလည်း သနားခဲ့။

 

တိတိကျကျ အဲဒီအချိန်က စပြီး

မင်းကို စိတ်ထဲထားမိ

သိ…မသိ

ရှိ…မရှိ

မိုက်ရူးရဲပဲ။

 

သြော်… ဒါနဲ့

မင်းလာမယ်ဆိုရင်

မြေပုံရှာခဲ့

လမ်းညွှန်တိုင် ဖတ်ခဲ့

ဂျီပီအက်စ် ယူခဲ့

အရေးကြီးဆုံးက

ရင်ခုန်သံ လွယ်အိပ်တစ်လုံးရောပေါ့။

 

မောင်ထိန်လင်း(မြို့သာ) ၁၀-၁၀-၂၀၀၅

 

 

 

 

 

 

 

 

 

 

 

 

 

 

 

အနတ္တဝါဒီ

 

မျက်လှည့်ဆရာ

ဘာတစ်ခုမှ မရှိတဲ့ အိတ်နက်ထဲက

တစ်ခုပြီး တစ်ခု ထုတ်ပြ….

……………………………

……………………………………..

အဏုမြူထဲမှာ

စကြာ​ဝဠာလို

သဘာဝရှိ…………..

……………………………………။

ဆဲလ်တစ်လုံးရဲ့ အော်ဂင်နယ်လ်တွေ

အလုပ်ရှုပ်

နာနိုစက္ကန့်တိုင်း

ဖြုတ်ကနဲ ကြွေ

ဖျတ်ကနဲ ဖြစ်

အဟဲ…

မင်းမရှိတဲ့အခါ

တရားရှာနိုင်ပါရဲ့

အင်း…..

အနတ္တ….အနတ္တ…..။

 

မောင်ထိန်လင်း(မြို့သာ) ၂၈-၁၁-၂၀၀၅

 

အသည်းငယ်တဲ့ မိုး

 

မှတ်မှတ်ရရပါပဲ (၁၉၉၈ နှောင်းပိုင်း)

ဆယ်တန်းအောင်ပြီးနှစ်

လူစင်စစ်က အငွေ့ဖြစ်သွားတယ်။

 

မိုးတိမ်တော့ မိုးတိမ်ပါပဲ

ဓါတ်ဖို ဓါတ်မတွေ စုစည်းလို့…..

ရေခဲမှုန် ဒြပ်နှောတွေ သယ်ဆောင်လို့……..

ဓါတ်ငွေ့တွေ ဓါတ်ငွေ့တွေ ဆွဲဆောင်လို့……။

 

ဒါပေမယ့်

အက်တမ်တိုင်းမှာ အီလက်ထရွန်တစ်လုံးလိုနေလို့

မျှော်လင့်ခြင်းနဲ့

ထုပ်စည်းနှောင်ထားရတယ်။

 

အဲဒီမိုးတိမ်ပါပဲ

လှပကမ္ဘာရဲ့ ဆွဲငင်အား

ချစ်ခြင်းမေတ္တာရဲ့ စီးလေးမှု

သံယောဇဉ် လေနှင်ရာလိုက်မျောရင်း

အချိန်နဲ့အတူ

တအိအိနိမ့်ဆင်းလာတယ်

ပန်းတစ်ပွင့်ကို ဗဟိုပြုရင်းပေါ့။

 

အဲဒီပန်းပွင့်ပဲပေါ့

နေရောင်ခြည်နုနုတွေ ခြေရှုပ်စဉ်

လေပြေညှင်းတွေ ကလူမြူစဉ်

ပျားပိတုန်းတွေ သွေးဆောင်စဉ်

ဖြုန်းကနဲ သွန်ချလိုက်တယ်

အေးတိအေးစက် နလပိန်းတုံးတွေကိုပေါ့…

တောင်ပံသိမ်း အကြည့်တွေကိုပေါ့…

တပွက်ပွက်ထ သံစဉ်တွေကိုပေါ့…

ဝေါကနဲ… ဝေါကနဲ… ။

 

အနှေးပြကွက်နဲ့ သည်းသည်းမည်းမည်း

ကြွေပြတုန်းကတော့

မြေ ကိုပဲ ကျေးဇူးတင်သလို မျက်လွှာချ

မိုးစဲနေ လာတော့မှ ခေါင်းမော့ ပြုံးပြ

မိုးရေတွေဟာ ပင်လယ်ထဲပဲ စီးဝင်သွားသလို

ဘယ်လိုလဲ မပန်းရယ်။

 

နောင်အခါ မိုးရွာရင်

အပြုံးနဲ့ ကြိုပါ ပန်း

ဒီကောင့်ရင်ထဲမှာ

မေတ္တာရေငွေ့တွေ တယုတယစုစည်းလို့…

ရင်ခုန်နှုန်း ဓါတ်ဖိုဓါတ်မ မွေးမြူလို့…

စိတ်ဆန္ဒလျှပ်ပန်း နွယ်ယှက်ရရဲ့။

 

အခါအခွင့်ကောင်းစောင့်နေရင်း

မျှော်လင့်ခြင်းစိုထိုင်းဆတွေ တွက်ချက်နေရရဲ့

မြေလို

နေလို

အသင့်မရှိပေမယ့်

မေတ္တာရေလိုမယ့် ရက် တွက်ချက်နေရရဲ့

ကံကြမ္မာလေနှင်ရာလိုက်ရင်း မျောရင်း

မျက်မှန်တစ်လက်နဲ့ ကမ္ဘာကို ငုံ့ကြည့်နေမြဲ။

 

မောင်ထိန်လင်း(မြို့သာ) ၈-၃-၂၀၀၆

 

 

 

 

 

 

 

 

 

 

ခေါင်းလောင်းထိုးပါ

 

အခိုးအငွေ့တွေ အုပ်ဆိုင်းပိတ်ဖုံးနေတဲ့အခါ…

သွားရည်အမြားမြားကျနေတဲ့အခါ…

မီး

တဟုန်းဟုန်း

တငွေ့ငွေ့လောင်ကျွမ်းနေတဲ့အခါ…

ခေါင်းလောင်းသံကြားရမလား

နားစွင့်လိုက်ပါ။

သင်ကိုယ်တိုင်

နေသာတဲ့နေ့၊

မဆာလောင်တဲ့နေ့၊

မိုးအေး လေအေး ချမ်းမြေ့တဲ့အခါ

ခေါင်းလောင်းထိုးပါ။

 

မောင်ထိန်လင်း(မြို့သာ) ၁၃-၁၂-၂၀၀၈

(ဆရာနန္ဒသိန်းဇံ၏ ခေါင်းလောင်းထိုးသူများ စာအုပ်ကို ခံစား၍)

 

 

 

 

 

 

ရတနာရွှေကြုတ်

 

အနေစုတ်ပေမယ့် ရွှေထုပ်တဲ့ မြပုဝါတဲ့

သားလား

သမီးလား

မညည်းတွားဘူး၊ သက်ဖူးငုံ။

 

ယုံလား

မယုံလား

မဝါကြွားဘူး၊ အသည်းတုန်။

 

သက်ဖူးငုံမို့

သန္ဓေသားဘဝ၊ အမေလောင်းစတော့

ချော့မော့ကျွေးမွေး

အားဆေးကလေးရော သီးစုံနှော။

 

အသည်းတုန်လို့

အမယ် မမ

တစ်ဆယ်သား အလေးတောင် မကြွရဘူး

လက္ခဏာထူးခြားတာနဲ့

အူယားဖားလျားပြေး

ဆရာမလေးတောင် မော။

မောင်ထိန်လင်း(မြို့သာ) ၂၃-၉-၂၀၁၀

 

ယနေ့ကမ္ဘာ

 

ကမ္ဘာ

ဖျားနာနေတာ ကြာပြီ။

တစ်ခါတလေ ကိုယ့်ကိုယ်ကို ရေပတိုက်

တစ်ခါတလေ အိမ်သုံးဆေးလေး မေးစမ်းသောက်နဲ့

ကမ္ဘာ

ဖျားနာနေတာ ကြာပြီ။

 

သူ့ရဲ့ အစိမ်းရောင် ပျှော်ရွှင်ခြင်းတွေ

ပလပ်စတစ် စိန်ကော်ဇောနဲ့ လဲလှယ်ခံခဲ့ရလို့

သူ့ရဲ့ ကိုယ်သင်းရနံ့တွေ

မီးခိုးအော်ဒီကလုံးနဲ့ လဲလှယ်ခံခဲ့ရလို့

ကမ္ဘာ ငိုကြွေးတဲ့အခါ

အသား တဆတ်ဆတ်တုန် ငိုကြွေးတဲ့အခါ

တရှိုက်ငင်ငင် ငိုကြွေးတဲ့အခါ

လူတွေက သဘာဝ ဆိုတာကို လက်ညှိုးထိုးပြတယ်။

 

သူက

ငါ အစာမကျွေးလို့ ဟင်းခိုးစားတဲ့ ကြောင်လေးလို

ငါ လိုက်ရိုက်လို့ ချောင်ခိုပုန်းနေတဲ့ ကြောင်လေးလို

ကမ္ဘာ

ဖျားနာနေတာ ကြာပြီ။

မောင်ထိန်လင်း(မြို့သာ) ၃၁-၁-၂၀၁၁

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

လူရွှင်တော်

 

သူတို့ဦးနှောက်ထဲမှာ

ထိုးဖောက်မြင်နိုင်တဲ့ တတိယမျက်လုံးရှိတယ်၊

သူတို့လျှာဖျား

သကာပျား ဆွတ်ထားပေမယ့်

မုတ်ခါးရည် တစ်စက် တစ်စက်ရောနေတတ်တယ်။

သူတို့တတွေဟာ

ငါတို့ဆန္ဒ ကြိုးဆွဲရာ ကနေရရှာတဲ့

နှလုံးသားရှိတဲ့ ရုပ်သေးရုပ်တွေ၊

တချို့ မထင်ပေါ်ပေမယ့်

ရွှင်ပျော်စေတတ်တဲ့ အနုပညာပြကွက်တွေရှိတယ်၊

တချို့ ဘဝခါးပေမယ့်

ဘဝကို ဂျိုကာလို ဟားတတ်တယ်။

သူတို့စိတ်တန်ခိုးနဲ့

အတိတ်ရဲ့ အရိပ်ဆိုးတွေ ဘယ်လိုမျိုး မေ့နိုင်ပါလိမ့်။

 

မောင်ထိန်လင်း(မြို့သာ) ၁၉-၅-၂၀၁၁

 

 

 

 

 

ရွှေရည်စိမ်

 

အစစ်လို့ ဘယ်လို ဟော ဟော

ရွှေသာဆို

ဗန်းထဲကျင်း ပွဲဈေးမခင်းဘူး။

 

တစ်လ နှစ်လခံပါတယ်

အရောင်မပြယ်ဘူးဆိုရင်

ရွှေမဟုတ်ဘူး။

 

လေးငါးခြောက်သိန်းတန်ကို

အိမ်ပြန်ကားခလောက်နဲ့ မရောင်းဘူး။

ကုန်ကုန်ပြောမယ်

လူပုံလယ် ဖျာခင်း တေးသီချင်းအော်ဆို

ငိုပြ ရယ်ပြ ဟာသဇာတ်ထုပ်ဖွ

အဲလိုရောင်းမှ စွံရင်

ရွှေမဟုတ်ဘူး။

 

မောင်ထိန်လင်း(မြို့သာ) ၂၉-၁၀-၂၀၁၀

 

 

 

Leave a comment